ဇက္ခဲ(သို့)အပြစ်သားတဦးရဲ့ပြောင်းလဲခြင်း
(အခြေပြုကျမ်း-လုကာ၁၉:၁-၁၀)
နိဒါန်း
အားလုံးဘဲခရစ်တော်၌မင်္ဂလာပါ။သမ္မာကျမ်းစာထဲမှာအပြစ်သားတွေပြောင်းလဲလာတဲ့အကြောင်းအရာအများကြီးမှတ်တမ်းတင်ထားပါတယ်။ဒီထဲမှာရှင်လုကာ၁၉:၁-၁၀ထဲကအပြစ်သားတဦးရဲ့အံ့ဩဖွယ်ပြောင်းလဲမှုအကြောင်းနဲ့ခွန်အားပေးချင်ပါတယ်။လူပုလေးဆိုလိုက်တာနဲ့ယုံကြည်သူတိုင်းလိုလိုကြားဖူးနားဝဖြစ်နေတဲ့ပုံပြင်လေးပါ။မှန်ပါတယ်၊ဒီလူပုလေးဟာဇက္ခဲလေးဘဲဖြစ်ပါတယ်။သူဘယ်လိုလူဖြစ်ပြီးဘယ်လိုပြောင်းလဲသွားသလဲဆိုတာဝေငှခွန်အားပေးချင်ပါတယ်။
၁။ငွေချမ်းသာပြီးစိတ်ဆင်းရဲတဲ့ဇက္ခဲ
ဇက္ခဲဟာငွေချမ်းသာတဲ့လူတယောက်ပါ။ဘာကြောင့်ငွေချမ်းသာနေရလဲဆိုတော့လူတွေဆီကနေညစ်လာတဲ့ငွေတွေကြောင့်ပေါ့ဗျာ။ပြောရမယ်ဆိုရင်သူ့အလုပ်ကလဲအဲဒီခေတ်နဲ့ပြောရရင်ငွေညစ်ဖို့အင်မတန်ကောင်းတဲ့အလုပ်ဖြစ်တဲ့အခွန်ခံမို့ပါ။အခွန်ခံတောင်ရိုးရိုးအခွန်ခံမဟုတ်အခွန်ခံတွေရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။အခွန်ခံဆိုတာယနေ့ခေတ်နဲ့ပြောရရင်အစိုးရဝန်ထမ်းဖြစ်တဲ့စည်ပင်ဝန်ထမ်းပြောရင်မှားမယ်မထင်ပါဘူ။ဒီလိုအခွန်ခံတွေမှာသစ္စာရှိရှိလုပ်သူရှိကြပေမယ့်သခင်ယေရှုခေတ်ကအခွန်ခံတွေကတော့များသောအားဖြင့်ငွေညစ်ပြီးကောက်ခံကြသူတွေပါ။ပိုဆိုးတာကကိုယ့်လူမျိုးအချင်းချင်းငွေညစ်ပြီးသူများကိုလုပ်ကြွေးနေတဲ့နိုင်ငံ့သစ္စာဖောက်တွေပါဘဲ။ဘာကြောင့်လဲဆိုတော့ယေရှုခရစ်တော်ခေတ်ကဣသရေလနိုင်ငံဟာရောမလက်အောက်ကျရောက်နေပြီးရောမဘုရင်ကတဆင့်ဣသရေလလူမျိုးတွေကိုပြန်အသုံးပြုပြီးကိုင်သွယ်အုပ်ချုပ်နေတဲ့ခေတ်ပါ။ဒါကြောင့်ဒီအခွန်ခံတွေလဲရောမတွေကဘဲဣသရေလလူတွေကိုခန့်ပြီးမိမိလူအအချင်းချင်းအခွန်ကောက်ခိုင်းနေတာပါ။ဒါပေမယ့်ဒီခန့်ထားခံရတဲ့အခွန်ခံတွေဟာရောမလူတွေကောက်ခိုင်းတဲ့အရေအတွက်ထက်ပိုပြီးကောက်နေတတ်ကြလို့အခွန်ခံတွေကိုဣသရေလလူတိုင်းမုန်းကြပါတယ်။ဒါကြောင့်အခွန်ခံတွေကိုအဲဒီခေတ်ကနိုင်ငံသစ္စာဖောက်လို့လဲသတ်မှတ်ကြတာပါ။အခွန်ခံတွေဟာငွေပိုကောက်လို့အခွန်ခေါင်းဆောင်လုပ်သူတွေဟာချမ်းသာကြတာပါ။ဒါကြောင့်ကျမ်းစာထဲမှာဇက္ခဲကိုငွေရတတ်သောသူလို့ဖော်ပြထားတာပါ။
ဇက္ခဲဟာသူ့လူမျိုးအချင်းချင်းခေါင်းပုံဖြတ်သူမို့လူမုန်းခံနေရသူပါ၊ချစ်သူခင်သူဆိုလို့မရှိသလောက်ပါဘဲ၊သောက်ဖော်စားဖက်နဲ့ငွေမျက်နာထောက်ပြီးဟန်ဆောင်ထားတဲ့အပေါင်းသင်းဘဲရှိပါလိမ့်မယ်။ဇက္ခဲဆိုတာဒီလိုငွေချမ်းသာပေမယ့်စိတ်ရင်းနဲ့ချစ်ခင်သူမရှိတဲ့သူဌေးသားလိုပြောရမှာပါ။သူကိုယ်၌ကလဲဒါတွေကိုဂရုမစိုက်ဘဲငွေနောပ်လိုက်ခဲ့တာကြောင့်ပါ။သူ့မှာနေ့တိုင်းငွေရေတွက်စာရင်းလုပ်တာကလွဲလို့ပျော်ရွှင်မှုဆိုတာမရှိသလောက်ပါ။နေ့စဉ်နေ့တိုင်းငွေအိတ်လိုက်ဝင်နေပေမယ့်သူတကယ်ကောပျော်ရွှင်ရဲ့လား?ခုခေတ်စကားနဲ့ပြောရရင်တိုက်နဲ့ကားနဲ့နေ့တိုင်းအကောင်းစားအစားအစာနဲ့၊နောက်ပြီးဘဏ်မှာစုငွေအများကြီးနဲ့ဟန်ဆောင်ကောင်းတဲ့နောက်လိုက်တသိုက်နဲ့၊အပေါ်ယံကြည့်ရင်ပျော်နေသယောင်ပါ။တကယ့်အတွင်းထဲကသရုပ်မှန်ကတော့ငြိမ်သက်ခြင်းမရှိဘဲစိတ်ဆင်းရဲနေရသူသာဖြစ်ပါတယ်။ငွေရှိရင်အကုန်okမယ်ထင်ထားပေမယ့်ငွေရှိလာတော့ပိုပြီးမပျော်မရွှင်ဖြစ်နေတဲ့အနေထားပါ။
တနေ့တော့ယေရှုဆိုတဲ့သူအကြောင်းဇက္ခဲနားထဲရောက်လာတယ်။သူနေတဲ့မြို့ကိုယေရှုလာမယ်ဆိုတဲ့သတင်းပါ။အမှန်တော့ဒီယေရှုဆိုတဲ့လူအကြောင်းဇက္ခဲအမြဲကြားကြားနေခဲ့ရတာပါ။အနာရောဂါငြိမ်းစေသူ၊သေသူရှင်စေသူ၊ဆိုးသူလိမ်မာစေသူ၊လူသူမရွေးမေတ္တာထားသူ…ကုန်ကုန်ပြောရရင်သူ့လိုအခွန်ခံဖြစ်တဲ့မဿဲတောင်ဒီဝင်ငွေကောင်းတဲ့အခွန်ခံအလုပ်ကိုစွန့်ပြီးယေရှုနောက်လိုက်တဲ့အထိဆိုတော့ဒီယေရှုကဘယ်လောက်စွမ်းနေလို့လဲ?