သင်တို့သည်ဤလောကရဲ့အလင်း
(အခြေပြုကျမ်း မသဲ ၅:၁၄-၁၆)
နိဒါန်း
သခင်ယေရှုကတောင်ပေါ်ဒေသနာဟောကြားတဲ့အခါသင်တို့သည်ဤလောက၏ဆားဖြစ်တယ်၊အလင်းဖြစ်တယ်လို့ပြောပါတယ်၊ဆားအကြောင်းကိုရှေ့မှာဝေငှသွားခဲ့ပါပြီ။အလင်းဆိုတာအများရဲ့ရှေ့လမ်းကိုလင်းပေးဖို့ပါ။ဒီတော့အလင်းရဲ့အကျိုးဂုဏ်သတ္တိ၃မျိုးကိုဖော်ပြပြီး၊အလင်းမလင်းနိုင်တဲ့အတားဆီးသုံးမျိုးကိုဒီပို့စ်မှာဖော်ပြချင်ပါတယ်။
၁။အလင်းရဲ့အကျိုးသုံးမျိုး
က။အလင်းလင်းစေခြင်း
အလင်းဆိုတာလူသားတစုလုံးအတွက်အင်မတန်အရေးကြီးပြီးအသုံးဝင်ပါတယ်၊အလင်းမရှိရင်လူသားတွေကောတိရိစ္ဆာန်တွေပါသွားလာလှုပ်ရှားဖို့ခက်ခဲပါလိမ့်မယ်။ဒါကြောင့်လဲဘုရားသခင်ဟာအလင်းကိုအဦးဆုံးဖန်ဆင်းပေးခဲ့တာပါ။ဘယ်လောက်မှောင်နေတဲ့နေရာဖြစ်ပါစေ၊အလင်းရောက်လာရင်တော့အမှောင်တွေထွက်ပြေးပျောက်ကွယ်ရစမြဲပါ၊ယနေ့ယုံကြည်သူတွေဟာလောကရဲ့အလင်းဖြစ်ပါတယ်၊လမ်းမှားနေတဲ့လောကလူသားတွေကိုလင်းစေပြီး၊သူတို့ဟာပျက်စီးရာလမ်းကိုလျှောက်သွားနေမှန်းမီးမောင်းထိုးပြပါ။ယေရှုခရစ်တော်မှလွဲပြီးအခြားလမ်းမရှိဘူးဆိုတာကိုအလင်းပြဖို့ယုံကြည်သူတိုင်းလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။
ခ။နွေးထွေးမှုကိုပေးနိုင်ခြင်း
နေမင်းကြီးနဲ့အတူလက်ရှိလူတွေလုပ်ထွက်လာတဲ့အလင်းတန်းတွေဟာအနွေးဓာတ်ကိုပေးနိုင်ပါတယ်။အနွေးဓာတ်မရှိရင်သက်ရှိတွေအေးခဲပြီးသေနိုင်ပါတယ်။ထို့အတူယုံကြည်သူခရစ်ယာန်တွေလဲအလင်းဖြစ်တဲ့အတွက်ဒုက္ခကြုံတွေ့နေရတဲ့သူတွေကိုနွေးထွေးသောလက်တစုံနဲ့ဖေးမကူညီရမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ကောင်းသောလုပ်ဆောင်ခြင်းအားဖြင့်အေးစက်နေတဲ့လူတွေရဲ့နှလုံးသားကိုပြန်လည်နွေးထွေးလာစေပါ။
ဂ။ကုသပေးနိုင်ခြင်း
