ပညတ်တရားနှင့်ယုံကြည်သူ
(အခြေပြုကျမ်း-ရှင်မဿဲခရစ်ဝင် ၅:၁၇)
နိဒါန်း
ယနေ့ယုံကြည်သူတွေကြားထဲမှာရှုပ်ထွေးနေတာတခုကယုံကြည်သူတွေပညတ်တရားကိုဆက်လက်ကျင့်သုံးရအုံးမလားဆိုတာပါဘဲ။ပညတ်တရားဆိုတာအထူးသဖြင့်ပညတ်၁၀ပါးအပါအဝင်မောရှေပညတ်နဲ့ဓမ္မဟောင်းပညတ်အားလုံးကိုပြောခြင်းဖြစ်ပါတယ်။ဒီအရာတွေကိုယနေ့ယုံကြည်သူတွေလိုက်လျှောက်ရမည်လော?ပညတ်တရားနဲ့ကျေးဇူးတရားဆိုတာကိုရှင်းရှင်းလေးသိအောင်ဒီနေ့အတူတကွလေ့လာကြည့်ကြရအောင်။
၁။ပညတ်ကိုပြည့်စုံစေသောယေရှုခရစ်
ကကရှင်မဿဲခရစ်ဝင် ၅:၁၇မှာယေရှုကပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။ လို့ဆိုပါတယ်။ဒီနေရာမှာပြောထားတဲ့ပညတ္တိကျမ်းဆိုတာသမ္မာဟောင်းကျမ်းထဲကပညတ်အားလုံးကိုပြောတာဖြစ်ပြီး၊အနာဂတ္တိကျမ်းဆိုတာကတော့သမ္မာဟောင်းကျမ်းထဲကပရောဖတ်ပြုချက်အားလုံးကိုဆိုလိုတာဖြစ်ပါတယ်။သခင်ယေရှုကဘာလို့မထင်ကြနှင့်လို့ပြောတာလဲ?အကြောင်းရင်းကတရားနာပရိတ်သတ်တချို့ဟာယေရှုရဲ့သွန်သင်ချက်တွေကကျမ်းဟောင်းထဲကပုံစံမဟုတ်ဘူးဘဲ၊သူကျမ်းဟောင်းထဲကပညတ်တွေပရောဖတ်စကားတွေကိုပယ်ဖျက်မလို့လားဆိုပြီးသံသယဝင်နေသူရှိလို့အဲလိုမထင်ကြနှင့်ဆိုပြီးရှင်းပြနေတာဖြစ်ပါတယ်။အကယ်၍ယေရှုကပညတ်နဲ့အနာဂတ္တိစကားကိုသာပယ်ဖျက်လိုက်ရင်သူဟာမေရှိယဖြစ်ကြောင်းနဲ့လူတွေမှာအပြစ်ရှိကြောင်းသက်သေအထောက်ထားကိုသူကိုယ်တိုင်ဖျောက်ဖြတ်လိုက်သလိုဖြစ်မှာမို့ပါ။
သခင်ယေရှုကပညတ်တရားကိုပယ်ဖျက်ဖို့လာတာမဟုတ်ဘူးဆိုရင်ဘာလာလုပ်ပါသလဲ၊အဖြေကတော့ယေရှုဟာပညတ်တရားနဲ့ပရောဖတ်စကားတွေကိုပြည့်စုံစေဖို့လာတာဖြစ်ပါတယ်။ဘယ်လိုပြည့်စုံသလဲဆိုတော့ပညတ်တရားမှာရေးထားတဲ့အရာနဲ့ကြိုဟောထားတဲ့အရာတွေအားလုံးယေရှုစီမှာအကုန်ဖြစ်လာခဲ့တာပါဘဲ။ပြည့်စုံစေပြီဆိုတာဥပမာတရားဟောင်းမှာမျက်စိအတွက်မျက်စိ၊သွားအတွက်သွားပေးဆပ်ရမယ်ဆိုထားတာကိုယေရှုကဒီပညတ်ကိုပြည့်စုံအောင်ရန်သူကိုချစ်ပါ၊ကို့ယ်ကိုမုန်းနေသူကိုဆုတောင်းမေတ္တာပို့ပေးပါဆိုပြီးသွန်သင်ခြင်းလည်းဖြစ်ပါတယ်။တနည်းအားဖြင့်ပညတ်တရားမပြည့်စုံသေးတာကိုဖြည့်ဆည်းပြည့်စုံစေပြီးပိုမြင့်တဲ့တရားသစ်ပြဒါန်းခြင်းပါ၊ဒီတရားသစ်ထဲမှာပညတ်တွေကိုလက်ဝါးကပ်တိုင်မှာချေခဲ့ပြီးupdateမြင့်ပေးခဲ့ပါတယ်။ဒါကြောင့်ပေါလုကရောမ၃:၃၁မှာသာ၍တည်စေတာလို့ဖော်ပြထားတာပါ။အဓိကကတော့လူတွေမလုပ်နိုင်တဲ့ဒီပညတ်တရားကိုသူကိုယ်တိုင်လူသားတွေအတွက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။လူသားအားလုံးဟာအပြစ်ကြောင့်ညတ်တရားလက်အောက်မှာသေဒဏ်ကျခံရမဲ့သူတွေပါ၊ဒါပေမဲ့ယေရှုခရစ်တော်အားဖြင့်ပညတ်တရားရဲ့တောင်းဆိုမှုကိုဖြည့်စည်းအောင်နိုင်ခဲ့ရတာပါ။
ဒါကြောင့်ပညတ်တရားကိုပြည့်စုံစေတယ်ဆိုတာဟာ၊ယေရှုလိုပညတ်တရားကိုကျင့်ပြီးပြည့်စုံအောင်လုပ်ရမယ်ဆိုတဲ့သဘောမျိုးမဟုတ်ပါ။ပညတ်တရားဟာယေရှုခရစ်တော်အားဖြင့်ပြည့်စုံပြီဖြစ်တဲ့အတွက်ယေရှုကိုရရင်ပညတ်တရားရဲ့တောင်းဆိုမှုအကုန်အော်တိုအောင်နိုင်ခြင်းဖြစ်ပါတယ်။ဒါကြောင့်ရောမဩဝါဒစာ ၁၀:၄မှာယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏လို့အတိအလင်းဆိုပါတယ်။ဒါကြောင့်ညီကိုမောင်နှမတို့၊ယနေ့ခရစ်တော်ယေရှုဟာလူသားအားလုံးအတွက်ပညတ်တရားကိုပြည့်စေခဲ့ပါပြီ။သူ့ကိုယုံကြည်သူတိုင်းဟာပညတ်ရဲ့အချုပ်အနှောင်မှလွတ်ခွင့်ရခဲ့ပါပြီ။ဟာလေလုယာ။
၂။ယနေ့ယုံကြည်သူတွေပညတ်စောင့်စရာလိုသေးလား?
