မျောက်မ ထားသောအမျိုး
ယော၈:၄၁ထိုသူတို့ကလည်း၊ ငါတို့သည် မျောက်မ ထားသောအမျိုး မဟုတ်။
ရှေ့နောက်ကျမ်းချက်အရကြည့်ရင် ယေရှုရစ်တော်က၊အာဗြံဟံအမျိုးဖြစ်ပါတယ်လို့ပြောပြီးအာဗြံဟံလိုမကျင့်ဘဲနေကြတဲ့ယုဒလူမျိုး တွေကိုတရားဟောပေးနေတာပါ။ဒါကိုယုဒလူမျိုးတချို့ကယေရှုခရစ်တော်ကိုပိုပြီးမုန်းလာကြတာမို့၊ ယေရှုကို “မျောက်မ ထားသောအမျိုး”ဆိုပြီး ဝေဖန်ပြစ်တင်လာကြတာပါ။
မျောက်မ ထားသောဆိုတဲ့စကားလုံးကိုဆရာယုဒသန်ကမြန်မာလိုဘာသာပြန်တဲ့အခါပညာရှိစွာယူသုံးထားတာပါ။ဒါပေမဲ့မြန်မာလိုအားနည်းတဲ့သူ( ကျနော်လိုလူ)အတွက်နားမလည်ဖြစ်နေတတ်ပါတယ်။
မြန်မာအဘိဓာန်အရ “မျောက်မထားသောအမျိုး” ဆိုတဲ့အဓိပ္ပာယ်က-လင်ရှိမိန်းမဖြစ်လျက်အခြားယောက်ျားနှင့်ဖောက်ပြန်ပြီးရလာတဲ့က လေးကို ပြောတာပါ။(လင်ငယ်နေသည်။မျောက်မွေးသည်ပေါ့)။
မူရင်းဂရိကျမ်းကိုဒဲ့ဘာသာပြန်ရရင်မျောက်မ ထားသောအမျိုးဆိုတာမတရား သောမေထုန်ပြုခြင်းနဲ့မွေးလာသူကိုဆိုလိုပါတယ်။တနည်းအားဖြင့်ပုံမှန်အိမ်ထောင်ပြုပြီးမွေးလာတာမဟုတ်ဘဲ၊လိင်မှုကျူးလွန်ဖောက်ပြန်ပြီးကိုယ်ဝန်ရလာခြင်းကိုဆိုလိုပါတယ်။ဒါကြောင့် (ယော၈:၄၁)မှာတချိန်ကယုဒလူမျိုးတွေဟာယေရှုခရစ်တော်ကိုအဖေမပေါ်တဲ့မိခင်ကနေ(မေထုန်ပြုခြင်းမှ)မွေးလာတာဆိုပြီးစွပ်စွဲပြစ်တင်နေကြတာဖြစ်ပါတယ်။ဒါဟာဘုရားသခင်အပေါ်ကြီးမားတဲ့ပြစ်မှားခြင်းပါဘဲ။
နောက်တခုက
(ရောမ၇:၃-မိမိလင်မသေမီ အခြားသောသူ၏ မယားဖြစ်လျှင်၊ မျောက်မထားသောမိန်းမဟု ခေါ်ထိုက်၏။)
ဒီကျမ်းချက်အရ မျောက်မထားသောမိန်းမ ဆိုတာ လင်ရှိရက်သားနဲ့အခြား ယောက်ျားနဲ့ဖောက်ပြန်နေတဲ့မိန်းမကိုဆိုလိုပါတယ်။ဒီမှာဖော်ပြချင်တာကပညတ်တရားလက်ကနေသေပြီးမို့ခရစ်တော်ဆီရောက်လာခြင်းဟာဖောက်ပြန်ခြင်းမဟုတ်ကြောင်းရှင်းပြနေတာပါ။
၁။မျောက်မထားခြင်း=လိင်မှုကျူးလွန်ခြင်း
၂။မျောက်မထားသောအမျိုး=လိင်မှုကျူးလွန်ပြီးရလာသောကလေး
၃။မျောက်မထားသောမိန်းမ=လင်ဖောက်ပြန်သောမိန်းမ
ဒီလောက်ဆိုဒီစကားလုံးကိုအနည်းအကျဉ်းနားလည်ပြီလို့ယုံကြည်ပါတယ်။ဝိညာဉ်တော်ဘုရားသာ၍ဖွင့်ပြပါစေ။အာမင်။