ကောင်းကြီးရဖို့နည်းလမ်း
(အခြေပြုကျမ်း-တရား၂၈:၁-၆)
နိဒါန်း
တရုတ်စကားပုံတခုရှိပါတယ်”ကောင်းကြီးမင်္ဂလာဆိုတာများတယ်လို့ရယ်မရှိပါဘူး”တဲ့။မှန်ပါတယ်၊လူသားတိုင်းဟာကောင်းကြီးမင်္ဂလာရချင်ကြစမြဲပါ။အထူးသဖြင့်ကျွန်ုပ်တို့မြန်မာလူမျိုးတွေမှာကလေးနာမည်ပေးရင်တောင်ကောင်းကြီးမင်္ဂလာနဲ့ပတ်သတ်တဲ့နာမည်တွေမှည့်ပေးလေ့ရှိပါတယ်၊ဥပမာ…အောင်၊ကောင်း၊ပြည့်စုံ၊ကျော်၊ချမ်းသာ၊သိန်း၊သန်း….စသဖြင့်မှည့်ပြီးသားသမီးတွေကိုကောင်းစားစေချင်ကြပါတယ်။ဒါဟာကျွန်ုပ်တို့လူသားတိုင်းရဲ့တူညီတဲ့စိတ်ဆန္ဒဘဲဖြစ်ပါတယ်။ဒါပေမဲ့လူတွေဟာကောင်းကြီးမင်္ဂလာကိုကိုယ့်လုပ်ရပ်ဖြင့်သာရရှိတယ်လို့ခံယူထားကြပေမဲ့၊သမ္မာကျမ်းစာရှင်ယာကုပ်ဩဝါဒစာ ၁:၁၆မှာတော့ကောင်းမြတ်စုံလင်တဲ့ဆုကျေးဇူးရှိသမျှတို့ဟာအလင်းတို့၏ အဘထံတော်ကသက်ရောက်လာတယ်လို့ဖော်ပြထားပါတယ်။ဒါဆိုရင်ဒီကောင်းမြတ်ခြင်းအလုံးစုံကိုဘယ်လိုနည်းနဲ့ရယူကြမလဲ?ကောင်းကြီးမင်္ဂလာရဖို့ရန်နည်းလမ်းကိုဟိုးနှစ်ပေါင်းထောင်ချီကတည်းကကောင်းကြီးမင်္ဂလာပေးပိုင်တဲ့ဘုရားသခင်ကိုယ်တိုင်သမ္မာကျမ်းစာမှာဖော်ပြထားခဲ့ပါပြီ။အဲဒါကတော့ယနေ့ရဲ့အခြေပြုကျမ်းဖြစ်တဲ့တရားဟောရာကျမ်း၂၈:၁-၆ထိပါ၊ဒီကျမ်းချက်ထဲမှာအဓိကနည်းလမ်းနှစ်ခုပေးထားပါတယ်၊အဲတာကတော့ဘုရားစကားကိုစေ့စေ့နားထောင်ခြင်းနဲ့နားထောင်ပြီးသောအရာကိုကျင့်ဆောင်ခြင်းဘဲဖြစ်ပါတယ်။
၁။စေ့စေ့နားထောင်ခြင်း
ချစ်သောညီကိုမောင်နှမတို့၊ကျွန်တော်တို့အသက်တာမှာဘုရားစကားကိုစေ့စေ့နားထောင်ပါသလား?ဘုရားစကားမပြောနဲ့အုံး၊တခါတလေလူအချင်းချင်းရဲ့စကားတောင်ကျွန်တော်တို့သေချာနားမထောင်ပေးကြပါဘူး၊တကယ်တမ်းလူတယောက်ရဲ့အပြုအမှုဟာသူတကယ်နားထောင်ခြင်းလားနဲ့ဆက်နွယ်နေတတ်ပါတယ်၊သမ္မာကျမ်းစာမှာတော့ဘုရားစကားကိုရိုးရိုးနားထောင်ခြင်းသာမဟုတ်ဘဲထပ်ဆင့်ပြီးစေ့စေ့နားထောင်ဖို့ပြောပါတယ်။နားထောင်တယ်ဆိုတဲ့နေရာမှာလဲဘယ်သူ့စကားနားထောင်နေသလဲဆိုတာကအရေးကြီးလှပါပေတယ်၊ဘာကြောင့်လဲဆိုတော့တချိန်ကအာဒံဧဝဟာစာတန်စကားနားထောင်မိလို