စိတ်ဝင်စားနေတာတော့ကြာပါပြီ၊သူ့လိုပုနေမလား?မဲလားဖြူလား?ပိန်လားဝမလား?ဘယ်လိုပုံစံရှိလဲ?နောက်လိုက်တွေကလဲနည်းတဲ့လူအုပ်ကြီးမဟုတ်ဘူး၊သူလာတာနဲ့တမြို့လုံးအုပ်အုပ်သဲသဲဘဲ၊(ခုခေတ်ဘောလုံးပွဲနဲ့ဖျော်ဖြေပွဲထက်ပိုစည်ကားနေလောက်တယ်)ဒီလောက်နာမည်ကြီးနေတဲ့သူ၊အခုသူနေတဲ့ယေရိခေါမြို့လာမယ်ဆိုတော့သွားကြည့်ဖြစ်အောင်ကြည့်မှဆိုပြီးဇက္ခဲဟာစိတ်အားထက်သန်နေခဲ့တယ်။ဒီလိုနဲ့ယေရှုခရစ်တော်သူ့ကိုဘာများလုပ်ပေးနိုင်မလဲဆိုတဲ့မျှော်လင့်ချက်နဲ့ယေရှုကိုသွားတွေ့ပါတော့တယ်။
၂။ဇက္ခဲရဲ့လိုအပ်ချက်ကိုယေရှုသိမြင်
သခင်ယေရှုခရစ်တော်ဟာလူတွေကိုကယ်တင်ဖို့လူ့ဇာတိလာယူတဲ့ဘုရားမို့လူ့အတွင်းစိတ်ကိုအကုန်မြင်တဲ့သူပါ။ယေရှုခရစ်တော်ဒီယေရိခေါမြို့ကိုလာရခြင်းဟာလဲဇက္ခဲရဲ့လပ်ဟာနေတဲ့စိတ်ကိုပြုပြင်ဖြည့်စည်းပေးဖို့ဘဲဖြစ်ပါတယ်။
ယေရှုမြို့ထဲကိုလျှောက်လာတဲ့ချိန်မှာဇက္ခဲလေးဟာလဲတွေ့ဖို့လာပါတယ်၊ဒါပေမယ့်လူအုပ်ကြီးနဲ့ပြည့်ကျက်နေတာကတမျိုး၊သူကိုယ်၌ကအရပ်ပုနေတာကတကြောင်းဘယ်လိုမှယေရှုကိုမမြင်နိုင်ဖြစ်နေပါတယ်။ဘယ်လိုလုပ်ရမလဲ?ယေရှုကသူတို့နားရောက်တော့မယ်၊ကျော်သွားရင်နောက်ကျပြီ?ဘယ်လိုလုပ်မလဲ?စဉ်းစားရင်း…တွေးရင်း…ဟိူကြည့်ဒီကြည့်နဲ့….ဟောအကြံရပြီ!ဒီလမ်းဘေးမှာသဖန်းပင်တပင်ရှိနေတာဘဲ၊ဒီသစ်ပင်ပေါ်တက်ပြီးကြည့်ရင်ယေရှုကိုရှင်းရှင်းလေးမြင်ရမှာသေချာတယ်။ဒါနဲ့တဖန်းပင်နားလျှောက်သွားပြီးတက်မယ်လုပ်တုန်းအတွေးတခုဝင်လာတယ်၊အင်း…ငါလိုလူတိုင်းမုန်းခံနေရတဲ့သစ္စာဖောက်ကဒီသစ်ပင်ပေါ်တက်လိုက်ရင်လူတိုင်းငါ့ကိုတွေ့မိမှာဘဲ၊လူအုပ်ကြီးကယေရှုကိုတိုင်လိုက်လို့သန့်ရှင်းဖြောင့်မတ်တဲ့ယေရှုကငါ့ကိုအပြစ်ပေးနေမှဖြစ်ပြဿနာဘဲ!ဘယ်လိုလုပ်မလဲ?ယေရှုကလာနေပြီရောက်တော့မယ်သစ်ပင်တက်မလားမတက်ဘူးလား?