• 周五. 4 月 24th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အသင်းတော်တလုံးတဝဖြစ်ဖို့(၅)ချက်

ဆရာရဲမင်း

10 月 24, 2024

အသင်းတော်တလုံးတဝဖြစ်ဖို့(၅)ချက်
(အခြေပြုကျမ်း-ဧဖက်၁:၂၃၊၁ကော၁၂:၁၂-၂၇)

နိဒါန်း
အသင်းတော်ဆိုတာခရစ်တော်ရဲ့ခန္ဓာကိုယ်ဖြစ်ပြီးယုံကြည်သူတွေကတော့ဒီကိုယ်ခန္ဓာရဲ့မတူညီတဲ့အစိတ်အပိုင်းဖြစ်ကြတယ်လို့ကျမ်းစာကဖော်ပြထားပါတယ်။ဒါဆိုရင်ယနေ့ကျွန်တော်တို့ယေရှုခရစ်တော်ရဲ့ခန္ဓာအစိတ်အပိုင်းတခုအနေနဲ့အထူးလုပ်ဆောင်ရမဲ့အချက်တွေဘာရှိမလဲ?ဧဖက် ၁:၂၃ ၊၁ကော၁၂:၁၂-၂၇ကိုအခြေပြုပြီးအချက်၅ချက်နဲ့ဝေငှချင်ပါတယ်။

၁။ခရစ်တော်၌ဆက်နွယ်စေပါ။(၁ကော၁၂:၁၂)
တနည်းအားဖြင့်ခရစ်တော်ဟာအသင်းတော်တခုလုံးကိုထိန်းချုပ်သူဖြစ်တယ်၊ယုံကြည်သူတိုင်းကတော့မတူညီတဲ့အခန်းကဏ္ဍမှာမတူညီတဲ့အရေအချင်းဆက်ကပ်မှုနဲ့ပါဝင်နေရတာဖြစ်တယ်။အရေးကြီးတာကခန္ဓာအစိတ်အပိုင်းတိုင်းဟာခန္ဓာကိုယ်မှာဆက်နွယ်နေဖို့ပါ၊အစိတ်အပိုင်းတခုခုကခန္ဓာမှာမဆက်နွယ်နေရင်ဘာမှမလုပ်နိုင်တော့ပေ။ယနေ့ယုံကြည်သူတွေမှာလဲထို့အတူပင်၊အသင်းတော်ဆိုတဲ့ခရစ်တော်ရဲ့ခန္ဓာနဲ့ပါဝင်ဆက်နွယ်နေဖို့အရေးကြီးလှပါပေတယ်၊တချို့ကပြောကြတယ်၊အသင်းတော်မပါဝင်ရင်လဲဘာမှမဖြစ်ပါဘူးအိမ်မှာဘဲနေပြီးဝတ်ပြုလို့ရတယ်ပေါ့၊ဒါပေမဲ့ချစ်သောညီကိုမောင်နှမတို့ယနေ့ဖော်ပြခဲ့တဲ့ကျမ်းချက်အရယုံကြည်သူမှန်ရင်အသင်းတော်မှာပါဝင်ရပါတယ်၊အသင်းတော်မပါဝင်ဘူးဆိုရင်တော့ခရစ်တော်ရဲ့ခန္ဓာနဲ့ဆက်နွယ်မှုရှိတော့မည်မဟုတ်ပါ။

၂။အချင်းချင်းစပ်ဆိုင်မှုရှိစေပါ။(၁ကော ၁၂:၁၃-၁၆)
အသင်းတော်ထဲမှာမတူညီတဲ့လူမျိုးရှိမယ်၊မတူညီတဲ့အဆင့်အတန်းရှိမယ်၊ဒါပေမဲ့ဒီလူအားလုံးဟာတစိတ်တဝိညာဉ်ထဲမှာဗတ္တိဇံခံကြပြီးကယ်တင်ခြင်းရှေ့နောက်အတူတူရရှိခဲ့သူများဖြစ်ပါတယ်။လူလူချင်းမတူညီကြပေမဲ့တူညီစွာခံစားရတဲ့ဒီဝိညာဉ်တော်ဘုရားရဲ့အထဲမှာအတူတူမိသဟာယဖွဲ့ကြတာဖြစ်တယ်။ဒါကြောင့်အသင်းတော်ထဲမှာကိုယ်ကဘဲတော်နေတတ်နေသလို၊အခြားလူတွေကမရှိလဲဖြစ်တယ်ဆိုပြီးမဖြစ်စေပါနဲ့၊အခြားသူကိုအထင်မသေးမိစေပါနဲ့၊အထင်လဲသိပ်မကြီးမိစေပါနဲ့။နောက်တခုကအသင်းသားအချင်းချင်းဘာအခက်ခဲပြသနာကြုံကြုံကူညီဖြေရှင်းပေးကြပါ၊ငါ့နဲ့မဆိုင်ဘူးလို့မယူစပါနုဲ့၊ခရစ်တော်၌အချင်းချင်းကျေးဇူးပြုကြပါ။အချင်းချင်းစပ်ဆိုင်မှုရှိပါစေ။

၃။တလုံးတဝတည်းဆက်ကပ်ပါ။(၁ကော ၁၂:၁၇-၂၀)
ယုံကြည်သူများအတူတကွအသက်ရှင်ကြတဲ့အခါ၊မတူညီတဲ့ဆုကျေးဇူးအသီးသီးရှိကြတာဖြစ်တဲ့အတွက်တလုံးတဝတည်းဆက်ကပ်ကြပါလို့ကျမ်းစာကတိုက်တွန်းထားတာဖြစ်ပါတယ်။ဒါကြောင့်အသင်းတော်ထဲမှာပြသနာကောင်မဖြစ်စေဖို့အရေးကြီးလှပါပေတယ်၊အားလုံးကအဆင်ပြေနေပြီးကိုယ်တယောက်ထဲပြသနာရှာမွေးသူမျိုးမဖြစ်စေပါနဲ့၊အသင်းတော်မှာအချင်းချင်းရိုသေလေးစာကြပြီးချစ်ချစ်ခင်ခင်နဲ့အမှုတော်မြတ်ကိုထမ်းရွက်သင့်ပါပေတယ်၊တလုံးတဝတည်းဆက်ကပ်မှသာလျှင်အသင်းတော်ကြီးထွားတိုးတက်မှာဧကန်မုချပါ။

၄။အချင်းချင်းအားဖြင့်ပြည့်စုံစေပါ။(၁ကော ၁၂:၂၁-၂၅)
အသင်းတော်ဆိုတာအပြစ်ကင်းသူတွေနေကြတဲ့နေရာမဟုတ်ပါဘူး၊မပြည့်စုံတဲ့သူတွေ၊အပြစ်ရှိပြီးကိုယ့်အပြစ်ကိုဝန်ချတောင်းပန်တဲ့လူတွေနဲ့ဘဝသစ်မှာအသက်ရှင်ဖို့ဆန္ဒရှိကြသူများသာဖြစ်ပါတယ်၊ဒါကြောင့်အသင်းတော်ထဲကယုံကြည်သူဘယ်သူမှပြည့်စုံသူလို့ရယ်မရှိပါဘူး။သူတပါးမပြည့်စုံတာကိုလက်ညိုးထိုးဖို့မလုပ်ဘဲကိုယ့်ရဲ့မပြည့်စုံမှုကိုမေတ္တာအားဖြင့်အချင်းချင်းတည်ဆောက်ကြဖို့ဖြစ်ပါတယ်၊အထူးသဖြင့်ယုံကြည်ခြင်းပိုင်းနဲ့ဆုကျေးဇူးပိုင်းမှာမတူညီတဲ့အဆင့်ရှိကြသလို၊အပြင်ပန်းသဏ္ဍာန်မှာလဲချောသူနဲ့ရုပ်ဆိုးသူရှိကြမှာပါ။အပြင်လောကမှာလဲအဆင့်အတန်းမတူကြပါဘူး၊လူတိုင်းအားသာချက်အားနည်းချက်ကိုယ်စီရှိကြပါတယ်၊ဒါကိုအချင်းချင်းမေတ္တာဖြင့်လက်ခံဖုံးအုပ်ပြီးခရစ်တော်ထဲမှာအချင်းချင်းတည်ဆောက်ပြည့်စုံရမှာဖြစ်ပါတယ်။

၅။အချင်းချင်းကူညီဖေးမပါ။(၁ကော ၁၂:၂၆-၂၇)
လက်နာရင်တကိုယ်လုံးနာရပါတယ်၊ထို့အတူအခြားသောအင်္ဂါသေးသေးလေးတခုခုထိခိုက်သွားရင်လဲခန္ဓာတကိုယ်လုံးမနေသာပါဘူး။သမ္မာကျမ်းစာကယုံကြည်သူတိုင်းဟာအသင်းတော်ဖြစ်တဲ့ယေရှုခရစ်တော်ရဲ့ခန္ဓာကိုယ်ဖြစ်တယ်လို့ဆိုပါတယ်၊ဒါကြောင့်ဘယ်အသင်းသားဘယ်လိုအခက်ခဲကြုံနေရသလဲဆိုတာအသင်းတော်တခုလုံးရဲ့တာဝန်ဖြစ်ပါတယ်၊ငါနဲ့မဆိုင်ဘူးလို့မပြောပါနဲ့၊သင်ဟာအသင်းတော်နဲ့ဆိုင်သောသူမှန်လျှင်အခြားအသင်းသားတွေ့ကြုံနေတဲ့အခက်ပြဿနာဟာလဲသင့်နဲ့ဆိုင်နေပါတယ်၊ဒါကြောင့်အချင်းချင်းကူညီပါ၊ဖေးမပါ။ဒါဟာခန္ဓာကိုယ်အစိတ်အပိုင်းတခုအနေနဲ့လုပ်ရမဲ့အရာဖြစ်ပါတယ်။

နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ယနေ့သင့်အသင်းတော်မှာသင်ဟာဘယ်အခြေနေမှာရှိနေပါသလဲ?ဒီနေ့ဒေသနာအားဖြင့်အသင်းတော်ဆိုတာခရစ်တော်ရဲ့ခန္ဓာဖြစ်ပြီးယုံကြည်သူတွေဟာဒီခန္ဓာရဲ့အစိတ်အပိုင်းများဖြစ်တယ်လို့သမ္မာကျမ်းစာအားဖြင့်ကျွန်တော်တို့သိခဲ့ရပါပြီ။ဒါကြောင့်ယနေ့ခရစ်တော်ရဲ့ခန္ဓာအစိတ်အပိုင်းတခုအနေနဲ့အသင်းတော်နဲ့အမြဲဆက်နွယ်နေဖို့အရေးကြီးပါတယ်၊ယုံကြည်သူအချင်းချင်းစပ်ဆိုင်မှုတွေရှိနေရမှာဖြစ်သလို၊ခရစ်တော်၌တလုံးတဝထဲဆက်ကပ်ရမှာဖြစ်ပါ။လူတိုင်းမပြည့်စုံကြပါဘူး၊ဒါပေမဲ့ဒီမပြည့်စုံမှုကိုအချင်းချင်းဖေးမပြည့်စုံစေပြီးကူညီရမှာဖြစ်ပါကြောင်းဒီနေ့နုတ်ကပတ်တော်အားဖြင့်ခွန်အားပေးလိုက်ရပါတယ်။ဖတ်ရှုသူအယောက်ဆီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။