• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အမှုတော်ဆောင်ရှောင်သင့်သည့်အရာများ

အမှုတော်ဆောင်ရှောင်သင့်သည့်အရာများ
Ye Ming – RubyLand

၁။စာတန်ကျော့ကွင်းမမိအောင်၊အသင်းတော်ငွေကိုင်(ဘဏ္ဍာထိန်း)မလုပ်သင့်ပါ။ငွေမက်ပြီးအလှူငွေကိုမိမိကိုယ်ကျိုးအတွက်ယူသုံးမိနိုင်ပါသည်။(မဖြစ်မနေလုပ်ရမည်ဆိုရင်တစ်ဦးကိုတစ်ဦးထိန်းပေးနိုင်ရန်၂-၃ဦးပေါင်းဘဏ်စာရင်းဖွင့်မှသာလုပ်သင့်သည်)။

၂။ယုံကြည်သူများထံငွေမချေးသင့်ပါ။ငွေလာချေးသူကိုလည်းမချေးငှားဘဲကူညီနိုင်သလောက်သာကူညီပါ၊ချေးပေးလိုက်မည်ဆိုပါက”ပြန်မပေးလဲရသည်”ဆိုသည့်အထိခံယူနိုင်မှပေးပါ။မဟုတ်လျှင်ငွေကြေးပြဿနာဖြစ်လာနိုင်သည်။

၃။သမ္မာတရားထက်မိမိကိုထောက်ခံလာသူများလာအောင်မလုပ်သင့်ပါ။မဟုတ်လျှင်ယုံကြည်သူများဆရာစွဲဖြစ်လာကြပြီးအသင်းတော်ကွဲလာနိုင်သည်။

၄။အသင်းသားကိုရန်ငြိုးထားပြီးပလ္လင်ပေါ်ကနေတရား‌ ဟောသလိုဖြင့်ပါစင်နယ်တိုက်ခိုက်တာမျိုးမလုပ်သင့်သလို၊အများရှေ့ဆုတောင်းတဲ့အခါအခြားသူကိုတိုက်ခိုက်ဆုတောင်းတာမျိုးလဲလုံးဝမလုပ်သင့်ပေ။

၅။အပြည့်အစုံဆုတောင်းတာကလွဲလို့ကျန်တာကိုလိုရင်းတိုရှင်းသာဆုတောင်းပါ၊ဥပမာထမင်းစားဆုတောင်းခိုင်းတာကိုဆယ်မိနစ်လောက်မတောင်းသင့်ပါ။

၆။စာအိတ်အမြဲပေးတဲ့ချမ်းသာတဲ့အသင်းသားဆီတော့အမြဲသွားဆုတောင်းပေးတတ်ပြီး၊ဘာမှမပေးနိုင်တဲ့ဆင်းရဲသားအိမ်တော့တခါမှမရောက်ဖြစ်တာမျိုးမလုပ်သင့်ပါ။အသင်းတော်မှာချမ်းသာသူကိုနေရာပေးပြီး၊ချမ်းသာသူ‌တွေအပြစ်လုပ်နေရင်လဲ(အလှူငွေများများထည့်လို့)မပြောဝံ့ဘဲကာကွယ်ပေးနေတာမျိုးမလုပ်သင့်ပါ။

၇။တရားဒေသနာနှင့်ဆက်ကပ်မည့်အစီစဉ်တာဝန်ကျပါကအချိန်‌ပေးပြီးသေသေချာချာကြိုတင်ပြင်ဆင်ထားဖို့ရန်လိုအပ်ပါသည်။ အချိန်ရောက်မှကမန်းကတန်းCopy‌ကော်ပီတရား‌‌စွဲဟောတာမျိုး၊ဖုန်းထဲကသီချင်းတပုဒ်ကမန်းကတန်းထစွဲပြီးအတူဆိုခိုင်းတာမျိုး၊CကီးတီးပြီးGကီးနဲ့ အော်ဆိုနေတာမျိုး မလုပ်သင့်ပေ။

၈။ပုံသက်သေပျက်စေသောအရက်၊ဆေးလိပ်၊ကွမ်းယာ၊ငုံဆေးများမသုံးဆောင်သင့်ပါ။အသင်းသားများအကုန်လိုက်လုပ်လာနိုင်သည်။

၉။လုံလောက်သောထောက်ပံ့ငွေရှိလျှင်စီးပွားရေး(လုံးဝ)မလုပ်သင့်ပါ။အမှုတော်မြတ်ထက်စီးပွားရေးလိုင်းထဲပါသွားနိုင်သည်။တချို့အမှုတော်ဆောင်ကအသင်းသားအိမ်လည်ပတ်ဆုတောင်းပေးသလိုလိုနှင့်အသင်းသားတွေကိုစီးပွားရေးမားကတ်တင်းဆင်းနေပါတယ်၊ရလဒ်ကတော့ပြဿနာတွေအကွဲအပြဲပါဘဲ၊အထူးဆင်ခြင်သင့်ပါပေတယ်။

၁၀။ထာဝရနိုင်ငံတော်အတွက်အလုပ်လုပ်နေတာမို့ခေတ္တနိုင်ငံရေးထဲအမြဲမပါဝင်သင့်ပါ။ဦးတည်ချက်ပန်းတိုင်လွဲသွားနိုင်သည်။

၁၁။အချိန်ကိုလေးစားမှုရှိပါ။၁နာရီဝတ်ပြုစမည်ဆိုရင်ဘယ်နှစ်ယောက်ဘဲရှိရှိအတိအကျစတင်ပါ။ဝတ်ပြုပြီးနောက်မှာလူငယ်/သတ်လက်/အမျိုးသား/အမျိုးသမီးစသဖြင့်မိသဟာရဝတ်ပြုခြင်းများထပ်ရှိသေးပါက စုပေါင်းဝတ်ပြုချိန်ကိုအတိအကျပြီးဆုံးပါစေ။မဟုတ်လျှင်‌အနောက်မှာစီစဉ်ထားတဲ့အချိန်တွေအကုန်ဖရိုဖလဲဖြစ်ကုန်မည်။ကိုယ့်ရဲ့တရားဟောရှည်မှုကြောင့်ကျန်တဲ့ဝတ်ပြုခြင်းအစီစဉ်မပြိုကွဲပါစေနှင့်။

၁၂။မိသားစုကလွဲလို့ကျား/မ အကြာကြီးဖက်ရမ်း ဆုတောင်းပေးတာမျိုး၊နှစ်‌ယောက်သားအကြာကြီးတရားပြတာမျိုး၊နှစ်‌ယောက်သားသွားလာတာမျိုးရှောင်သင့်ပါသည်။အမျိုးသားဆိုရင်အမျိုးသားအမှုတော်ဆောင်မှ၊အမျိုးသမီးဆိုရင်အမျိုးသမီးအမှုတော်ဆောင်ကသာကိုယ်ထိလက်ရောက်ကူညီသင့်ပါသည်။မဟုတ်လျှင်ကျား/မ ကိစ္စပြဿနာဖြစ်လာနိုင်သည်။

၁၃။ပလ္လင်ပေါ်တော့တရားပြပြီးမှနောက်ကွယ်မှာတော့ယုံကြည်သူများရဲ့အတင်းအဖျင်းတုတ်တဲ့အကျင့်ရှောင်သင့်ပါသည်။လူရှေ့တမျိုးကွယ်ရာတမျိုးမလုပ်သင့်ပါ။

၁၄။အာဏာရှင်လိုဒီအသင်းတော်မှာငါအကြီးဆုံးဘဲဆိုပြီးအမိန့်လိုက်ပေး/လိုက်ဟောက်တာမျိုးမလုပ်သင့်ပါ၊တာဝန်ကိုခွဲခန့်ပြီးနှိမ့်ချစွာနူတ်ကပတ်တော်အတိုင်းသာဦးဆောင်သင့်ပါသည်။

၁၅။အခြားအမှုတော်ဆောင်နှင့်အသင်းတော်ကိုမနာလိုဖြစ်ပြီးတိုက်ခိုက်တာမျိုးမလုပ်သင့်ပါ။အယူလွဲကိုထောက်ပြမည်ဆိုရင်တောင်ပါစင်နယ်တိုက်ခိုက်တာမျိုးမပြုဘဲသြဝါဒကိုသာတိတိကျကျထောက်ပြသင့်ပါသည်။

၁၆။သူတပါးဘာသာကိုကဲ့ရဲ့ချိုးနှိမ်ပြီးတရားမဟောသင့်ပါ။ဥစ္စာပေးပြီးဘာသာမဆွယ်သင့်၊ဘာသာအတင်းမသွတ်သွင်းသင့်ပါ။မဟုတ်လျှင်ဘာသာရေးမီးလောင်လာနိုင်သည်။

၁၇။လူတစ်‌ယောက်ပြောင်းလဲလာလျှင်ငါဟောလိုက်လို့သူ ပြောင်းလဲလာတာဟုမဆိုသင့်ပါ။ထို့အတူလူတစ်ယောက်ကျန်းမာလာလျှင်ငါဆုတောင်းပေးလိုက်လို့ဟုမဝါကြွားသင့်ပေ။ဒါငါတည်‌ထောင်ထားတဲ့အသင်းဆိုတာမျိုးပိုပြီး‌ ရှောင်သင့်ပါသည်။လူကိုပြောင်းလဲစေတာ၊ကျန်းမာစေတာ၊အသင်းတော်ဖြစ်စေတာဝိညာဉ်တော်ဘုရားသာဖြစ်ပါသည်။အမှုတော်ဆောင်သည်အသုံးတော်ခံသာဖြစ်ကြောင်းနားလည်ဖို့လိုသည်။ဘုရားကိုသာဘုန်းပေးသင့်ပါသည်။

၁၈။ကိုယ်မှန်နေရင်တောင်ရန်ပြုခြင်းနှင့်ဆဲဆိုရိုင်းစိုင်းခြင်းများမပြုလုပ်သင့်ပါ။ကိုယ်မှန်တယ်ထင်တဲ့အရာတခုကိုခုခံကာကွယ်မှုကြောင့်အသင်းတော်ကွဲဖို့ဖြစ်လာမယ်ဆိုလျှင်တလုံးတဝဖြစ်‌စေဖို့အများသဘောသာလက်ခံသင့်ပါသည်(အကယ်၍မိစ္ဆာအယူလွဲဆိုရင်အဆုံးတိုင်ခုခံကာကွယ်သင့်ပါသည်။မိစ္ဆာအယူလွဲမဟုတ်ဘဲလက်ခံပေးလို့ရတဲ့အရာတွေပေါ်မိမိအတ္တစိတ်ကြောင့်ငါပြောတာဘဲလက်ခံရမယ်ဆိုပြီး အသင်းတော်မကွဲပါစေနှင့်)။

၁၉။လွယ်လွယ်ကတိမပေးသင့်ပေ။ပေးလိုက်သည့်ကတိစကားကိုလည်းမှတ်မှတ်မိမိကတိတည်လုပ်ဆောင်သင့်ပါပေသည်။သင်မမှတ်မိရင်တောင်အသင်းသားတွေကအမြဲမှတ်ထားတာမို့ကတိမေ့သွားရင်သေချာတောင်းပန်သင့်ပါသည်။

၂၀။တရားဟောသလိုလိုနှင့်သင်ဘယ်လောက်ခက်ခဲနေကြောင်းမတင်ပြသင့်ပါ၊ဆုတောင်းပေးသလိုလိုနှင့်အလှူခံသလိုလိုဆုမတောင်းသင့်ပေ။သင့်လိုအပ်ချက်ကိုလူရှေ့ပြောပြတောင်းဆိုတာထက်ဘုရားဆီတင်ပြသင့်ပါသည်။

၂၁။ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေများကို”မထည့်မရ”ဟုအတင်းအမိန့်ပေးစည်းကမ်းထုတ်တာမျိုးမလုပ်သင့်ပေ။ ကျေးဇူးတင်သောစိတ်ဖြင့်ပေးလှူတတ်လာအောင်ကျမ်းစာအားဖြင့်သာသေချာရှင်းပြခွန်အားပေးသင့်ပါသည်။

၂၂။ပလ္လင်ပေါ်မှာဖုန်းကိုဘဲငုံ့ပွတ်နေတာမျိုးရှောင်သင့်ပေသည်။ပလ္လင်အောက်ရောက်လျှင်လဲဖုန်းအမြဲငုံ့ပွတ်တာမျိုးမလုပ်ဘဲဝတ်ပြုအစီစဉ်ကိုသာအာရုံစိုက်ပါဝင်သင့်ပါပေသည်။

၂၃။အသင်းတော်ရှိပြီးသား(ယုံကြည်ပြီးသား)လူကြားထဲနောက်ထပ်အသင်းတော်အသစ်သွားမထူထောင်သင့်ပေ။အသင်းတော်သစ်ထူထောင်ပြီးအခြားအသင်းသားများကိုဆွဲဆောင်တာမျိုး(သိုးခိုးခြင်း)လည်းရှောင်သင့်ပေသည်။

၂၄။ပလ္လင်ပေါ်တာဝန်ကျတဲ့အခါအမျိုးသမီးအမှုတော်ဆောင်တွေဟိုပေါ်ဒီပေါ်အဝတ်မျိုးရှောင်ပါ၊အမျိုးသားအမှုတော်ဆောင်တွေသန့်သန့်ပြန့်ပြန့်ဝတ်စားဆင်ယင်ပါ။ဖြစ်သလိုပန်တိုလေးနဲ့ဆံပင်ဖားယားအဝတ်ကျဲတဲမနေသင့်(ခေတ်ရေစီးကြောင်းလိုက်ပြီးဆံပင်‌‌ရောင်စုံ၊နားကပ်တပ်၊ချိန်းကြိုးဝတ်တာမျိုး‌လည်းရှောင်ပါ)။ဘုရင်တကာဘုရင်၊အရှင်တကာအရှင်၊ဘုရားတကာဘုရားသခင်‌ရဲ့အမှုတော်ထမ်းရွက်နေတာမမေ့သင့်ပါ။

ဒီလိုပြောလိုက်လို့ ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်မှအမှုတော်ဆောင်ရမယ်လို့မဆိုလိုပါ။မပြည့်စုံကြသူဘဲမို့အမြဲသတိထားပြီးရှောင်ကြဖို့ရန်မေတ္တာရှေ့ထားသတိပေးလိုက်ပါတယ်။
ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။
မူရင်း-ဆရာရဲမင်း
https://www.facebook.com/100001226263944/posts/24088701587420714/