နေမင်းကြီးရဲ့အလင်းရောင်ထဲမှာပိုးသတ်နိုင်တဲ့အာနိဒင်ရှိနေပါတယ်၊ဒါကြောင့်ကျွန်တော်တို့အဝတ်အစားတွေအိပ်ယာခေါင်းအုံးတွေမကြာခဏနေလန်းရတာပါ၊ထို့အတူလူတွေလုပ်ထွက်လာတဲ့အလင်းတချို့ကလဲလူနာကိုကုသပေးနိုင်ပါတယ်၊ဥပမာကလေးမွေးလာပြီးတာနဲ့ဓာတ်ကင်ရတာတို့၊နောက်ပြီးဓာတ်မှန်ရိုက်ရတာတို့၊ဒီအလင်းတန်းတွေဟာဆေးပညာပိုင်းမှာအရေးကြီးတဲ့နေရာမှာရပ်တည်နေတာအမှန်ပါ။ယနေ့ယုံကြည်သူခရစ်ယာန်တွေဟာအလင်းဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့အလင်းအားဖြင့်၊ကိုယ့်ရဲ့အပြောအဆိုသွားလာလှုပ်ရှားမှုအားဖြင့်၊သူတပါးကိုရွှင်လန်းစေပါ၊သူတပါးရဲ့စိတ်ကိုကုစားပေးပါ။
၂။အလင်းမလင်းနိုင်တဲ့အချက်(၃)ချက်
ချစ်မိတ်ဆွေ၊သင်ဟာလောကရဲ့အလင်းဖြစ်တယ်ဆိုရင်အထက်ပါအချက်သုံးချက်ရှိနေရမှာဖြစ်ပါတယ်၊အဲဒါကတော့…အမှောင်ထဲကျင်လည်နေသူကိုအလင်းပြပါ၊ဒုက္ခကြုံနေသူအတွက်နွေးထွေးမှုပေးပါ၊စိတ်ဓာတ်ကျဖျားနာနေသူကိုကုသပေးရမှာဘဲဖြစ်ပါတယ်။ဒါပေမဲ့များစွာသောအားဖြင့်ယုံကြည်သူခရစ်ယာန်တချို့ဟာဒီလိုဂုဏ်သတ္တိမျိုးမရှိဘူးဖြစ်နေတတ်ပါတယ်၊အလင်းဖြစ်ရက်သားနဲ့အလင်းမလင်းနိုင်တာဘာကြောင့်လဲ?သမ္မာကျမ်းစာကိုလေ့လာတဲ့အခါအချက်သုံးချက်တွေ့ရပါတယ်…
က။တောင်းဇလားအောက်ဖုံးထားလို့
ယုံကြည်သူတွေအလင်းဖြစ်တယ်ဆိုပြီးမလင်းနိုင်တာဟာမိမိကိုယ်ကိုယ်တောင်းဇလားအောက်ရောက်နေစေတာမို့ဖြစ်ပါတယ်။အမှန်ကတော့ဆီမီးထွန်းပြီးရင်တောင်းဇလားအောက်ထားလေ့မရှိပါဘူး၊ခုံပေါ်မှာတင်ပြီးတအိမ်လုံးအတွက်လင်းဖို့သာဖြစ်ပါတယ်။ဒါပေမဲ့ယုံကြည်သူနေတွအလင်းမလင်းနိုင်ရခြင်းဟာတောင်းဇလားအောက်ရောက်နေတာပါ။တောင်းဇလားဆိုတာဆန်တွေပြောင်းဖူးတွေဂျုံတွေချိန်ဖို့အချိန်ဖြစ်ပါတယ်၊တနည်းအားဖြင့်ဒီတောင်းဇလားဟာရွှေငွေဥစ္စာကိုပုံဆောင်ခြင်းသာဖြစ်ပါတယ်၊ဆိုတောယုံကြည်သူတွေအလင်းမလင်းနိုင်ရတဲ့အကြောင်းရင်းကငွေနောက်ပါသွားလို့ဖြစ်ပါတယ်။ကိုယ့်ရဲ့အလင်းကိုငွေကဖုံးအုပ်သွားပြီးအခြားလူတွေအတွက်ကောမိမိကိုယ်၌ကပါမလင်းနိုင်တော့ပါဘူး။ကောင်းသောပုံသက်သေဟာငွေမှာမျောသွားတာဖြစ်ပါတယ်။ချစ်သောမိတ်ဆွေယနေ့သင့်အလင်းဟာလင်းနေသေးလား?သို့မဟုတ်ရွှေငွေဥစ္စာနဲ့ဖုံးဖိခြင်းခံထားရလို့မလင်းနိုင်တော့ဘူးလား?အတူတကွဆင်ခြင်ကြရအောင်။