့လူသားတစုလုံးအပြစ်ထဲရောက်ခဲ့ရတာပါ။နောက်ပြီးလုကာ၁၀:၃၈-၄၂ထဲကမာသနဲ့မာရိရဲ့အစေခံခြင်းကိုလဲဆင်ခြင်စရာပါ၊မာရိကဘုရားစကားကိုစေ့စေ့နားထောင်တတ်ပြီး၊မာသကတော့အလုပ်တွေနဲ့ရှုပ်ထွေးနေပါတယ်။သူတို့နှစ်ဦးလုံးသခင့်အတွက်ဆိုပေမဲ့ယေရှုကတော့မာရိဟာကောင်းသောအဘို့ကိုရွှေးယူပြီလို့မှတ်ချက်ပေးခဲ့ပါတယ်။ယနေ့ကွန်ုပ်တို့အသက်တာမှာလဲနားထောင်ခြင်းနဲ့ဘယ်သူ့စကားနားထောင်နေတာလဲဆိုတဲ့အရာနှစ်ခုလေးနဲ့ဝိညာဉ်အသက်တာကိုအဆုံးအဖြတ်ပေးနေပါလိမ့်မယ်။ယနေ့ကျွန်တော်တို့ဟာဘုရားသခင်စကားကိုနားထောင်တတ်တဲ့နားတစုံအကြွေးတင်နေကြပါပြီ၊ဘုရားသခင်ကလူကိုနားရွက်တစုံဖန်းဆင်းပေးထားပြီးပါးစပ်ကတစ်ပေါက်သာဖန်ဆင်းပေးထားရခြင်းဟာ၊လူတွေကိုများများနားထောင်ပြီးနည်းနည်းသာပြောကြပါဆိုတဲ့သဘောဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အသက်တာမှာများသောအားဖြင့်တော့နားထောင်ခြင်းကနည်းနေပြီး၊များများပြောနေတတ်ကြပါတယ်။ဒါကြောင့်လဲကျမ်းစာကကျွန်တော်တို့ကိုစေ့စေ့နားထောင်ပါလို့သွန်သင်ထားတာပါ၊ဘာလို့ဘုရားစကားကိုစေ့စေ့နားထောင်ရတာလဲဆိုရင်…
က။နားထောင်ခြင်းဟာလက်ခံခြင်းရဲ့ရှေ့ပြေးဖြစ်ခြင်း
ရောမဩဝါဒစာ ၁၀:၁၇မှာယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီးဒီ ကြားနာခြင်းဟာလည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်တယ်လို့ဆိုပါတယ်၊တနည်းအားဖြင့်ပြောရရင်ဘုရားစကားကိုနေ့တိုင်းနားထောင်ချင်တဲ့သူဟာဘုရားသခင်ကိုချစ်သောသူလက်ခံသောသူများဖြစ်ပါတယ်၊ဥပမာသမီးရည်းစားစုံတွဲတွေလိုတနေကုန်တနေခမ်းပြောနေကြပေမဲ့သူတို့အချင်းချင်းနားထောင်လို့မငြီးငွေ့သွားပါဘူး၊ဒါဟာချစ်ခြင်းနဲ့လက်ခံခြင်းရဲ့သက်သေပါ။နားထောင်ခြင်းဟာလက်ခံခြင်းဆိုတာထက်လေးစားစွာစိတ်ပါဝင်စားခြင်းလဲဖြစ်ပါတယ်၊
ခ။နားထောင်ခြင်းဟာလေးစားစွာစိတ်ပါဝင်စားခြင်း
