သုံးပါးတစ်ဆူအကြောင်းအကျဥ်း
နိဒါန်း
သုံးပါးတဆူဆိုတာကိုယ်လုံးတစ်ခုနဲ့ခေါင်းသုံးခုရှိနေတာမဟုတ်သလို၊ပုဂ္ဂိုလ်သုံးပါးကကိုယ်လုံးတခုထဲ ပေါင်းစပ်(ကပ်)နေတာမဟုတ်ပါဘူး။
သုံးပါးတစ်ဆူဆိုတာ
ခမည်းတော်ဘုရား၊သားတော်ဘုရား၊သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊သုံးပါးလုံးဟာဘုရားဖြစ်ပြီး၊တစ်လုံးတစ်ဝဖြစ်ကြောင်းယုံကြည်တာပါ။ဒါကိုသုံးပါးတစ်ဆူလို့ခေါ်ပါတယ်။ကျမ်းစာထဲမှာသုံးပါးတစ်ဆူဆိုတဲ့စကားစုမပါပေမဲ့၊ဘုရားသခင်ဟာတစ်ဆူတည်းသောဘုရားဖြစ်ပြီး၊သုံးပါးပါဝင်ဖြစ်တည်ကြောင်းအများကြီးဖော်ပြထားပါတယ်။ဒါဟာခရစ်ယာန်တွေရဲ့အခြေခံယုံကြည်ချက်တခုဖြစ်တဲ့အတွက်အခြေခံအနေနဲ့နားလည်ထားဖို့အင်မတန်အရေးကြီးလှပါတယ်။တနည်းအားဖြင့်သုံးပါးတစ်ဆူကိုလက်မခံတဲ့သူတိုင်းဟာအယူလွဲဖြစ်တယ်လို့ခံယူလို့ရပါမယ်။ဒါကိုကျမ်းစာဖော်ပြတဲ့အတိုင်းအကျဉ်းချုပ်တင်ပြပါမယ်။
၁။တစ်ဆူတည်းသောဘုရားသခင်
ဘုရားသခင်ဟာတစ်ဆူတည်းသောဘုရားဖြစ်ကြောင်းကျမ်းစာက(၁၀)နေရာလောက်ဖော်ပြထားပါတယ်။အရေးကြီးတဲ့၂ခုပြပါမယ်…
(တရား၆:၄ ဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။)
(ယုဒ၁:၂၅ ငါတို့ကို ကယ်တင်တော်မူသောအရှင်၊ တစ်ဆူတည်းသောဘုရားသခင်သည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့်၊ ယခုမှစ၍ ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုးအာနုဘော်နှင့် အစွမ်းသတ္တိအာဏာစက် ရှိတော်မူစေသတည်း။ အာမင်။)
၂။တစ်ဆူတည်းသောဘုရားမှာသုံးပါးပါဝင်ခြင်း
တစ်ဆူတည်းသောဘုရားသခင်မှာဘုရားသုံးပါးပါဝင်ပြီး၊သီးခြားဖြစ်တည်မှုရှိကြလို့သုံးပါးတစ်ဆူဆိုပြီးယုံကြည်သူတွေခံယူကြတာပါ။
(၂ကော၁၃:၁၄သခင်ယေရှုခရစ်၏ကျေးဇူးတော်၊ ဘုရားသခင်၏မေတ္တာတော်၊သန့်ရှင်းသောဝိညာဉ်တော်၏ မိတ်သဟာယ…)
(ရှင်မဿဲ၂၈:၁၉ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။)
(၁ယော၅:၇သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး၊ နှုတ်ကပတ်တော်တစ်ပါး၊သန့်ရှင်းသော ဝိညာဉ်တော်တစ်ပါး၊သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။)
တခြားကျမ်းချက်များ-ကမ္ဘာ၁:၂၆၊မဿဲ၃:၁၆-၁၇၊ဟေရှာ၄၈:၁၆ မှာလည်းဆက်လေ့လာကြည့်ပါ။
သတိထားရမှာကသုံးပါးပေါင်းမှဘုရားဖြစ်တာမဟုတ်ရပါ။သီးခြားပြည့်စုံတဲ့ဘုရားသခင်ဖြစ်ကြပြီးတစ်လုံးတဝဖြစ်ကြပြန်ပါတယ်။
၃။သုံးပါးလုံးသည်ဘုရားဖြစ်ခြင်း
(၁)ခမည်းတော်ဘုရား
ရှင်ယောဟန်၆:၂၇ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။-တခြားလေ့လာရန်ကျမ်း- ရောမ၁း၇၊၁ပေ၁း၂။
(၂)သားတော်ယေရှုဘုရား
ရှင်ယောဟန်၁:၁၊၁၄ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။…နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍…။-တခြားလေ့လာရန်ကျမ်း-ရောမ၊ ၉း၅၊ ကောလော၊ ၂း၉၊ ဟေဗြဲ၊ ၁း၈၊ ၁ယော၊ ၅း၂၀) ။
(၃)သန့်ရှင်းသောဝိညာဉ်တော်ဘုရား
တမန်တော်၅:၃-၄ပေတရုကလည်း၊ အာနနိ၊ သင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စား၍၊မြေကိုရောင်းသော အဖိုး၏တစ်ဖို့ကို ထိမ်ဝှက်မည်အကြောင်း၊ စာတန်သည် သင်၏စိတ်နှလုံးကို အဘယ်ကြောင့် ပြည့်စေရသနည်း။…လူကိုသာ မုသားပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသားပြောပြီဟု ပေတရုဆို၏။-တခြားကျမ်းချက်-၁ကော၊ ၃း၁၆။
ဥပမာ-ကယ်တင်ခြင်းကိုခမည်းတော်ကစီစဉ်တယ်၊သားတော်ကဖြည့်ဆည်းတယ်၊ဝိညာဉ်တော်ကဆက်လုပ်ဆောင်တယ်။
၄။သတိပြုဖွယ်မပြည့်စုံသည့်ခိုင်းနိုင်းချက်များ
(၁)ကြက်ဥအခွံ၊အကာ၊အနှစ် -သတိထားရမှာကအခွံဟာပြည့်စုံတဲ့ကြက်ဥတလုံးမဟုတ်ပါ။
(၂)လူရဲ့ခန္ဓာ၊စိတ်၊ဝိညာဉ် -သတိထားရမှာကဒီထဲကတခုဘဲယူရင်ပြည့်စုံတဲ့လူမဟုတ်တော့ပါ။
(၃)။သစ်ပင်ထဲက သစ်ကိုင်း၊သစ်ရွက်၊သစ်မြစ် -သတိထားရမှာကဒီထဲကတခုဘဲနုတ်ယူရင်ပြည့်စုံတဲ့သစ်ပင်မဟုတ်တော့ပါ။
(၄)။ရေ၊ရေခဲ၊ရေငွေ့ -သတိထားရမှာကဒီသုံးမျိုးဟာတချိန်ထဲအတူတည်ရှိနေလို့မရဘဲပြောင်းလဲနေရတာပါ။ဘုရားကခဏသားတော်ဝင်လုပ်၊ခဏဝိညာဉ်တော်ဝင်လုပ်ပြီးခဏကျခမည်းတော်ပြန်ဖြစ်လိုက်မဟုတ်ရပါ။
(၅)။အမေရဲ့သား၊မိန်းမရဲ့ခင်ပွန်း၊သားသမီးရဲ့အဖေ -သတိထားရမှာကဒီဥပမာလဲတပါးထဲဖြစ်ပြီးခန်းကဏ္ဏပြောင်းနေရတဲ့သဘောပါ။သုံးပါးတဆူဆိုတာအဲလိုမဟုတ်ပါဘူး။
(၆)။အသီးတလုံးရဲ့အခွံ၊အသား၊အစေ့ -သတိထားရမှာကအစေ့သည်ပြည့်စုံတဲ့အသီးမဟုတ်ပါ။
(၇)။မိသားစုထဲကအဖေ၊အမေ၊သားသမီး -သတိထားရမှာကဒီမိသားစုဆိုတာရာထူးကြီးငယ်ရှိပါတယ်၊သုံးပါးတဆူဘုရားသခင်ဟာတန်းတူညီတူဖြစ်တည်ခြင်းပါ။ သုံးပါးတဆူကိုလူ့ညာဏ်နဲ့အကုန်နားမလည်နိုင်ပါ။သုံးပါးတဆူဖြစ်တည်ခြင်းကိုအပြည့်အဝခိုင်းနိုင်းလို့ရတဲ့ဥပမာမရှိပါ။
နိဂုံး
သမ္မာကျမ်းစာအုပ်ဟာသုံးပါးတစ်ဆူအကြောင်းကိုရှင်းလင်းထားတဲ့စာအုပ်မဟုတ်ပါဘူး။ကယ်တင်ခြင်းကိုသာအဓိကရှင်းပြထားတာမို့သုံးပါးတစ်ဆူကိုအကုန်နားလည်မှကယ်တင်ခြင်းရမယ်လို့မသက်ရောက်ပါ။သုံးပါးတဆူကိုခုထိပြီးပြည့်စုံအောင်ရှင်းပြနိုင်သူလဲမရှိသေးပါဘူး။ဒါပေမဲ့ခရစ်ယာန်အသက်တာယုံကြည်မှုတည်ဆောက်တဲ့အခါလမ်းမမှားဖို့တော့ဒီအရာကအရေးကြီးတာမို့ကျမ်းစာမှာဖော်ပြထားသလောက်ခံယူထားဖို့လိုပါတယ်။ဒါကိုမယုံကြည်တဲ့သူဟာခရစ်ယာန်လို့တောင်ပြောလို့မရပါဘူး၊အယူလွဲလို့သာသတ်မှတ်ရပါလိမ့်မယ်။ဒါဟာခရစ်ယာန်တွေရဲ့အခြေခံယုံကြည်ချက်မို့လို့ပါ။