ဝိညာဉ်တော်ပြည့်ဝခြင်းသက်သေ(၉)မျိုး
(အခြေပြုကျမ်း ဂလာတိဩဝါဒစာ ၅:၂၂-၂၃)
၁။ချစ်ခြင်း
အချစ်ဆိုတာလူတိုင်းမှာရှိပေမဲ့ဒီနေရာမှာပြောတဲ့ချစ်ခြင်းဟာချစ်စရာမကောင်းတဲ့သူတွေကိုချစ်နိုင်တဲ့အချစ်ဖြစ်တယ်၊တနည်းအားဖြင့်ချစ်စရာမကောင်းတဲ့အပြစ်သားများကိုချစ်တဲ့ခရစ်တော်ရဲ့အချစ်လိုပါဘဲ။ဆိုတော့ ဝိညာဉ်တော်နဲ့ပြည့်ဝနေတဲ့သူတစ်ယောက်ဟာသူ့အသက်တာမှာဒီလိုအချစ်မျိုးရှိနေပါလိမ့်မယ်။
၂။ဝမ်းမြောက်ခြင်း
ဝမ်းမြောက်တယ်ဆိုတာအခြေနေကောင်းမှ၊အဆင်ပြေမှ၊သာယာနေမှဝမ်းမြောက်တဲ့ဝမ်းမြောက်မှုမျိုးမဟုတ်၊အသက်တာမှာဘယ်လိုအခြေနေမျိုးမဆိုနှလုံးသားထဲအမြဲဝမ်းမြောက်နေတတ်သောသူဖြစ်ပါတယ်။ဝမ်းမြောက်တယ်ဆိုတာတစ်နေကုန်ဟားဟားဟားဆိုပြီးရီနေခြင်းမျိုးမဟုတ်၊အတွင်းနှလုံးသားကပေါ်ထွက်လာတဲ့ချိုမြိန်ခြင်းဘဲဖြစ်ပါတယ်။ယုံကြည်သူတွေမှာဒီလိုအတွေ့ကြုံရှိကြသူများပါတယ်၊အခက်ခဲရှိသော်လည်းဘဲနှလုံးသားထဲဝမ်းမြောက်မှုအပြည့်ရှိနေခြင်းဟာဝိညာဉ်တော်ပြည့်ဝနေခြင်းရဲ့သက်သေဘဲဖြစ်ပါတယ်။
၃။ငြိမ်သက်ခြင်း
ထာဝရကာလရဲ့ကောင်းမြတ်မှုအပေါ်ထားတဲ့မျော်လင့်ခြင်းကနေပေါက်ဖွားလာတဲ့ငြိမ်သက်ခြင်းမျိုးဖြစ်ပါတယ်။ကိုယ့်အတွက်ငြိမ်သက်နေခြင်းသာမကသူတပါးတွေကိုလဲငြိမ်းချမ်းစေနိုင်သောသူဖြစ်ပါတယ်။ဘဝအသက်တာမှာအခြေနေဘယ်လောက်ဘဲဆိုးရွားနေပါစေ၊အခက်ခဲပြဿနာဘယ်လောက်ဘဲရင်ဆိုင်ကြုံတွေ့နေရပါစေ၊စုံစမ်းခြင်းအမျိုးမျိုးကြားထဲကနေပြောမထွက်တဲ့ငြိမ်သက်ခြင်းမျိုးခံစားရခြင်းပါ။ခေတ္တသာဖြစ်တဲ့လူ့ဘဝမှာကြုံတွေ့သောအရာကြောင့်စိတ်ဆင်းရဲမနေဘဲ၊ဧမာနွေလဘုရားအတူပါရှိနေခြင်းအားဖြင့်ငြိမ်သက်ခြင်းရနေတဲ့သူဖြစ်ပါတယ်။ဒီလိုလူဟာဝိညာဉ်တော်ပြည့်ဝနေသောသူများဖြစ်ကြောင်းကျမ်းစာကဖော်ပြပါတယ်။
၄။စိတ်ရှည်ခြင်း
စိတ်ရှည်ခြင်းဆိုတာသီးခံခြင်းပါ။တနည်းအားဖြင့်အမျက်ဒေါသမထွက်လွယ်ခြင်းဖြစ်ပါတယ်၊ဘာကြောင့်ဘဲအမျက်ထွက်မိပါစေအမျက်ကိုနေမဝင်ခင်ထိန်းချုပ်နိုင်သောသူဖြစ်ပါတယ်။သူတစ်ပါးရဲ့မကောင်းကြံခြင်းခံရရင်တောင်ပြန်လည်ဂလဲ့စားချေခြင်းမလုပ်တဲ့လူဖြစ်ပါတယ်။သူတပါးအနိုင်ကျင့်ခြင်းကိုအအ ကြီးခံနေခြင်းမျိုးတော့မဟုတ်၊စိတ်ရှည်သီးခံပြီးနည်းလမ်းအတိုင်းစနစ်တကျလုပ်ဆောင်သွားတတ်သူဖြစ်ပါတယ်။ဒါဟာဝိညာဉ်တော်နဲ့ပြည့်ဝတဲ့ယုံကြည်သူခရစ်ယာန်တစ်ဦးဘဲဖြစ်ပါတယ်။