အဦးဆုံးပညတ်တရားလို့ပြောလိုက်တဲ့အခါကျမ်းဟောင်းမှာအမျိုးအစားနှစ်မျိုးတွေ့ရပါတယ်။ပထမတမျိုးကထုံးတမ်းဆိုင်ရာပညတ်ဖြစ်ပြီးဒုတိယတမျိုးကကိုယ်ကျင့်တရားဆိုင်ရာပညတ်ပါ။ထုံးတမ်းဆိုင်ရာပညတ်ဆိုတာဥပမာယဇ်ဘယ်လိုပူဇော်ရမလဲ၊နေ့ရက်တွေကိုဘယ်လိုစောင့်ရမလဲ?ဘယ်လိုဝတ်စားဆင်ရင်ရမလဲဆိုတဲ့စည်းကမ်းဥပဒေတွေပါ။ကိုယ့်ကျင့်တရားဆိုင်ရာကတော့ဘုရားကိုဘယ်လိုချစ်ကြောက်ရိုသေရမယ်၊လူလူချင်းဘယ်လိုချစ်ရမလဲဆိုတာဖြစ်ပါတယ်။ဒီပညတ်တွေအားလုံးကိုယေရှုခရစ်တော်ကလက်ဝါးကပ်တိုင်မှာလူသားတွေအတွက်ပြည့်စုံစေခဲပြီဖြစ်ကြောင်းကောလောသဲဩဝါဒစာ၂:၁၄မှာဒီလိုဖော်ပြထားပါတယ်။ ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ၍၊ လက်ဝါး ကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။….ဝိနည်းအထုံးအဖွဲ့နဲ့ကိုယ့်ကျင့်တရားဆိုင်ရာပညတ်ကိုချေခဲ့ပြီးရွှေပညတ်ဖြစ်တဲ့ချစ်ခြင်းမေတ္တာနဲ့ပညတ်အားလုံးပေါ်ဖုံးအုပ်ခဲ့တာပါ၊အဲဒီရွှေပညတ်ကတော့ဘုရားကိုချစ်ခြင်းနဲ့လူလူချင်းချစ်ခြင်းပါ(ရှင်ယာကုပ် ၂:၈)။ဒါကြောင့်ရှင်ယောဟန်ခရစ်ဝင် ၁:၁၇မှာ ပညတ်တရားဟာမောရှေကနေပေးပြီး ကျေးဇူးတရားနှင့် သစ္စာတရားကတော့ ယေရှုခရစ်အားဖြင့် ဖြစ်သတည်းလို့ဆိုထားတာပါ။ဒါကြောင့်ယနေ့ယုံကြည်သူတွေဟာသမ္မာဟောင်းကျမ်းထဲကပညတ်ကိုအသေစောင့်တာမျိုးမလိုအပ်တော့ပါ။ဘာလို့လဲဆိုတော့ခရစ်တော်ကိုယုံကြည်လိုက်လို့ပညတ်တရားကျွန်တော်တို့အထဲမှာပြည့်စုံသွားပါပြီ၊တနည်းအားဖြင့်ဆယ်တန်းအောင်သွားပြီးဆယ်တန်းစာပြန်ကျက်စရာမလိုတော့တဲ့သဘောပါ။ဆယ်တန်းစာထဲပါတာတွေမိမိအသက်တာမှာအသုံးမကျတော့ဘူးဆိုလိုချင်းမဟုတ်ပါ။ဒါကြောင့်ပညတ်တရားဟာ ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရလို့ကျမ်းစာလာသည်နှင့်အမျှယေရှုခရစ်တော်ဟာဒီကျမ်းဟောင်းပညတ်ကိုပြည့်စုံစေပြီမို့ယေရှုခရစ်တော်ကိုယ်၌ကပညတ်တရားရဲ့အချုပ်အခြာဖြစ်သွားပါပြီ။တနည်းအားဖြင့်ပညတ်တရားဟာလူတွေကိုလုပ်ဖို့တောင်းဆိုတာဖြစ်ပြီး၊ကျေးဇူးတရားကတော့လူတွေကိုလုပ်နိုင်အောင်ကူညီပေးတာပါ။ထိုကြောင့်ပညတ်အားဖြင့်ကယ်တင်ခြင်းရတာမဟုတ်၊ယုံကြည်ပြီးကယ်တင်ခြင်းရလို့ပညတ်အချုပ်အခြာဖြစ်တဲ့ခရစ်တော်ရဲ့ပညတ်သစ်စကားကိုလိုက်နာကျင့်သုံးအသက်ရှင်ရပါတယ်။တနည်းအားဖြင့်ခရစ်တော်ကိုရပြီးသူ့စကားတိုင်းလိုက်လျှောက်သူဟာကျမ်းဟောင်းပညတ်ကိုပြည့်စုံစေသူများဖြစ်ပါတယ်။ဥပမာဥပုသ်ရဲ့ငြိမ်ဝပ်ချမ်းသာခြင်းကခရစ်တော်၌ပြည့်စုံသွားလို့မရသေးသလိုပြန်ုသွားစောင့်စရာမလိုတော့ပါ။ဒါဆိုရင်ပညတ်၁၀ပါးချိုးဖောက်လို့ရပြီလား?မဟုတ်ပါ၊ခရစ်တော်ပေးတဲ့ရွှေပညတ်(ချစ်ခြင်း)ကိုကျင့်သုံးသူမှန်သမျှဟာပညတ်၁၀ပါးလက်အောက်မှာမရှိတော့ဘဲပညတ်၁၀ပါးထက်ကျော်လွန်ကျင့်သုံးတဲ့သဘောပါ၊ဥပမာဘုရားသခင်ကိုချစ်ရင်အခြားသောဘုရားကိုကိုးကွယ်မှာမဟုတ်သလိုလူကိုချစ်ရင်သူ့ဥစ္စာမခိုးတော့ပါ၊မလိမ်မညာတော့ပါ၊သူ့ဥစ္စာမတက်မတ်တော့ပါ၊လူ့အသတ်မသတ်တော့ပါ(ရောမဩဝါဒစာ ၁၃:၉)။ဒါကြောင့်ကျမ်းဟောင်းပညတ်ကိုလိုက်နာနေခြင်းမဟုတ်ဘဲအဆင့်မြင်လိုက်တဲ့အရာကိုယနေ့ယုံကြည်သူတွေလိုက်နာနေရတာပါ။
နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ပညတ်တရားဆိုတာရောဂါစစ်တဲ့ကိရိယာတခုနဲ့တူပါတယ်၊သင့်မှာရောဂါရှိမရှိစစ်ဆေးပေးတာပါ၊ဒါပေမဲ့ဒီကိရိယာကသင့်ရောဂါကိုမကုသပေးနိုင်ပါဘူး။ရောဂါရှိပြီဆိုရင်ကုသဖို့အတွက်ကျေးဇူးတရားဆိုတဲ့ခရစ်တော်ရဲ့ကယ်တင်ခြင်းနဲ့မှသက်သာနိုင်မှာပါ။ဒါကြောင့်ပညတ်တရားဟာလူတွေကိုအပြစ်ရှိမရှိသိစေပြီးဒီအပြစ်ကနေလွတ်မြောက်ဖို့ယေရှုခရစ်တော်ဆီတွန်းပို့ခြင်းသာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ယေရှုခရစ်တော်သာလျှင်ကယ်တင်ပေးနိုင်မှာဖြစ်လို့ပါ။ဒါဆိုရင်ကယ်တင်ခြင်းရပြီးတဲ့လူတစ်ယောက်ဟာပညတ်ကိုပယ်ရမလား?မပယ်ပါ၊ပြည့်စုံသွားပြီဖြစ်လို့အဆင့်မြင်သွားတဲ့အရာကိုကျင့်သုံးတာဘဲဖြစ်ပါတယ်။တနည်းအားဖြင့်အပ်ဒိတ်လုပ်လိုက်တာပါ၊မလိုအပ်တာကိုပယ်ရှင်းပြီးလိုအပ်နေတဲ့အရာကိုထပ်မံဖြည့်စွပ်ပြည့်စုံစေပြီးကျမ်းသစ်မှာပြဒါန်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ဟာသင်တို့ ကျင့်သောအကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ကျင့်သောအကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြလို့ပြောထားတာပါ။ဒီနေရာမှာဆိုလိုရင်းကဖာရိရှဲတွေထက်ပညတ်တရားကိုပိုကျင့်ရမယ်လို့ဆိုလိုတာမဟုတ်ပါ။စုံလင်သောပညတ်တရားဖြစ်တဲ့ခရစ်တော်ကိုယုံကြည်လက်ခံသောသူသာလျှင်ဖာရိရှဲတွေရဲ့အကျင့်ကိုသာလွန်နိုင်မှာဖြစ်ကြောင်းနားလည်စေပါတယ်။