သာလျှင်ငါးချက်(Five Solas)
Five Solasဆိုတာခရစ်ယာန်အသင်းတော်သမိုင်းထဲကပြု ပြင်ပြောင်းလဲရေးကာလမှာဒီပြု ပြင်ပြောင်းလဲမှုလုပ်ခဲ့တဲ့ခေါင်းဆောင်တွေနဲ့အဖွဲ့သားတွေရဲ့သဘောထားကိုအချက်၅ချက်အနေနဲ့ဖော်ပြထားခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်Protestantတွေရဲ့သီအော်လော်ဂျီအခြေမြစ်(Basic theology)ဆိုလဲမမှားပါဘူး။Solaဆိုတဲ့စကားလုံးကတော့လာတင်ဘာသာစကားဖြစ်ပြီးအဓိပ္ပာယ်က”သာလျှင်”သို့”တခုတည်းသော”ဖြစ်ပါတယ်
၁။သမ္မာကျမ်းစာသာလျှင်(Sola scriptura)
ကျမ်းစာသာလျှင်ယုံကြည်မှုရဲ့အထွဠ်ထိပ်ဖြစ်တယ်ဆိုတဲ့သဘောပါ။ဘယ်အသင်းတော်ခေါင်းဆောင်ရဲ့အခွင့်အာဏာမဆိုကျမ်းစာရဲ့အောက်မှာသာရှိရပါမယ်။အသင်းတော်ထုံးတမ်းနဲ့စည်းကမ်းဝိနည်းအားလုံးအားလုံးလဲကျမ်းစာအောက်ကနေသာသွားရမယ့်သဘောပါ။
၂။ယုံကြည်ခြင်းသာလျှင်(Sola fide)
ကယ်တင်ခြင်းရတာဟာကိုယ့်ယုံကြည်ခြင်းကြောင့်သာလျှင်ဖြစ်ကြောင်း၊ကောင်းမှုလုပ်ခြင်းဟာကယ်တင်ခြင်းရပြီးသူလုပ်ရမယ့်အလုပ်သာဖြစ်ပြီးကယ်တင်ခြင်းရစေဖို့၀.၀၁တောင်မပါကြောင်းအဓိကတင်ပြခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်ယုံကြည်ခြင်းဖြင့်ဖြောင့်မတ်ခြင်းပါ။
၃။ကျေးဇူးတော်သာလျှင်(Sola gratia)
အပြစ်လွတ်ခြင်းနဲ့ထာဝရကယ်တင်ခြင်းစတဲ့ကျေးဇူးတော်ဟာဘုရားသခင်ရဲ့လက်ဆောင်ဖြစ်ကြောင်း၊ဒီကျေးဇူးတော်ဟာဘုရားသခင်ကယေရှုခရစ်တော်အားဖြင့်လူသားအတွက်အသေခံစေပြီးဘာတောင်းဆိုမှုမှမရှိဘဲကျေးဇူးတော်သတ်သတ်အဖြစ်ပေးခဲ့တာပါ။လူ့ဖက်ကဘာကြိုးစားလုပ်ဆောင်မှုမှမပါသလိုဒီလက်ဆောင်ကိုလက်ခံဖို့သာလိုပါတယ်။
၄။ခရစ်တော်သာလျှင်(Solus Christus )
ယေရှုခရစ်တော်သာလျှင်တလောကလုံးရဲ့ကယ်တင်ရှင်ဖြစ်ကြောင်း၊သူဟာသမ္မာကျမ်းစာရဲ့ဗဟိုအချက်ဖြစ်ပြီးဘုရားသခင်နဲ့လူကြားကတခုတည်းသောပေါင်းကူးဖြစ်ပါတယ်။ယေရှုခရစ်တော်မှလွဲပြီးဘုရားနဲ့လူကြားမှာကြားခံလုပ်ပေးနိုင်သူလုံးဝ(လုံးဝ)မရှိနိုင်သလို၊ခရစ်တော်ကလွဲလို့ကယ်တင်ရာလမ်းလုံးဝ(လုံးဝ)မရှိတဲ့သဘောပါ။ဒါကြောင့်ယေရှုခရစ်တော်ရဲ့သက်တော်စဉ်ကိုသတင်းကောင်း(ဧဝံဂေလိ)လို့ခေါ်တွင်ထားတာပါ။
၅။ဘုရားဘုန်းတော်သာလျှင်(Soli Deo gloria)
အရာခပ်သိမ်းဟာဘုရားဆီကလာပြီးကယ်တင်ခြင်းဟာလဲဘုရားကပေးခဲ့တယ်ဆိုရင်လူတွေဖြစ်တဲ့အသင်းတော်ခေါင်းဆောင်နဲ့မာတုရတွေကိုဘုန်းတော်ပေးပြီးချီးမွမ်းနေခြင်းမဟုတ်ဘဲ၊ဘုန်းတော်ရှိသမျှနဲ့ချီးမွမ်းခြင်းအားလုံးဟာဘုရားဆီမှာသာသက်ရောက်သင့်တဲ့သဘောပါ။