၅။ကျေးဇူးပြုခြင်း
ကျေးဇူးပြုခြင်းဆိုတာဘုရားသခင်ကအပြစ်သားတွေကိုခွင့်လွတ်ပြီးကယ်တင်ပေးခြင်းကနေပေါက်ဖွားလာတာပါ။ဘုရားသခင်ကတောင်အပြစ်ကြီးတဲ့ငါ့ကိုဒီလိုကျေးဇူးပြုခဲ့ရင်ငါကဘာလို့သူတပါးပေါ်ကျေးဇူးမပြုနိုင်ရတာလဲဆိုပြီးဆင်ခြင်လုပ်ဆောင်သောသူဖြစ်ပါတယ်။ဒါကြောင့်ဝိညာဉ်တော်နဲ့ပြည့်ဝနေသူတစ်ယောက်ဟာသူတပါးရဲ့အားနည်းချက်အပေါ်မှာပြစ်တင်နေခြင်းမျိုးမဟုတ်ဘဲ၊ဆွဲထူပြီးကျေးဇူးပြုတတ်သောသူဖြစ်ပါတယ်။
၆။ကောင်းမြတ်ခြင်း
အသက်တာမှာလက်တွေ့သူတပါးအပေါ်ကောင်းခြင်းဘဲဖြစ်ပါတယ်၊အပြောနဲ့မဟုတ်ဘဲလက်တွေ့မှာကောင်းမြတ်နေသူပါ။ကောင်းမြတ်ခြင်းနဲ့မထိုက်တန်သောသူတွေအပေါ်လဲထပ်တူကောင်းမြတ်ခြင်းဘဲဖြစ်ပါတယ်၊ဘာကြောင့်လဲဆိုတော့ယေရှုခရစ်တောင်မထိုက်တန်တဲ့ကျွန်ုပ်ကိုကောင်းမြတ်ခဲ့လို့ဘဲဖြစ်တယ်။ဝိညာဉ်တော်ပြည့်ဝနေရင်လူတိုင်းအပေါ်ကောင်းလာလိမ့်မယ်။
၇။သစ္စာစောင့်ခြင်း
ဝိညာဉ်တော်ပြည့်ဝနေပြီဆိုရင်ဘုရားသခင်အပေါ်အမြဲတမ်းသစ္စာစောင့်သိပြီးသမ္မာကျမ်းစာသွန်သင်ချက်ကိုလိုက်နာသူဖြစ်ပါတယ်။လူမှုရေးမှာလဲအမြဲတမ်းပြောတဲ့အတိုင်းကတိတည်တတ်သူ၊အဟုတ်ကိုအဟုတ်၊မဟုတ်ကိုမဟုတ်ကြောင်းပြောတတ်သောသူဖြစ်ပါတယ်။
၈။နူးညံ့သိမ်မွေ့ခြင်း
နူးညံ့ပြီးသိမ်မွေ့တယ်ဆိုတာပျော့ပျောင်းအားနွဲ့ခြင်းမျိုးမဟုတ်ပါ၊တိုးတိုးလေးပြောပြီးဖြေးဖြေးလုပ်တတ်သောသူမျိုးကိုလဲမဆိုလိုပါ။နူးညံ့သိမ်မွေ့ခြင်းဆိုတာခရစ်တော်ဟာဘုရားဖြစ်ပေမဲ့နှိမ့်ချပြီးလူတွေရဲ့အစေခံလာလုပ်ခြင်းမျိုးဖြစ်ပါတယ်။တနည်းအားဖြင့်အားကြီးသောသူဖြစ်ပေမဲ့နှိမ့်ချပြီးအသက်ရှင်သောသူဖြစ်ပါတယ်။ဒီလိုအသက်တာမျိုးဟာဝိညာဉ်တော်ပြည့်ဝသောသူမှာသာလျှင်ရှိကြပါတယ်။
၉။ကာမဂုဏ်ချုပ်တည်းခြင်း
ကာမဂုဏ်ဆိုတာစိတ်ထဲကပေါ်လာတဲ့လိုချင်တပ်မက်ခြင်းစိတ်ဖြစ်တယ်၊ကိစ္စအရာတမျိုးမျိုးရဲ့ကျေးကျွန်ဖြစ်ခံနေရတဲ့သဘောပါ။ဒါပေမဲ့ဝိညာဉ်တော်နဲ့ပြည့်ဝသောသူတစ်ယောက်ဟာသူ့အတွင်းစိတ်ရဲ့လိုချင်တပ်မက်ခြင်းကိုချုပ်တည်းနိုင်သောသူဖြစ်ပါတယ်။တနည်းအားဖြင့်လိုချင်တပ်မက်သောတဏှာစိတ်ကိုအောင်နိုင်သောသူဖြစ်ပါတယ်။
ဖတ်ရှုသူအရောက်ဆီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။
ကျမ်းချက်
ဂလာတိဩဝါဒစာ ၅:၂၂-၂၃ ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှ မမြစ်တား။)