• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဆုတောင်းခြင်းရဲ့အတားဆီး(၆)မျိုး

ဆရာရဲမင်း

10 月 25, 2024

ဆုတောင်းခြင်းရဲ့အတားဆီး(၆)မျိုး

၁။စိတ်မပါသောဆုတောင်းခြင်း
ဟေရှာ၂၉:၁၃”ထာဝရဘုရားကလည်း ဤလူမျိုးသည်နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကိုအမှီပြု၍ ငါ့ကိုကြောက်ရြွံ့့က၏။”
မျက်မှောက်တော်ရှေ့မှာဒူးထောက်၊မျက်စိမိတ်၊လက်အုပ်ချီခေါင်းငြိမ့်ပြီးအသံထွက်ဆုတောင်းနေပေမယ့်စိတ်ကအပြင်ရောက်နေတာမျိုးပါ။ယုံကြည်သူတွေဆုတောင်းတာနှစ်နဲ့ချီကြာလာရင်ဒီလိုမျိုးဆိုးရွားတဲ့အခြေနေဖြစ်လာတတ်ပါတယ်၊တရက်လာလဲဒီဆုတောင်းချက်၊နှစ်ရက်လာလဲဒီစကားလုံးမျိုး၊နေ့တိုင်းလိုလိုထပ်ထပ်ပြီးသမင်လည်ပြန်နေတဲ့အခါအားနည်းလာတတ်ပါတယ်၊ပါးစပ်မှာသာတတွတ်တွတ်ရွတ်ပြီးဆုတောင်းနေပေမယ့်လုပ်နေကျအလုပ်တခုလိုသာဖြစ်နေပြီးစိတ်ကပျောက်နေတော့တာပါဘဲ။ဒီလိုစိတ်မပါဘဲဆုတောင်းခြင်းဟာဘုရားသခင်ဘယ်လိုမှနားညောင်းမှာမဟုတ်ပါ။

၂။အပြစ်မဝန်ချခြင်း
ဆာလံ၆၆:၁၈” ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။”
မယုံကြည်သူတယောက်ကပြောင်းလဲလာတဲ့အခါအပြစ်ဝန်ချရသလို၊ယုံကြည်ပြီးသူတယောက်ကလဲမျက်မှောက်တော်ရှေ့လာရောက်ဆုတောင်းတိုင်းမှာကိုယ့်ရဲ့အားနည်းချက်ကိုအမြဲဝန်ချတောင်းပန်ရပါတယ်။ကယ်တင်ခြင်းရပြီးသူတယောက်ဖြစ်ပေမယ့်အသက်တာမှာအားနည်းနေတတ်မြဲမို့အသက်တာပိုင်းပိုသန့်ရှင်းအောင်အားနည်းချက်တွေကိုဝန်ချရပါတယ်။၁ယော၁:၉ထဲကကျမ်းချက်နဲ့ယေရှုကိုယ်တိုင်သင်ပေးခဲ့တဲ့ပဌာနာတော်ထဲမှာလဲဒီတိုင်းသွန်သင်ထားပြီးဖြစ်ပါတယ်။အကယ်လို့ဆုတောင်းချက်တိုင်းမှာဒီလိုနှိမ့်ချမှုမျိုးမရှိဘဲအပြစ်ထဲမှာဆက်ပျော်နေချင်တာမျိုးဖြစ်နေရင်ဘုရားသခင်ကနားညောင်းမှာမဟုတ်ကြောင်းဆာလံဆရာကအတိကျပြောထားပါတယ်။

၃။ခွင့်မလွတ်နိုင်ခြင်း
မာကု၁၁:၂၅”သင်တို့သည် ဆုတောင်းသော အခါ သူတပါး၌အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကိုလွှတ် ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူ မည်။”
သူတပါးရဲ့အပြစ်ကိုခွင့်မလွတ်နိုင်ဘဲဘုရားဆီလာဆုတောင်းနေတာမျိုးဟာပညာမဲ့လုပ်ရပ်ဘဲဖြစ်ပါတယ်။ဘုရားလဲနားညောင်းမှာမဟုတ်ပါဘူး။ပဌာနာတော်မှာသူတပါးအပြစ်ကိုငါတို့တွေလွတ်ပြီးပြီး၊ဒါကြောင့်ဘုရားလဲငါတို့အပြစ်တွေကိုလွတ်ပေးပါလို့ဆုတောင်းချက်ဟာအင်မတန်သတိထားဆင်ခြင်စရာပါ။သူများအပြစ်ကိုခွင့်မလွတ်ဘဲပဌာနာတော်ရွတ်ဆိုနေရင်ဘုရားသခင်ရှေ့မှာမုသာစကားပြောသူဖြစ်နေပါပြီ။