နောက်ဆုံးတော့အရဲစွန်ု့ပြီးသစ်ပင်ပေါ်တက်လိုက်လေပြီ၊ယေရှုလာနေတာမြင်နေရပြီ၊ပိုနီးလာလေလေရင်တွေတဒိတ်ဒိတ်နဲ့ကြည့်နေတဲ့ဇက္ခဲလေး၊ယေရှုကသူတက်ထားတဲ့သစ်ပင်အောက်ရောက်လာတော့ရပ်လိုက်တယ်၊ဇက္ခဲစိတ်ထဲမှာဒီတခါတော့သေပြီထင်တယ်လို့တွေးနေမိပါတယ်။တကယ်လဲယေရှုကသူ့ကိုမော့ကြည့်ပြီး”ဇက္ခဲ”လို့ခေါ်လိုက်တယ်၊ဇက္ခဲကငါ့နာမည်လဲသိနေတာပါလားဆိုပြီးပိုတုန်လှုပ်လာတယ်၊ယေရှုကဆက်ပြီး”မြန်မြန်ဆင်းလာပါ၊ဒီနေ့မင်းအိမ်မှာငါတည်းခိုမယ်”လို့ဆိုလာတော့ဒီချိန်မှဇက္ခဲကချက်ချင်းပျော်သွားတော့တယ်။ယေရှုရဲ့စကားဟာဝေဖန်အပြစ်ပေးခြင်းမဟုတ်ဘဲသူ့စိတ်ထဲကလိုအပ်ချက်ကဖြစ်တဲ့နွေးထွေးမှုကိုပထမဆုံးခံစားမိစေခဲ့တယ်။ဒါဟာအပြစ်သားကိုစီရင်ဖို့လာတာမဟုတ်ဘဲမေတ္တာနဲ့လာပြောင်းလဲပေးခြင်းမို့ပါ။
၃။ဇက္ခဲအသက်တာပြောင်းလဲခြင်း
ယေရှုခရစ်တော်ဟာအံ့ဩဖွယ်သောဘုရားပါ။ဟာလေလုယာ၊လူတွေရဲ့စိတ်ကိုမြင်ပြီးလိုအပ်ချက်ကိုသိတဲ့ဘုရားပါ။ဇက္ခဲဟာသတ္တိဘယ်လောက်ကောင်းနေရင်တောင်ယေရှုကိုသူ့အိမ်လာဖို့ဖိတ်ရဲမှာမဟုတ်ကြောင်းယေရှုကြိုသိနေခဲ့တယ်၊ဒါကြောင့်မဖိတ်ခေါ်ပေမယ့်ယေရှုကိုယ်တိုင်လာခဲ့တာပါ၊ဒါဟာအပြစ်သားကိုလာရှာတဲ့ဘုရားပါ၊အပြစ်လုပ်ပြီးအိမ်မပြန်ရဲတဲ့သားကိုဖခင်ကလာရှာနေတဲ့သဘောပါ။ဇက္ခဲကိုယေရှုကမြန်မြန်ဆင်းလာမင်းအိမ်ကိုငါလာနားမယ်လို့ပြောလိုက်တဲ့အခါ၊ဇက္ခဲလဲအမြန်ဆင်းလာပြီးဝမ်းမြောက်တဲ့စိတ်နဲ့ယေရှုကိုသူ့အိမ်ပင့်ခေါ်ပြီးဧည့်ခံတယ်လို့ကျမ်းစာကဆိုပါတယ်။ယေရှုသူ့အိမ်ရောက်လာပြီးတဲ့နောက်မှာတော့သူ့ဘဝလုံးဝပြောင်းလဲသွားပါတော့တယ်၊ သူ့ရဲ့ပြောင်းလဲခြင်းဟာပါးစပ်ကပြောင်းလဲနေတာမဟုတ်ဘဲတကယ့်လက်တွေ့အလုပ်နဲ့သက်သေဖြစ်ခဲ့ပါတယ်။ဆင်းရဲတဲ့သူတွေကိုသူ့ဥစ္စာတဝက်ပေးလှူခဲ့ပါတယ်။သူငွေညစ်မိခဲ့တဲ့သူတွေကိုလေးဆပြန်ပေးခဲ့ပါတယ်။အရင်ကလူဟောင်းဖြစ်တဲ့ငွေညစ်ဘုရင်ဟာခုတော့ပြောင်းပြန်ငွေပေးလှူနေသူဖြစ်နေပါပြီ။ဘာကြောင့်လဲ?