လူလုူချင်းစကားပြောရင်တောင်သေချာမနားထောင်ဘဲမျက်စိကဟိုကြည့်ဒီကြည့်လုပ်နေရင်ပြောနေတဲ့လူအတွက်အတော်အောက်ပါတယ်၊တဖက်သားကမလေးစားဘူး၊စိတ်မဝင်စားဘူးလို့ခံယူမိမှာပါ၊ဒါကြောင့်လူလူချင်းစကားပြောရင်တောင်အခြေခံယဉ်ကျေးမှုဆိုတာရှိရပါတယ်၊ယနေ့ဘုရားစကားကိုကျွန်တော်တို့ဘယ်လိုနားထောင်ကြပါသလဲ?အမှုတော်ဆောင်တွေတရားဟောနေတဲ့အခါမလေးမစားဘဲပြုမူနေသလား?ဟိုကြည့်ဒီကြည့်သို့မဟုတ်ခေါင်းငုံ့ပြီးဖုန်းပွတ်နေသလား?ဒါဆင်ခြင်စရာပါ။ကောင်းကြီးရဖို့ဘုရားစကားနားထောင်ခြင်းအမှုကိုလေးစားဖို့လိုပါတယ်။နားထောင်ခြင်းဟာလက်ခံခြင်းနဲ့လေးစားခြင်းဖြစ်သည်သာမက၊နားထောင်ခြင်းဟာနာခံခြင်းလဲဖြစ်ပါတယ်။
ဂ။နားထောင်ခြင်းဟာနာခံခြင်း
နားဘဲထောင်ပြီးမနာခံ(မခံယူ)ရင်တော့မင်္ဂလာရှိလာမှာမဟုတ်ပါဘူး။ဘုရားစကားကိုနားထောင်ခံယူတဲ့သူမှကောင်းကြီးဖြစ်တည်လာပါလိမ့်မယ်။ဥပမာဓမ္မဟောင်းထဲကနောဧ၊သူဟာသင်္ဘောကြီးဆောက်ဖို့ဘုရားစကားကိုနာခံခဲ့လို့ရေဘေးကနေလွတ်မြောက်ခဲ့ပါတယ်၊အကယ်လို့နောဧဟာဘုရားစကားတော့ကြားပြီးမနာခံခဲ့ရင်ရေဘေးကလွတ်မှာမဟုတ်ပါ။ယနေ့ကျွန်တော်တို့ယုံကြည်သူများအားလုံးလိုအပ်တာဟာလဲနာခံခြင်းပါ၊ဒါကြောင့်ဗျာဒိတ်ကျမ်းမှာနားရှိသောသူမည်သည်ကားကြားပါစေဆိုပြီး၈ကြိမ်တိုင်တိုင်ပြောထားတာပါ။ယနေ့ခရစ်ယာန်ယုံကြည်မှုရဲ့အခြေခံကနာခံခြင်းပါဘဲ။ဘုရားစကားကိုနာခံပါလို့ပြောတဲ့အခါမှာလူတချို့ကဘုရားငါ့ကိုမှစကားလာမပြောတာဘယ်လိုနာခံမှာလဲဆိုပြီးစောဒကတက်နိုင်ပါတယ်၊ဒါပေမဲ့ချစ်သောညီကိုမောင်နှမတို့ယနေ့ကျွန်တော်တို့သိထားရမှာသမ္မာကျမ်းစာဆိုတာဘုရားသခင်ရဲ့စကားတော်ဖြစ်တယ်ဆိုတာပါဘဲ၊ဘုရားနုတ်ထွက်စကားဖြစ်လို့နုတ်ကပတ်တော်ဆိုပြီးခေါ်ရခြင်းဖြစ်ပါတယ်။ယနေ့ဘုရားစကားကိုစေ့စေ့နားထောင်ခြင်းဆိုတာသမ္မာကျမ်းစကားကိုနာခံခြင်းပင်ဖြစ်ပါတယ်။ဒါကြောင့်တရားဟောခြင်းကိုနားထောင်ခံယူခြင်း၊နုတ်ကပတ်တော်ကိုကိုယ်တိုင်ဖတ်ရှုနှလုံးသွင်းခြင်းဖြင့်အသက်တာတည်ဆောက်ရပါမယ်။ဒါဟာကောင်းကြီးဆက်ခံမဲ့ပထမခြေလှမ်းပါဘဲ။ဒုတိယအနေနဲ့ကောင်းကြီးရဖို့နားထောင်ပြီးတဲ့နုတ်ကပတ်တော်ကိုလက်တွေ့အသက်တာမှာကျင့်ဆောင်ရမှာပါ။
၂။လက်တွေ့ကျင့်ဆောင်ခြင်း