၄။မယုံသင်္ကာဖြစ်ခြင်း
ယာကုပ်၁:၆”သို့ ရာတွင်တွေးတောခြင်း မရှိဘဲ ယုံကြည်သော စိတ်နှင့် တောင်းရမည်။ တွေးတောခြင်း ရှိသော သူသည်ကား၊ လေခတ်၍ လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။”
ယုံကြည်ခြင်းကဆုတောင်းခြင်းရဲ့သော့ချက်ဖြစ်ပါတယ်၊ဆုတောင်းတဲ့အခါ ဘုရားကနားညောင်းပါ့မလား?ဘုရားကြားပါ့မလား?စသဖြင့်မယုံသင်္ကာဖြစ်ခြင်းဟာဆုတောင်းခြင်းရဲ့အဆီးတားကြီးဖြစ်ပါတယ်။လူတိုင်းအားနည်းတတ်ကြပါတယ်၊ဆုတောင်းပြီးရင်လဲတွေးတောမသင်္ကာဖြစ်လာခဲ့ရင်ကျမ်းစာမာကု၉:၂၄ထဲကကလေးအဖေတယောက်လို”မယုံကြည်မှုရှိတာတွေကိုကိုယ်တော်မစတော်မူပါ”လို့ထည့်တောင်းသင့်ပါတယ်။

၅။အလွဲတောင်းခြင်း
ယာကုပ်၄:၃”ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာဘို့ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့်မရကြ။”
အလွဲတောင်းတယ်ဆိုတာ-ဥပမာနိူက်ကလပ်မှာသွားပျော်ဖို့ဆုတောင်းတာမျိုး၊ခိုးဖို့လုဖို့ဆုတောင်းတာမျိုး၊ကိုယ်ကောင်းစားဖို့လောင်းကစားနိုင်ဖို့ဆုတောင်းတာမျိုး၊မကောင်းမှုလုပ်ရာမှာအဆင်ပြေစေဖို့ဆုတောင်းတာမျိုး၊မိမိလောဘနဲ့လောကအရာမှာအောင်မြင်ဖို့ဘဲဆုတောင်းတာမျိုး၊ဘုရားသခင်ကိုပုံပြင်ထဲကအာလာဒင်နတ်ဘုရားလိုမှတ်ပြီးတောင်းချင်တိုင်းလျှောက်တောင်းတာမျိုး၊ကာမဂုဏ်(မူရင်းကစိတ်လိုအင်)အဖို့ဆုတောင်းခြင်း…စသဖြင့်အားလုံးအလွဲတွေပါ။ဒီလိုဆုတောင်းနေရင်ဘုရားနားညောင်းမည်မဟုတ်ချေ။

၆။အိမ်ထောင်ပြဿနာရှိနေခြင်း
၁ပေ၃:၇”ထိုနည်းတူ၊ ယောကျာ်းတို့၊ ဆုတောင်းခြင်း အမှု၌ အဆီးအတားမရှိစေခြင်းငှါ အသက်ရှင်ခြင်း ကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံရသော သူချင်းကဲ့သို့ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူ ကို ပြုသင့်သည်အတိုင်း သူ့ကိုစောင့်မပြုစုကြလော့။”
ဆုတောင်းခြင်းမှာနောက်ဆုံးအတားဆီးကြီးတခုကအိမ်ထောင်ပြသနာပါ။ကျမ်းစာမှာဖော်ပြတာရှင်းရှင်းလေးပါ၊ဆုတောင်းတဲ့နေရာမှာအတားဆီးမရှိအောင်လင်နဲ့မယားသို့မဟုတ်မိသားစုချင်းသင့်မြတ်အောင်နေကြပါဆိုထားပါတယ်။