• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ခရစ်ယာန်အိမ်ထောင်ခိုင်မြဲဖို့အချက်(၅)ချက်

ဆရာရဲမင်း

10 月 22, 2024

ခရစ်ယာန်အိမ်ထောင်ခိုင်မြဲဖို့အချက်(၅)ချက်

နိဒါန်း
မင်္ဂလာဆောင်ပြီးအိမ်ထောင်ပြုပြီးတဲ့အခါ၊လင်နဲ့မယားဟာနှစ်ယောက်မဟုတ်တော့ဘဲခရစ်တော်၌တစ်သားတစ်ကိုယ်ထဲဖြစ်သွားပါပြီ။ဒါ ကြောင့်ခရစ်ယာန်အိမ်ထောင်စတင်တည်ဆောက်တဲ့အခါ၊သမ္မာကျမ်းစာအရအ‌ခြေခံအချက်(၅)ချက်ကိုအတူတူပြုလုပ်သွားဖို့လိုအပ်ပါတယ်။ဒါမှခိုင်မြဲတဲ့အိမ်ထောင်ဖြစ်ပါမယ်။

၁။ကျားမတန်းတူဖြစ်ကြောင်းခံယူပါ
အိမ်ထောင်မှာယောကျာ်းကပိုမြတ်တာမဟုတ်သလို၊မိန်းမကပိုမြတ်တာမဟုတ်ပါဘူး။သူ့နေရာနဲ့သူဆိုပေမဲ့အဆင့်အတန်းကတော့ဘုရား ရှေ့မှာတန်းတူပါဘဲ။
ဘုရားကဧဝကိုဖန်ဆင်းတဲ့အခါ
အာဒံရဲ့ခြေ ထောက်နဲ့မဖန်ဆင်းခဲ့ဘူး၊ဒါကြောင့်မိန်းမကိုသင်ကန်ဖို့နင်းဖို့မဟုတ်ပါဘူး။
ဘုရားကဧဝကိုဖန်ဆင်းတဲ့အခါ
အာဒံရဲ့လက်သီးနဲ့မဖန်ဆင်းခဲ့ဘူး၊ဒါကြောင့်မိန်းမကိုရိုက်နက်ဖို့မဟုတ်ပါဘူး။
ဘုရားကဧဝကိုဖန်ဆင်းတဲ့အခါ
အာဒံရဲ့နံရိုးနဲ့ဖန်ဆင်းခဲ့တာမို့သူ့နှလုံးသားဒဏ်ရာမရ‌အောင်ကာကွယ်ပေးဖို့လိုပါတယ်။
(ကမ္ဘာ၂:၂၂-၂၃ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ထဲ​က​ထုတ်​သော​နံ​ရိုး​ဖြင့် လူ​မိန်း​မ​ကို​ဖန်​ဆင်း၍ လူ​ရှိ​ရာ​သို့​ဆောင်​ခဲ့​တော်​မူ​၏။ လူ​က​လည်း၊ ယ​ခု ဤ​သူ​သည် ငါ့​အ​ရိုး​ထဲ​က​အ​ရိုး၊ ငါ့​အ​သား​ထဲ​က​အ​သား​ဖြစ်​၏။ လူ​ထဲ​က​ထုတ်​သော​ကြောင့် သူ့​ကို​လူ​မိန်း​မ​ဟု ခေါ်​ဝေါ်​အပ်​သည်​ဟု ဆို​လေ​၏။)

၂။အားနည်းချက်ကိုလက်ခံပေးပါ။
သူ့ဟာနဲ့သူနေတဲ့လူနှစ်‌ယောက်ဟာ၊အတူတူနေဖို့အိမ်ထောင်ပြုလိုက်တာနဲ့၊မတူညီတဲ့တဖက်သားရဲ့အကျင့်နဲ့အားနည်းချက်တွေကိုအရှင်းကြီးသိမြင်လာရကြမှာဖြစ်ပါတယ်။ဒါတွေကိုမေတ္တာနဲ့လက်ခံပြုပြင်သွားကြဖို့လိုပါတယ်၊မဟုတ်ရင်ငါဘယ်လိုမှလက်ခံလို့မရဘူးဆိုပြီးပြဿနာကအဲ့ဒီကနေစလာတတ်ပါတယ်။ဒါကြောင့်အိမ်ထောင်မပြုခင်မျက်စိအကြီးကြီးဖွင့်ထားဖို့လိုအပ်ပြီး၊အိမ်ထောင်ပြုပြီးရင်တော့တဖက်မိတ်ဖို့လိုလာရင်မိတ်ထားတတ်ရပါမယ်။အချစ်မှာမျက်စိမရှိဘူးဆိုတာဒီမှာသုံးရပါမယ်၊ဒါကတဖက်သားရဲ့အားနည်းချက်ကိုလက်ခံပေးခြင်းပါဘဲ။
(ရောမ၁၅:၇ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​လျက်၊ သင်​တို့​ကို လက်​ခံ​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် လက်​ခံ​ကြ​လော့။)