တရားဟောရာကျမ်း ၂၈:၁ထဲမှာဖော်ပြထားတာကတော့ဘုရားစကားကိုစေ့စေ့နားထောင်ပြီးကျင့်ဆောင်သောသူတွေဟာချီးမြောက်ခြင်းခံရမယ်၊မြို့မှာနေနေ၊တောမှာနေနေ၊ဘယ်နေရာမှာနေနေမင်္ဂလာရှိလိမ့်မယ်လို့ဆိုပါတယ်၊ဒါဆိုရင်ဘုရားစကားကိုဘယ်လိုကျင့်ဆောင်ရမှာလဲ?အခြေခံအနေနဲ့၃ဆင့်ရှိပါတယ်၊
က။နုတ်ကပတ်တော်ကိုသိနားလည်ခြင်း
ယုံကြည်သူတယောက်အနေနဲ့အသက်တာမှာဘုရားစကားကိုကျင့်ဆောင်ဖို့ဆိုတာနားထောင်ထားတဲ့အရာကိုနားလည်သဘောပေါက်ဖို့လိုပါတယ်။ဒါမှကျင့်ဆောင်လို့ရမှာပါ။များစွာသောအားဖြင့်ကျွန်တော်တို့တွေဟာနုတ်ကပတ်တော်ကိုသေချာသွားနားမလည်ဘဲမိမိလိုရာတလွဲအနက်ဖွင့်နေတတ်ပါတယ်၊နုတ်ကပတ်တော်ရဲ့သဘောကိုမလိုက်ဘဲ၊ကိုယ့်သဘောအများလက်ခံနိုင်ဖို့နုတ်ကပတ်တော်ကိုအထောက်အကူအဖြစ်သာအသုံးပြုတတ်ကြပါတယ်။ဥပမာသီချင်းဆိုသလိုပါ၊ဂီတသံစဉ်တွေကိုနားမလည်ဘဲသီချင်းဆိုရင်keyချော်တတ်ပါတယ်၊ယနေ့ခရစ်ယာန်လောကမှာလွဲမှားသောအယူဝါဒပေါများလာခြင်းဟာကျမ်းစာကိုကိုယ့်သဘောနဲ့ဖွင့်ဆိုနေကြလို့ဖြစ်ပါတယ်၊ဒါကြောင့်ရှင်ပေါလုကတိမောသေဩဝါဒစာ ဒုတိယစောင် ၂:၁၅မှာသမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သောဆရာသမားတယောက်ဖြစ်စေပါလို့သတိပေးထားတာပါ။ဆိုတော့နုတ်ကပတ်တော်ကိုကျင့်ဆောင်ဖို့ပထမအနေနဲ့မှန်ကန်သောနားလည်သဘောပေါက်ခြင်းကအရေးကြီးလှပါပေတယ်။နားလည်ပြီးမှလက်တွေ့ကျင့်ဆောင်ခြင်းကအကျိုးရှိလာမှာပါ။
ခ။နုတ်ကပတ်တော်ကိုကျင့်ဆောင်ခြင်း
ပညာရှင်ကွန်ဖြူးရှပ်ကဒီလိုစကားတခွန်းပြောခဲ့ပါတယ်”သိပြီးလက်တွေ့မလုပ်ဆောင်ရင်တကယ်မသိသေးတဲ့သူပါတဲ့”။နုတ်ကပတ်တရားတော်မှာလဲနားထောင်ခံယူပြီးတကယ်လက်တွေ့မကျင့်ဆောင်မလိုက်လျှောက်ရင်တကယ်မသိသေးသူလို့ပြောရပါလိမ့်မယ်။ယနေ့များစွာသောအချိန်မှာကျွန်တော်တို့ယုံကြည်သူတွေဟာယုံကြည်ခြင်းမပူမနွေးဖြစ်နေတတ်ကြပါတယ်၊ဘုရားစကားတော့နားထောင်နေကြပြီးလက်တွေ့ကျင့်ဆောင်တဲ့သူအင်မတန်နည်းလှပါတယ်၊ဒါကြောင့်ရှင်ယာကုပ်ကရှင်ယာကုပ်ဩဝါဒစာ ၁:၂၂နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။လို့တိုက်တွန်းထားတာပါ။ကျင့်ပါလို့ပြောတဲ့အခါ၊ဓမ္မဟောင်းကဣသရေလလူတွေလိုပညတ်ကိုအသေကျင့်ခြင်းမဟုတ်ဘဲ၊နှလုံးသားထဲကဝိညာဉ်တော်ရဲ့တို့ထိကွပ်ကဲမှုကိုနာခံလိုက်လျှောက်ခြင်းဖြစ်ပါတယ်။ဒါဟာကယ်တင်ခြင်းရပြီးတဲ့ခရစ်ယာန်အသက်တာကကျင့်ဆောင်ခြင်းဒုတိယအဆင့်ပါ။တတိယအဆင့်ကတော့ကိုယ်နားလည်ပြီးလက်တွေ့ကျင့်ဆောင်လို့ခံစားရတဲ့ကောင်းမြတ်ခြင်းကိုပြန်လည်ဝေငှဟောပြောခြင်းပါ။
ဂ။နုတ်ကပတ်တော်ကိုဟောပြောခြင်း
ဘုရားစကားကိုနားထောင်ပြီးပြီ၊နားလည်သဘောပေါက်ခဲ့ပြီ၊လက်တွေ့လဲကျင့်ဆောင်နေပြီ၊အသက်တာမှာလဲကောင်းကြီးမင်္ဂလာလက်တွေ့ခံစားနေရပြီဆိုရင်၊ကိုယ်ခံစားရတဲ့အရာတွေကိုတယောက်ထဲမခံစားဘဲ၊သူများကိုပြန်လည်ဝေငှရပါမယ်။ဒါဟာသက်သေခံခြင်းဖြစ်သလိုယေရှုခရစ်တော်ရဲ့မဟာစေစားချက်လဲဖြစ်ပါတယ်။ရှင်မဿဲခရစ်ဝင် ၂၈:၁၉သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေပါဆိုတဲ့အတိုင်း၊ယနေ့အသက်တာမှာသခင်ဘုရားရဲ့ကောင်းမြတ်ခြင်းခံစားနေရတဲ့သူတွေဟာထက်ဆင့်ရှဲထွက်သွားရမှာပါ။ဒါဟာယုံကြည်သူတိုင်းရဲ့သန့်ရှင်းသောမဟာတာဝန်ဘဲဖြစ်ပါတယ်။
နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊သင့်အသက်တာမှာကောင်းကြီးမင်္ဂလာသက်ရောက်ခံစားလိုပါသလား?ဘုရားစကားကိုအချိန်ရှိသရွှေ့စေ့စေ့နားထောင်ပါ၊နားလည်သဘောပေါက်ပြီးရင်လက်တွေ့ကျင့်ဆောင်ပါ၊ကောင်းမြတ်ခြင်းကိုသူတပါးအားပြန်လည်ဝေငှပါ။ဒီဘဝမှာကောင်းကြီးမင်္ဂလာပြည့်ဝစေမှာဖြစ်သလိုထာဝရအတွက်လဲအာမခံချက်အပြည့်ရှိမှာဖြစ်ပါတယ်။အသက်တာမှာဘုရားစကားနားမထောင်လို့အခက်ခဲကြုံလာတဲ့အခါမှဘုရားဘယ်မှာလဲလို့မေးခွန်းမထုတ်ပါနဲ့၊သင့်လက်ထဲကသမ္မာကျမ်းစာကိုပိတ်ထားပြီးဘုရားဘယ်မှာလဲမရှာပါနဲ့၊တရားဒေသနာကိုနားမထောင်ဘဲနဲ့နုတ်ကပတ်တော်ကိုနားမလည်ဘူးလို့မပြောပါနဲ့။အချိန်လေးရှိတုန်းပြင်ဆင်အသက်ရှင်ပါ၊အယောက်ဆီတိုင်းကောင်းကြီးမင်္ဂလာခံစားရသောသူများဖြစ်ပါစေလို့ဆုတောင်းရင်းနိဂုံးချုပ်လိုက်ရပါတယ်။ဖတ်ရှုသူအယောက်ဆီတိုင်းအပေါ်ဘုရားသခင်သာ၍ကောင်းကြီးပေးပါစေ။အာမင်။