ယေရှုသည်ထာဝရဘုရားဖြစ်သည်
နိဒါန်း
ထွက်မြောက်ရာကျမ်း၃း၁၄မှာ “ဘုရားသခင်ကလည်း၊ငါဖြစ်သည်အတိုင်းငါဖြစ်၏ဟူ၍လည်းကောင်း၊ ငါဖြစ်သည်ဟု အမည်ရှိသောသူသည်၊ ငါ့ကိုသင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အားပြန်ပြောလော့ဟူ၍လည်းကောင်း၊မောရှေအားမိန့်တော်မူ၏။”လို့ဖော်ပြပါတယ်။ဒီ“ငါဖြစ်သည်”(I Am)ဆိုတဲ့စကားကိုဓမ္မသစ်မှာယေရှုကိုယ်တိုင်ဝန်ခံပြောဆိုခဲ့တာရှိပါတယ်။တနည်းအားဖြင့်ယေရှုခရစ်တော်သည်ဓမ္မဟောင်းထဲကမောရှေကိုစေလွတ်တဲ့ထာဝရဘုရားဖြစ်ကြောင်းသူကိုယ်တိုင်ဝန်ခံခြင်းဖြစ်ပါတယ်။လေ့လာကြည့်ရအောင်ပါ။
၁။ယော၈း၂၄ ငါသည်ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။
ဒီကျမ်းချက်ထဲက“ဤမည်သောသူဖြစ်သည်”ဆိုတဲ့စကားဟာ(မူရင်းဂရိကျမ်းအရ)ဓမ္မဟောင်း(ထွ၃း၁၄)မှာဖော်ပြခဲ့တဲ့“ငါဖြစ်သည်”ဆိုတာနဲ့အတူတူဘဲဖြစ်ပါတယ်။ဒီကျမ်းချက်ကိုမူရင်းဂရိလိုကနေဒဲ့ဘာသာပြန်ရရင်“ငါသည်ငါဖြစ်သည် ဆိုတာကိုသင်တို့မယုံရင် အပြစ်မှာသေလိမ့်မယ်”လို့သက်ရောက်ပါမယ်။ဒါကယေရှုဟာသူ့ကိုယ်သူဓမ္မဟောင်းထဲကမောရှေကိုစေလွတ်တဲ့ထာဝရဘုရားဖြစ်ကြောင်းဝန်ခံခြင်းပါ။
၂။ ယော၈း၅၈ ယေရှုကလည်း၊ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မီ ငါဖြစ်၏ဟု မိန့်တော်မူ၏။
ဒီကျမ်းချက်ရဲ့“ငါဖြစ်၏”ဆိုတဲ့စကားဟာလဲ(မူရင်းဂရိကျမ်းအရ) ဓမ္မဟောင်း(ထွ၃း၁၄)မှာဖော်ပြခဲ့တဲ့“ငါဖြစ်သည်”ဆိုတာနဲ့အတူတူပါဘဲ။ဒီကျမ်းချက်ကိုမူရင်းဂရိလိုကနေဒဲ့ဘာသာပြန်ရရင်အာဗြံဟံမရှိခင်ကတည်းကငါရှိပြီဆိုတာထက်အာဗြံဟံမရှိခင်ကတည်းက“ငါသည်ငါဖြစ်သည်” (egô eimi G:1473, 1510)လို့သက်ရောက်ပါတယ်။ဒါကြောင့်လဲဂျူးလူမျိုးတွေကယေရှုကို(လူဖြစ်လျက်နဲ့သူ့ကိုယ်သူဘုရားလို့ပြောလို့ဆိုပြီး)ခဲနဲ့ပေါက်ကြတာပါ(ယော၁၀း၃၀-၃၃၊၅း၁၈၊မာကု၁၄း၆၂၊ဝတ်ပြုရာ၂၄း၁၆)။
၃။“ငါဖြစ်သည်”ဆိုတဲ့အသုံးအနူန်းကိုယေရှုခရစ်တော်ကရှင်ယောဟန်ခရစ်ဝင်ထဲမှာဘဲနောက်ထပ်၇ကြိမ်အသုံးပြုခဲ့ပါသေးတယ်။
၁။ငါသည်အသက်၏မုန့်(ယောဟန် ၆:၃၅ )
၂။ငါသည်လောက၏အလင်း(ယောဟန် ၈:၁၂)
၃။ငါသည်သိုးတို့၏တံခါး(ယော ၁၀:၉)
၄။ငါသည်ကောင်းသောသိုးထိန်း(ယော ၁၀:၁၁)
၅။ငါသည်ထမြောက်ခြင်း(ယော ၁၁:၂၅)
၆။ငါသည်လမ်းခရီး၊သမ္မာတရား၊အသက်(ယော၁၄:၆)
၇။ငါသည်မှန်သောစပျစ်နွယ်ပင်(ယော၁၅:၁)
ဒီထဲက“ငါဖြစ်သည်”ဆိုတဲ့စကားလုံးအားလုံးဟာလည်းဓမ္မဟောင်း(ထွ၃း၁၄)မှာဖော်ပြခဲ့တဲ့“ငါဖြစ်သည်”ဆိုတာနဲ့အတူတူဘဲဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်သည်ယေရှုခရစ်ရဲ့ဘုရားဖြစ်ခြင်းရှုထောင့်ကနေယေရှုအကြောင်းကိုရေးသားဖော်ပြခဲ့ခြင်းပါ။ဒါကြောင့်အစပြုကတည်းကနူတ်ကပတ်တော်(ယေရှု)ဟာဘုရားသခင်ဘဲဖြစ်ကြောင်းစတင်မိတ်ဆက်ပြီးရေးခဲ့တာပါ(ယော၁:၁-၁၄)။
နိဂုံး
အချုပ်ဆိုရသော်ယေရှုခရစ်သည်ဓမ္မဟောင်းထဲကမောရှေကိုစေလွတ်တဲ့ထာဝရဘုရားဘဲဖြစ်ပါသည်။ ဓမ္မဟောင်း(ဟေရှာ၄၃း၁၁)မှာ“ငါတစ်ပါးသည် ထာဝရဘုရားဖြစ်၍၊ငါမှတစ်ပါးကယ်တင်သောသခင်မရှိ”လို့ဖော်ပြပြီး၊ဒါကိုဓမ္ဓသစ်(တမန်၄း၁၁-၁၂)မှာ “ထိုသခင်(ယေရှု)မှတစ်ပါး အဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်”လို့ဖော်ပြထားတာမို့၊ယေရှုသည်ထာဝရဘုရားဖြစ်ကြောင်း သာ၍ထင်ရှားလှပါသည်။ပိုထင်ရှားတာက၁တိ၃:၁၆မှာဘုရားသခင်ဟာလူ့ဇာတိခံ(ခန္ဓာဖြင့်ပေါ်ထွန်း)တယ်လို့ဖော်ပြထားခြင်းပါဘဲ။