• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

စစ်မှန်သောနောင်တဆိုတာ

ဆရာရဲမင်း

11 月 19, 2024

စစ်မှန်သောနောင်တဆိုတာ

နိဒါန်း
လူတိုင်းမိမိအမှားကိုဝန်ချပြီးနောင်တရတတ်တာရှိနိုင်‌ပေမဲ့၊နောင်ရသူတိုင်းသမ္မာကျမ်းစာကပြောတဲ့စစ်မှန်သောနောင်တမဟုတ်နိုင်ပါဘူး။ဥပမာကျမ်းစာထဲကယုဒရှကာယုတ်ဟာနောင်တရခဲ့ပေမဲ့ခရစ်တော်ဆီလာရောက်ဝန်ချတောင်းပန်ခြင်းမဟုတ်တဲ့နောင်တမို့လမ်း ကြောင်းမမှန်ခဲ့တာပါ။ဒါဆိုရင်ကျမ်းစာက‌ပြောတဲ့စစ်မှန်‌တဲ့နောင်တရခြင်းကဘာလဲ?အချက်၄ချက်နဲ့အလင်းပေးပါမယ်။

၁။အပြစ်ကိုသိမြင်လာခြင်း
စစ်မှန်တဲ့နောင်တရဖို့အဦးဆုံးမိမိလုပ်မှားနေကြောင်း၊မိမိမှာအပြစ်ရှိနေကြောင်းသိမြင်ဖို့လိုပါတယ်။လူတစ်ယောက်ဟာသမ္မာတရားစကားကြားပြီးဝိညာဉ်တော်ဖော်ပြတဲ့အခါမိမိအပြစ်ကိုမိမိသိမြင်လာတယ်လို့(ယော၁၆:၈)မှာဖော်ပြပါတယ်။ဥပမာ(လုကာ၁၅:၁၇)ထဲကသားမိုက်နောင်တလိုပါ၊ငါသွားနေတဲ့လမ်းကမှားနေပါလား၊ငါလုပ်နေတဲ့အရာကအပြစ်တွေပါလားဆိုတာကိုဝိညာဉ်တော်အားဖြင့်သိမြင်လာပြီး‌နေရာမှန်ပြန်ဖို့အလင်းရလာတာပါ။(ဒါပေမဲ့မိမိအမှားကိုတော့သိမြင်ပြီးအဲ့ဒီနေရာမှာဘဲဆက်မှားနေရင်၊စစ်မှန်တဲ့နောင်တမဟုတ်သေးပါဘူး။စစ်မှန်တဲ့နောင်တဟာဒုတိယခြေလှမ်းကိုဆက်လှမ်းမှာပါ။)

၂။အပြစ်ကိုဝန်ချတောင်းပန်ခြင်း
ငါအမှားကြီးမှားပြီ၊ငါ့မှာသေသင့်သေထိုက်တဲ့အပြစ်ကြီးရှိနေပြီဆိုတာသိမြင်လာတဲ့အခါအဲဒီအသိတရားမှာဘဲရပ်နေဖို့မဟုတ်၊ဆက်မှားနေဖို့လည်းမဟုတ်ပါ။အဲဒီအပြစ်အတွက်ဝမ်းနည်းကြေကွဲညည်းတွားပြီး၊မိမိအပြစ်(အမှား)ကိုစီရင်ခွင့်လွတ်ပေးနိုင်(ပိုင်)တဲ့ဘုရားသခင်ဆီလာရောက်ဝန်ချတောင်းပန်ဖို့လိုအပ်ပါပေတယ်။သတိထားရမှာကသခင်ယေရှုခရစ်ဟာငါ့အပြစ်အတွက်ကိုယ်စားအသေခံပေးသွားပြီဆိုတာကိုယုံကြည်လက်ခံဖို့လိုပါတယ်။ဒါမှသာစစ်မှန်တဲ့ခွင့်လွတ်ခြင်းနဲ့ထာဝရအသက်ကိုရရှိမှာပါ။
(လုကာ၁၅:၁၈ အ​ဘ၊ အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို​လည်း​ကောင်း ပြစ်​မှား​ပါ​ပြီ။)
(ရောမ၃:၂၆ ယေ​ရှု​ခ​ရစ်၏​အ​သွေး​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့်၊ ထို​ခ​ရစ်​တော်​ကို အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​ပြီ။)

၃။အပြစ်မှထွက်ခွာရှောင်ပယ်ခြင်း
အပြစ်ကိုသိမြင်ပြီး၊အပြစ်ကိုဝန်ချတောင်းပန်ပြီးပေမဲ့၊အပြစ်ကိုဆက်လုပ်နေသေးတယ်ဆိုရင်ရှေ့မှာပြုခဲ့တဲ့အရာတွေဟာအလဟသဖြစ်သွားပါလိမ့်မယ်။ဘာလို့လဲဆိုတော့ဒါဟာစစ်မှန်တဲ့နောင်တရခြင်းမဟုတ်သေးလို့ပါ။စစ်မှန်တဲ့နောင်တရခြင်းဆိုတာအပြစ်ကိုသိမြင်ဝန်ချပြီးနောက်၊အသက်တာမှာအပြစ်ဆက်မလုပ်တော့ခြင်းပါ။တနည်းအားဖြင့်စစ်မှန်တဲ့နောင်တရခြင်းဆိုတာနောင်တနဲ့စပ်ဆိုင်တဲ့ထိုက်သင့်တဲ့အကျင့်ထွက်လာရမယ်လို့ကျမ်းစာကဖော်ပြပါတယ်။
(တမန်၂၆:၂၀လူ​တို့​သည် နောင်​တ​ရ​ရ​မည်။ နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော အ​ကျင့်​ကို ကျင့်​ရ​မည်။ ဘု​ရား​သ​ခင် အ​ထံ​တော်​သို့ ပြောင်း​လဲ​ရ​မမည်…။)

၄။သမ္မာတရားတိုင်းအသက်ရှင်ခြင်း
ရှေ့ကပြောခဲ့တဲ့အပြစ်ကိုသိမြင်ခြင်း၊အပြစ်ဝန်ချခြင်း၊အပြစ်ဆက်မလုပ်‌တော့ခြင်း‌ စသဖြင့်လုပ်ပြီးပေမဲ့၊အသက်တာမှာသမ္မာတရားအတိုင်းအသက်မရှင်ဘူးဆိုရင်အပြစ်ထဲဆက်နှစ်‌မျောသွားနိုင်ပါတယ်။ဒီလို‌ ပြောရင်ပိုရှင်းမယ်ထင်ပါတယ်-စစ်မှန်တဲ့နောင်တရသူဟာသမ္မာတရားနဲ့အသက်ရှင်သူဖြစ်ပါတယ်(သမ္မာတရားဆိုတာဘုရားစကားကိုဆိုလိုပါတယ်)။မဿဲ၁၂:၄၅ကိုကြည့်ရင်လူတစ်ယောက်ထဲကနေနတ်ဆိုးထွက်သွားခဲ့ပေမဲ့၊သူ့အထဲမှာသမ္မာတရားမထည့်ထားတဲ့အခါနတ်ဆိုး(၇)ဆပြန်ဝင်လာ‌နေတာမျိုးဖြစ်လာနိုင်ကြောင်း၊ဒီလိုအချိန်မျိုးမှာဆိုရင်ရှေ့ကအဖြစ်ထက်အခုအဖြစ်ကပိုဆိုးမှာဖြစ်ကြောင်းသတိပေးထားပါတယ်။ဒါ‌ကြောင့်စစ်မှန်တဲ့နောင်တရသူတိုင်းဟာသမ္မတရားအတိုင်းအသက်ရှင်ခြင်းကအင်မတန်အရေးပါလှပါတယ်။

နိဂုံး
စစ်မှန်သောနောင်တရခြင်းဆိုတာ
၁။အပြစ်ကိုသိမြင်လာခြင်း
၂။အပြစ်ကိုဝန်ချတောင်းပန်ခြင်း
၃။အပြစ်မှထွက်ခွာရှောင်ပယ်ခြင်း
၄။သမ္မာတရားတိုင်းအသက်ရှင်ခြင်း
ဖြစ်ပါတယ်။