• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မင်္ဂလာရှိသောသေခြင်း

နိဒါန်း
သေတယ်ဆိုတာလူတိုင်းမနှစ်သက်သလိုမကြုံချင်ကြတဲ့အရာဖြစ်ပါတယ်။တနည်းအားဖြင့်အမင်္ဂလာဖြစ်တယ်လို့လူတိုင်းခံယူကြပါတယ်။ဒါပေမယ့်ထူးခြားတာကခရစ်ယာန်သမ္မာကျမ်းစာ(ဗျာဒိတ်ကျမ်း၁၄:၁၃)မှာတော့သေခြင်းတမျိုးဟာမင်္ဂလာရှိတယ်လို့ဆိုထားပါတယ်။ဒီသေခြင်းတမျိုးဟာ“သခင်ဘုရား၌သေခြင်း”ပါဘဲ။အဓိပ္ပာယ်ကယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံတဲ့လူတစ်ယောက်ရဲ့သေခြင်းဟာမင်္ဂလာရှိပါသတဲ့။ဒါဆိုရင်ဘာတွေမင်္ဂလာရှိနေသလဲကြည့်ရအောင်…။

၁။ကောင်းကင်ချက်ချင်းဝင်ရလို့ပါ။
သမ္မာကျမ်းစာရှင်လုကာ၂၃:၄၃မှာ“ယေ​ရှု​က​လည်း၊ငါ​အ​မှန်​ဆို​သည်​ကား၊ယ​နေ့​တွင်သင်​သည်ငါ​နှင့်​အ​တူပ​ရ​ဒိ​သု​ဘုံ(ကောင်းကင်ဘုံ)၌​ရှိ​လိမ့်​မည်​”လို့ ယေရှုကိုယ်တိုင်တချိန်ကသူ့ကိုယုံကြည်လက်ခံတဲ့သူကိုပြောခဲ့တာပါ။တနည်းအားဖြင့်‌‌ ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူသေခဲ့ရင်ကောင်းကင်ဘုံကိုဝင်စားရမှာမို့ ဒီသေခြင်းဟာမင်္ဂလာရှိတယ်လို့‌ဆိုတာပါ။(နောက်ဆုံးအချိန်မှာတော့အခြားယုံကြည်သူတွေနဲ့အတူကောင်းကင်သစ်မြေကြီးသစ်ထဲပြန်ဝင်ရပါအုံးမယ်)။

၂။ပင်ပန်းခြင်းငြိမ်းခွင့်ရလို့ပါ။
သမ္မာကျမ်းစာဗျာဒိတ်ကျမ်း၁၄:၁၃မှာ“တစ်​ဖန်​တုံ၊ ကောင်း​ကင်​အ​သံ​ကား၊ ယ​ခု​မှ​စ၍ သ​ခင်​ဘု​ရား၌ သေ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏​ဟု ရေး​ထား​လော့​ဟု ပြော​ဆို​သည်​ကို ငါ​ကြား၏။ ဝိ​ညာဉ်​တော်​က​လည်း၊ ထို​သို့​မှန်​ပေ၏။ ထို​သူ​တို့​သည် ပင်​ပန်း​ခြင်း ငြိမ်း​မည်​အ​ကြောင်း​ရှိ၍”လို့ဆိုထားပါတယ်။
လူတစ်ယောက်လောကကြီးထဲမွေးဖွားလာရင်အားလုံးပျော်ကြပေမယ့်၊ကာယကံရှင်ကတော့ငိုပြီးရောက်လာခဲ့ပါတယ်။လောကဓံတရားကိုရှေ့လျှောက်နှစ်ရာချီခံရတော့မှာသူသိနေလို့ဖြစ်ပါမယ်။လူ‌တစ်ယောက်လောကကြီးကထွက်ခွာသွားရင်အားလုံးကဝမ်းနည်းငိုကြွေးကြပေမယ့်၊ကာယကံရှင်(ယုံကြည်သူ)အတွက်တော့ငြိမ်းချမ်းသွားတာမို့ငိုပြီးသေသွားတာသိပ်မရှိပါဘူး။
ရှင်းရှင်း‌ပြောရရင်ခရစ်တော်၌သေခြင်းဆိုတာအိုခြင်း၊နာခြင်း၊သေခြင်း၊စိုးရိမ်ခြင်း၊မျက်ရည်ကျခြင်း၊ဝမ်းနည်းခြင်း၊ဖျားနာခြင်းအကုန်အကြန်မရှိတော့တာပါ။ငြိမ်းချမ်းစွာ‌၊ပျော်ရွှင်စွာအနားယူနေခွင့်ရတာမို့ဒါကိုမင်္ဂလာရှိတယ်လို့ဆိုပါတယ်။

၃။ဆုလာတ်သရဖူများရရှိလို့ပါ။
သမ္မာကျမ်းစာဗျာဒိတ်ကျမ်း၁၄:၁၃‌ ရဲ့နောက်ဆုံးတခွန်းမှာ“သူ​တို့၏ အ​ကျင့်​တို့​သည်​လည်း သူ​တို့​နှင့်​အ​တူ လိုက်​ကြ၏​ဟု မိန့်​တော်​မူ၏။”လိုရေးထားပါတယ်။
ဒါကိုကြည့်မယ်ဆိုရင်ယုံကြည်သူခရစ်ယာန်‌ တွေအတွက်တမန်လွန်မှာမိမိလုပ်ခဲ့တဲ့အတိုင်းဆုလာတ်သရဖူတွေသိုထား‌ ပေးကြောင်းနားလည်ရပါမယ်။အားနည်းချက်တွေရှိခဲ့ပေမယ့် ယေရှုခရစ်ကြောင့်အဲဒါကိုကောင်းကင်မှာစီရင်အပြစ်‌ ပေးတော့မှာမဟုတ်ဘဲ၊ဆုလာတ်သရဖူတွေတပွေ့တပိုက်ရရှိမှာဖြစ်ပါတယ်။ဒါ ကြောင့်ခရစ်တော်၌သေခြင်းဟာမင်္ဂလာရှိတယ်လို့ဆိုပါတယ်။

နိဂုံး
သေခြင်းဆိုတာကြောက်ရပြီးမကောင်းတဲ့မိစ္ဆာလို့မှတ်ရပေမယ့်၊ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူအတွက်တော့
၁။ကောင်းကင်ဝင်ရခြင်း
၂။ငြိမ်းချမ်းစွာအနားယူခြင်း
၃။ဆုလာတ်သရဖူရရှိခြင်း မို့
ဒီသေခြင်းဟာမင်္ဂလာရှိလာတာပါ။
မိတ်ဆွေသင်လည်းသေခြင်းကိုယခုထိကြောက်နေရရင်ယေရှုခရစ်ကိုအမြန်ယုံကြည်လက်ခံလိုက်ပါ။ထာဝရမင်္ဂလာခံစားရပါလိမ့်မယ်။အာမင်။