စစ်မှန်သောမေတ္တာချမ်းသာနဲ့ကယ်တင်ခြင်းရခဲ့လို့ဖြစ်ပါတယ်။ဒါကြောင့်ယေရှုခရစ်ကိုယ်တိုင်က”ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။”လိုဆိုခဲ့တာပါ။အပြစ်သားတစ်ယောက်ခရစ်တော်၌အမှန်တကယ်ပြောင်းလဲခဲ့ပါပြီ။
နိဂုံး
ချစ်သောမိတ်ဆွေ၊သင်ယနေ့စိတ်မချမ်းသာဘဲဖြစ်နေလား?မလုံခြုံမငြိမ်သက်ဖြစ်နေလား?ဇက္ခဲလိုဘဲဥစ္စာချမ်းသာပေမယ့်စိတ်ထဲဟာလာဟင်းလင်းဖြစ်နေလား?တခုခုလိုနေတယ်လို့ဘဲခံစားနေရလား?ဇက္ခဲကတော့ခရစ်တော်နဲ့တွေ့ပြီးပြည့်စုံမှုရခဲ့ပါပြီ၊တကယ်ပြောင်းလဲပြီးပြောင်းလဲခြင်းသက်သေဖြစ်တဲ့လုပ်ရပ်ရှိခဲ့ပါပြီ။မိတ်ဆွေ၊ဇက္ခဲလိုခရစ်တော်ကိုယုံကြည်လက်ခံရင်ရှိသမျှငွေတဝက်ဆင်းရဲသားကိုပေးဖို့ပြောနေတာမဟုတ်ပါဘူး၊အဓိကခရစ်တော်ကိုရလာတဲ့အခါငွေကြေးတွေထက်အဖိုးတန်တဲ့အရာရလာကြောင်းသိလာတဲ့အခါ၊အမြတ်ဆုံးရတနာဖြစ်တဲ့ခရစ်တော်ပေးတဲ့ငြိမ်သက်ချမ်းသာရလာတဲ့အခါ၊ငွေကြေးထက်ဒီအရာတွေကိုတန်ဖိုးထားတတ်လာမှာပါ။ယနေ့သင်သာဇက္ခဲလိုဘဲခရစ်တော်ကိုလက်ခံပြီးမိမိအပြစ်အတွက်နောင်တရပြောင်းလဲဖို့ဆုံးဖြတ်တာနဲ့ခရစ်တော်ဟာထာဝရကယ်တင်ခြင်းအပြင်ယခုဘဝရဲ့ငြိမ်သက်ချမ်းသာခြင်းသင့်ကိုပေးပါလိမ့်မည်။ဒီတရားဒေသနာကြားနေရတဲ့ခုချိန်ဟာသင့်ဘဝရဲ့ပြောင်းလဲဖို့အစပြူချိန်ဘဲဖြစ်ပါတယ်မိတ်ဆွေ၊ယနေ့သင့်ဘေးကယုံကြည်သူခရစ်ယာန်တိုင်းလဲဒီလိုပြောင်းလဲခဲ့ကြတာပါဘဲ၊ဒါကြောင့်ခရစ်တော်ကိုလက်မခံရသေးတဲ့မိတ်ဆွေများခရစ်တော်ကိုမှီးစမ်းကြည့်ဖို့ဖိတ်ခေါ်ပါတယ်၊ခရစ်တော်ကိုယုံကြည်လက်ခံခဲ့တာကြာပါပြီဆိုတဲ့ခရစ်ယာန်များအနေနဲ့လဲဒီနေ့တရားဒေသနာအားဖြင့်ငါ့အသက်တာမှာတကယ်ဘဲပြောင်းလဲခြင်းရဲ့သက်သေရှိခဲ့လားဆိုတာဆင်ခြင်ကြပါစို့။ဖတ်ရှုနားဆင်သူအယောက်ဆီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေ၊အာမင်။