၃။စိတ်တူကိုယ်တူဖြစ်စေပါ။
တစ်လုံးတစ်ဝလို့ပြောလို့ရသလို၊တစ်သားတစ်ကိုယ်ထဲလို့လဲပြောလို့ရပါမယ်။ဒါငါ့မိန်းမ၊ဒါငါ့လင်လို့အမြဲသတိရပြီးစိတ်တူကိုယ်တူနှစ်ယောက်တစ်ဘဝတည်ဆောက်ဖို့လိုပါတယ်။အဲလိုမှမဟုတ်ရင်တစ်ဘဝလုံးရှေ့လျှောက်ဖို့မဖြစ်နိုင်ပါ။
(အာမုတ်၃:၃လူ​နှစ်​ဦး​သည် သ​ဘော​မ​တူ​လျှင်၊ ပေါင်း​ဖော်၍ ခ​ရီး​သွား​နိုင်​သ​လော။)

၄။အချင်းချင်းသီးခံခွင့်လွတ်ပေးပါ။
အိမ်ထောင်မှာပြဿနာအဖြစ်များတာကများသောအားဖြင့်အသေးအဖွဲကိစ္စကအစသီးမခံနိုင်ကြလို့ပါ။သီးခံခဲ့ရင်‌တောင်ခွင့်မလွတ်နိုင်ဘဲစိတ်ထဲအငြိုးထားတာမို့၊နည်းနည်းဆွမိတာနဲ့မီးထလောင်တော့တာပါဘဲ။ဒါကြောင့်အိမ်ထောင်မှာအချင်းချင်းသီးခံခွင့်လွတ်ပေးတတ်ဖို့အင်မတန်အရေးကြီးလှပါတယ်။သီးခံခြင်းကအငြိုးထားခြင်းမဟုတ်ဘဲခွင့်လွတ်ခြင်းဖြစ်ဖို့လဲလိုပါတယ်။
(ကောလောသဲ၃:၁၃တစ်​ယောက်၌​တစ်​ယောက် အ​ပြစ်​တင်​စ​ရာ​အ​ခွင့် ရှိ​လျှင်၊ အ​ချင်း​ချင်း​သည်း​ခံ၍ အ​ပြစ်​ကို လွှတ်​ကြ​လော့။ ခ​ရစ်​တော်​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သ​ကဲ့​သို့၊ ထို​နည်း​တူ​ပြု​ကြ​လော့။)

၅။အချင်းချင်းဆုတောင်းပေးပါ။
လင်နဲ့မယားဟာ၁၀၀%ပြည့်စုံတဲ့သူတွေမဟုတ်ပါဘူး၊ကိုယ်စီအားနည်းချက်ရှိကြတာမို့အချင်းချင်းဆု‌တောင်းပေးတတ်ရပါမယ်။ နောက်တခုကအိမ်ထောင်မှာဘာစုံစမ်းနှောက်ယှက်မှုတွေကြုံလာမလဲမသိတာမို့၊ယောကျာ်းလုပ်သူကမိန်းမအတွက်အမြဲဆုတောင်းပေးဖို့လိုသလို၊မိန်းမလုပ်သူလဲကိုယ့်ယောကျာ်းအတွက်အမြဲဆု‌တောင်းပေးဖို့လိုအပ်ပါတယ်။အချင်းချင်းဆုဆောင်းပေးခြင်းဟာခရစ်တော်ကိုအိမ်ထောင်ရဲ့အရှင်သခင်နေရာပေးခြင်းဖြစ်သလို၊အိမ်ထောင်ခိုင်မြဲတဲ့နိယာမလည်းဖြစ်ပါတယ်။
(မဿဲ၂၆:၄၁စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။ စိတ်​ဝိ​ညာဉ်​ကား စေ​တ​နာ​ရှိ​ငြား​သော်​လည်း၊ ကိုယ်​မူ​ကား​အား​နည်း​သည်…။)

နိဂုံး
ခရစ်ယာန်အိမ်ထောင်ဆိုတာနှစ်ယောက်တစ်ဘဝတည်ဆောက်အသက်ရှင်နေရတာမို့သမ္မာကျမ်းစာအရဒီအချက်(၅)ချက်ကိုအမြဲကိုင်စွဲထားပါ။ဒါမှခိုင်မြဲပါမယ်။
၁။ကျားမတန်းတူဖြစ်ကြောင်းခံယူပါ
၂။အားနည်းချက်ကိုလက်ခံပေးပါ
၃။စိတ်တူကိုယ်တူဖြစ်စေပါ
၄။အချင်းချင်းသီးခံခွင့်လွတ်ပေးပါ
၅။အချင်းချင်းဆုတောင်းပေးပါ။
ဖတ်ရှုသူတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ။