• 周四. 4 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

တောင်ပေါ်ဒေသနာမင်္ဂလာ(၈)ပါးအကျဉ်း

ဆရာရဲမင်း

10 月 24, 2024

မင်္ဂလာ(၈)ပါးအကျဉ်း
(အခြေပြုကျမ်း-ရှင်မသဲ ၅:၃-၁၂)

၁။စိတ်နှလုံးနှိမ့်ချသောသူ
ရှင်မဿဲခရစ်ဝင်၅:၃စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏…လို့ဖော်ပြထားပါတယ်။ဒီနေရာမှာစိတ်နှလုံးနှိမ့်ချသောသူဆိုတာမူရင်းအဓိပ္ပာယ်ကဝိညာဉ်ရေးရာမှာဆင်းရဲသောသူဖြစ်ပါတယ်၊ဒီလိုလူဟာယေရှုကိုလိုအပ်နေလို့ရှာဖွေလက်ခံတဲ့အခါမှာကောင်းကင်နိုင်ငံကိုရလိမ့်မယ်လို့ပြောခြင်းဖြစ်ပါတယ်။ဒါဟာပထမင်္ဂလာတမျိုးပါ။

၂။စိတ်မသာညည်းတွားသောသူ
ရှင်မဿဲခရစ်ဝင် ၅:၄စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည်သက်သာခြင်းသို့ရောက်ကြလတံ့။…ဒီနေရာကပြောတဲ့စိတ်မသာညည်းတွားသောသူဆိုတာမိမိအပြစ်ကိုမြင်ပြီးဒီအပြစ်အတွက်ညည်းတွားနောင်တရခြင်းပါ၊ဒီလိုလူဟာသက်သာခြင်းမင်္ဂလာကိုရမှာဖြစ်ကြောင်းကျမ်းစာကဖော်ပြထားပါတယ်။ဥပမာကျမ်းစာထဲကအခွန်ခံရဲ့ဆုတောင်းခြင်း၊သားမိုက်နောင်တ၊ဒီအရာတွေဟာမိမိအပြစ်အတွက်နောင်တရပြီးစိတ်မသာညည်းတွားခြင်းဘဲဖြစ်ပါတယ်။ဒီလိုလူတွေကိုဘုရားသခင်ကသက်သာခြင်းမင်္ဂလာရစေမယ်လို့ကျမ်းစာထဲမှာဖော်ပြထားပါတယ်။

၃။စိတ်နူးညံ့သိမ်မွေ့သောသူ
ရှင်မဿဲခရစ်ဝင်၅:၅စိတ်နူးညံ့သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကား၊ထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြလတံ့။…စိတ်နူးညံ့သိမ်မွေ့သောသူဆိုတာဘုရားသခင်အုပ်စိုးခြင်းကိုခံယူသောအသက်တာဖြစ်ပါတယ်၊ငါဆိုတာကိုပယ်ချပြီးဘုရားစကားကိုနာခံခြင်းပါ။ဒေါသကိုထိန်းချုပ်နိုင်သူဖြစ်ပါတယ်။ဒီလိုလူဟာမင်္ဂလာရှိတဲ့သူဖြစ်ပြီးဘုရားကောင်းကြီးကိုဒီဘဝမှာလုံလောက်စွာခံစားရမှာဖြစ်ပါတယ်။

၄။ဖြောင့်မတ်ခြင်းကို ဆာငတ်သောသူ
ရှင်မဿဲခရစ်ဝင်၅:၆ဖြောင့်မတ်ခြင်းပါရမီကိုဆာငတ်ခင်မွတ်သောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကား၊ထိုသူတို့သည်ဝပြောခြင်းသို့ရောက်ကြလတံ့။…ဒီနေရာကဖြောင့်မတ်ခြင်းဆိုတာဘုရားကိုပြောခြင်းဖြစ်ပါတယ်၊ဘုရားသခင်ကသာဖြောင့်မတ်ခြင်းရဲ့အရင်းအမြစ်မို့ပါ။ဆိုတောတနည်းအားဖြင့်ဘုရားသခင်ကိုအမြဲတမ်းဆာငတ်နေတတ်သောသူဟာမင်္ဂလာရှိတယ်ဆိုလိုတာပါ။ဘုရားသခင်ကဒီလိုလူရဲ့ဆန္ဒကိုဖြည့်စည်းပေးပြီးဝပြောစေပါလိမ့်မယ်။

၅။သနားစုံမက်တတ်သောသူ
ရှင်မဿဲခရစ်ဝင် ၅:၇သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်သနားစုံမက်ခြင်းကိုခံရကြလတံ့။…သနားစုံမတ်ခြင်းဆိုတာသူတပါးကိုစာနာတတ်ပြီးလက်တွေ့ကူညီနေခြင်းဘဲဖြစ်ပါတယ်။ဒီလိုလူကိုသမ္မာကျမ်းစာကမင်္ဂလာရှိသူလို့ဖော်ပြပါတယ်၊ဒီလိုလူကိုဘုရားသခင်ကသနားခြင်းဂရုဏာထပ်လောင်းပေးပါလိမ့်မည်။

၆။စိတ်နှလုံးဖြူစင်သောသူ
ရှင်မဿဲခရစ်ဝင် ၅:၈ စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဘုရားသခင်ကိုမြင်ရကြလတံ့။…စိတ်နှလုံးဖြူစင်သောသူဆိုတာမူရင်းအဓိပ္ပာယ်မှာအတွင်းစိတ်ဖြူစင်ပြီးနှလုံးသားထဲမှမကောင်းမှုလုံးဝမရှိခြင်းကိုဆိုလိုတာပါ။ဒါပေမဲ့ယနေ့ယုံကြည်သူတိုင်းဟာစိတ်နှလုံးမဖြူစင်နိုင်သေးလို့နေ့တိုင်းကျမ်းစာဖတ်ခြင်း၊ဆုတောင်းခြင်းအားဖြင့်မိမိစိတ်နှလုံးကိုအမြဲစင်ကြယ်နေစေဖို့လိုပါတယ်။ဒါမှသန့်ရှင်းသောဘုရားသခင်ကိုမြင်နိုင်မှာဖြစ်ပါတယ်။

၇။ရန်ကိုငြိမ်းစေတတ်သောသူ
ရှင်မဿဲခရစ်ဝင်၅:၉သူတပါးချင်းခိုက်ရန်ပြုခြင်းကိုငြိမ်းစေတတ်သောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကားထိုသူတို့သည်ဘုရားသခင်၏သားတော်ဟုခေါ်ဝေါ်ခြင်းကိုခံရကြလတံ့။…သူတပါးချင်းရန်ဖြစ်တာကိုငြိမ်းစေသောသူဆိုတာလူသားတိုင်းကိုငြိမ်သက်ခြင်းပေးဖို့ပါ၊လူတွေကိုသင့်မြတ်စေဖို့ဆိုရင်ကျွန်တော်တို့ကြိုးစားမှုနဲ့တော့မရပါဘူး၊ယေရှုခရစ်တော်အကြောင်းဝေငှပြီးအသက်တာမှာသူတပါးကိုယေရှုအားလက်ခံစေပါ၊ဇက်ခဲလေးလိုလူဟာဘုရားနဲ့အရင်သင့်မြတ်မှလူလူချင်းသင့်မြတ်လို့ရလာမှာပါ။ဒါကြောင့်ရန်ကိုငြိမ်းစေဖို့ငြိမ်ဝ်ချမ်းသာလူတိုင်းရစေဖို့ဧဝံဂေလိလုပ်ရပါလိမ့်မယ်၊ဒါမှသင်ဟာဘုရားသားသမီးလို့မင်္ဂလာရှိသောသူဖြစ်ပါလိမ့်မယ်။

၈။ဖြောင့်မတ်ခြင်းကြောင့်ညှဉ်းဆဲခံရသူ
ရှင်မဿဲခရစ်ဝင် ၅:၁၀-၁၂ဖြောင့်မတ်ခြင်းတရားကြောင့်နှောင့်ရှက်ညှဉ်းဆဲခြင်းကိုခံရသောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက်အပြစ်တကာတင်ကြသောအခါ၊သင်တို့သည်မင်္ဂလာရှိကြ၏။ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။အကြောင်းမူကား၊ကောင်းကင်ဘုံ၌သင်တို့၏အကျိုးသည်ကြီးလှပေ၏။သင်တို့ရှေ့ကပေါ်ထွန်းသောပရောဖက်တို့ကိုထိုနည်းတူညှဉ်းဆဲကြပြီ။…ချစ်သောမိတ်ဆွေ၊ယနေ့သင်ဟာခရစ်တော်ကြောင့်ဒုက္ခဆင်းရဲခံနေရရင်၊ခရစ်တော်ကြောင့်ညည်းဆဲခြင်းကိုခံနေရရင်သင်ဟာမင်္ဂလာရှိသောသူဆိုတာမမေ့ပါနဲ့။သင့်အတွက်ကောင်းကင်နိုင်ငံမှာဆုလာဒ်တွေအများကြီးရမှာဖြစ်ပါတယ်။ဟာလေလုယာ။