ခ။ခုတင်အောက်ဖုံးထားလို့
ညီကိုမောင်နှမတို့၊ဒီရှင်မသဲထဲကလောကရဲ့ဆား၊လောကရဲ့အလင်းဆိုတဲ့အကြောင်းဟာရှင်မာကုနဲ့ရှင်လုကာထဲမှာလဲရေးမှတ်ထားပါတယ်။ဆိုတော့အထူးသဖြင့်အလင်းနဲ့ပတ်သတ်ပြီးရှင်မာကုခရစ်ဝင် ၄:၂၁မှာစကားလုံးတခုထက်ပိုလာပါတယ်၊အဲဒါကတော့တောင်းဇလားအောက်ပြီးရင်ခုတင်အောက်၌ဖုံးထားခြင်းငှါလို့ပါလာပါတယ်။အမှန်ကတော့ကုတင်ဆိုတာကိုယ်တစ်ယောက်ထဲရှိနေတဲ့အချိန်ကိုပုံဆောင်ပြောနေတာပါ၊ယုံကြည်သူခရစ်ယာန်တွေဟာအလင်းဖြစ်ပေမဲ့များသောအားဖြင့်မလင်းနိုင်ရခြင်းဟာကိုယ်တစ်ယောက်ထဲရှိတဲ့အချိန်အပြစ်လုပ်မိနေတတ်လို့ဖြစ်ပါတယ်။ဒီလိုဆိုရင်ကောင်းသောပုံသက်သေရှိရမည့်အစား၊သူတပါးကိုထိမိလဲစရာဖြစ်စေနေပါပြီလေ၊ဒါကြောင့်လဲလင်းသင့်တဲ့အလင်းဟာဒီအပြစ်တွေကြောင့်ကာမိနေတာဖြစ်ပါတယ်။ချစ်သောမိတ်ဆွေ၊ယနေ့သင်ဟာဒီလိုလူလား?အမြန်ဆုံးဒီအရာတွေကိုပယ်ရှားပြီးသင့်အလင်းကိုသူတပါးအတွက်လင်းစေပါ။
ဂ။ကွယ်ရာမှာထားလို့
အလင်းဖြစ်ပြီးမလင်းနိုင်ရခြင်းဟာငွေကြေးဥစ္စာကြောင့်နဲ့တယောက်ထဲနေတဲ့အချိန်မဟုတ်မကလုပ်ခြင်းတွေကြောင့်ဖြစ်သလို၊နောက်ဆုံးတချက်မိမိအလင်းကိုကွယ်ရာမှာထားထားလို့ဖြစ်ပါတယ်။ဒီကွယ်ရာဆိုတာကိုတော့ရှင်လုကာခရစ်ဝင်၁၁:၃၃မှာပြန်ပြီးဖြည့်စွပ်ပြောထားတာတွေ့ရပါတယ်။ဆီမီးထွန်း၍ကွယ်ရာ၌ဖုံးထားလေ့မရှိ…လို့ပြောထားပါတယ်။ချစ်သောညီကိုမောင်နှမတို့၊ကွယ်ရာဆိုတာကိုတော့အထူးတလည်ရှင်းပြနေစရာမလိုတော့ဘူးထင်ပါတယ်၊ယုံကြည်သူခရစ်ယာန်တွေဖြစ်ပြီးကွယ်ရာမှာမဟုတ်မမှန်တဲ့အရာကိုလုပ်ဆောင်နေမယ်ဆိုရင်မိမိရှိသင့်တဲ့လင်းသင့်တဲ့အလင်းဘယ်လိုလုပ်သူတပါးပေါ်လင်းစေနိုင်မှာလဲ?သူတပါးကိုထွန်းလင်းဖို့နေနေသာသာကိုယ်တိုင်တောင်ငြိမ်းသွားတော့မလိုဖြစ်နေပါပြီ။ချစ်သောမိတ်ဆွေ၊ယနေ့သင့်အခြေအနေကဘယ်လိုလဲ?ဝိညာဉ်တော်လမ်းပြပါစေ။
နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊သင်တို့သည်လောက၏အလင်းဖြစ်တယ်ဆိုတာယုံကြည်သူတွေရဲ့ကောင်းသောပုံသက်သေရှိတဲ့အသက်တာကိုပြောနေခြင်းဖြစ်ပါတယ်။အလင်းဟာသူရှိနေတဲ့ဘေးပတ်ဝန်းကျင်ကိုလင်းစေသလို၊ယုံကြည်သူတွေလဲမိမိရဲ့ကောင်းသောအကျင့်အားဖြင့်၊ပတ်ဝန်းကျင်ကလူတွေအတွက်တည်ဆောက်စရာပုံသက်သေဖြစ်စေပါ။မယုံကြည်သေးတဲ့လူတွေဟာကျွန်တော်တို့ရဲ့ကောင်းသောအကျင့်ကိုမြင်ပြီးယေရှုဘုရားကိုသိရှိလာစေပါ၊ဘုရားသခင်ကိုဂုဏ်တော်ချီးမွမ်းလာစေပါ။တကယ်တော့သင့်ပတ်ဝန်းကျင်ကမယုံကြည်သေးတဲ့လူတွေဟာသမ္မာကျမ်းစာကိုစိတ်ဝင်စားကြမှာမဟုတ်ပါဘူး၊ဖတ်ကြည့်ချင်ကြမှာလဲမဟုတ်ပါဘူး။ဒါပေမဲ့သင်ဘယ်လိုနေထိုင်လုပ်ကိုင်သလဲ၊ဘယ်လိုပြောဆိုဆက်ဆံသလဲ၊ဘယ်လိုအကျင့်တွေရှိသလဲဆိုတာကိုတော့စိတ်ဝင်စားစွာအကုန်ကြည့်နေမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ရဲ့အပြုအမှုအကျင့်အားဖြင့်ဒီလူတွေကိုတည်ဆောက်စေနိုင်တာဖြစ်ပါတယ်။ကိုယ့်ရဲ့ကောင်းသောအကျင့်အားဖြင့်သူတို့ရဲ့ဘဝကိုထွန်းလင်းစေတဲ့အခါအလင်းစစ်ကိုသူတို့ရရှိပြီးယေရှုခရစ်တော်ဆီပြန်လာနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့်ဒီနေ့မနက်ရဲ့နုတ်ကပတ်တော်အားဖြင့်ယုံကြည်သူတွေဟာအလင်းဖြစ်ကြောင်းသိရပါပြီ။ဒီအလင်းနဲ့လက်တွေ့အသက်တာမှာသူတပါးကိုလင်းစေပါ၊နွေးထွေးစေပါ၊ကုသပေးပါ။အထူးသဖြင့်သတိထားရမှာကတော့နေရာမမှားစေပါနဲ့၊တောင်းဇလားအောက်ဆိုတဲ့ငွေကြေးဥစ္စာတွေကြောင့်အလင်းမထွက်နိုင်ဘဲဖြစ်နေလားဆင်ခြင်ပါ၊ကုတင်အောက်ဆိုတဲ့ကိုယ်ပိုင်သီးသန့်အချိန်မှာအပြစ်လုပ်မိလို့အလင်းမလင်းနိုင်တာလားဆင်ခြင်ကြည့်ပါ။သို့မဟုတ်သူများရှေ့မှာတော့တမျိုးကွယ်ရာမှာတော့တမျိုးဖြစ်နေလို့အလင်းမဖြာထွက်လာနိုင်တာလားဆင်ခြင်ကြပါစို့။ချစ်သောညီကိုမောင်နှမတို့ယနေ့သင်ဟာအလင်းဖြစ်တယ်ဆိုတာမမေ့ပါနဲ့။နေမင်းကြီးလိုမလင်းနိုင်ရင်တောင်ဖယောင်းတိုင်လေးလိုပေးဆပ်ပြီးအလင်းပေးသွားနိုင်ပါစေလို့တိုက်တွန်းရင်းဒီနေ့မနက်နုတ်ကပတ်တော်ဝေငှခြင်းပိုဒီနေရာမှာဘဲရပ်နားလိုက်ရပါတယ်။ဖတ်ရှုသူအားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ။
မူရင်း-ဆရာရဲမင်း