အကောင်းဆုံးပေးဖို့အလိုတော်ကိုသိပါ
(အခြေပြုကျမ်း- မိက္ခာ ၆:၈)
နိဒါန်း
တစ်နေ့သောမနက်မှာယုန်တစ်ကောင်ဟာငါးသွားမျှားသတဲ့၊တစ်နေကုန်ထိုင်မျှားပေမဲ့ငါးတစ်ကောင်မှမရဘူး။နောက်တစ်ရက်မှာဒုတိယအကြိမ်ပြန်လာမျှားပြန်တယ်၊ဒီကြိမ်လဲတစ်နေကုန်တစ်ကောင်မှမရပြန်ဘူး။ဒါပေမဲ့ယုန်ကစိတ်ဓာတ်မကျဘူး၊တတိယအကြိမ်သုံးရက်မြောက်နေ့မှာ မနက်စောစောထပြီးမြစ်ရေဆီလျှောက်လာခဲ့ပါတယ်၊ရောက်တာနဲ့ငါးမျှားတံချမယ်လုပ်တော့ငါးကြီးတစ်ကောင်ဘွားကနဲ့ပေါ်လာပြီ”ယုန်တုံးယုန်အ၊နောက်တခါမုံလာဥနီနဲ့ဒီမှာငါးထပ်လာမျှားကြည့်၊မင်းကိုငါတခါထဲရေထဲဆွဲချခဲ့မယ်”ဟူ၍ပင်။
ချစ်သောမိတ်ဆွေ၊များစွာသောအားဖြင့်ကျွန်တော်တို့ပေးနေတဲ့အရာတွေကကိုယ်ပေးချင်တဲ့အရာတွေသာဖြစ်ပြီး၊တဖက်သားလိုလားနေခြင်းမဟုတ်ပါလေ။ကိုယ့်အလိုနဲ့သူတပါးကိုပေးဆပ်နေတာဟာတန်ဖိုးမရှိပါဘူး။ကိုယ်ချစ်တဲ့သူကိုကိုယ်အကောင်းဆုံးထင်ထားတဲ့အရာတွေထက်သူအကောင်းဆုံးလို့ခံယူထားတာကိုပေးမှတန်ဖိုးရှိပါမည်။ထို့အတူပင်ဘုရားသခင်ကိုချစ်သောယုံကြည်သူများကိုယ့်သဘောဖြင့်ကောင်းတယ်ထင်နေသောအရာကိုပေးတာထက်ဘုရားသခင်အမြင်ထဲကကောင်းတယ်ဟုဆိုထားသောအရာများကိုသာ၍ဦးစားပေးလုပ်ဆောင်သင့်ပေသည်။ကိုယ်ချစ်တဲ့သူရဲ့အကြိုက်ကိုသိအောင်စုံစမ်းမေးမြန်းရသလိုဘုရားသခင်ရဲ့အလိုတော်ကိုသိဖို့ရန်သမ္မာကျမ်းစာဖတ်ရှုဖို့လိုပါလိမ့်မည်။သမ္မာကျမ်းစာထဲတွင်ဘုရားသခင်နှစ်သက်တော်မှုသောအရာအများကြီးဖော်ပြထားပါသည်။ပိုပြီးရှင်းရှင်းလေးတောင်းဆိုထားတဲ့ကျမ်းချက်ကတော့မိက္ခာအနာဂတ္တိကျမ်း ၆:၈ပါ”အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသော စိတ်နှင့် ကျင့်နေခြင်းမှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရားတောင်း တော်မူသနည်း”။…ယနေ့ဒီကျမ်းထဲကအချက်သုံးချက်ကိုအတူတကွလေ့လာခွန်အားယူဖို့ဝေငှချင်ပါတယ်။
၁။တရားသဖြင့်ပြုခြင်း
တရားသဖြင့်ပြုခြင်းဆိုတာဘုရားရဲ့ဖြောင့်မတ်ခြင်းကိုရည်ညွန်းပါတယ်။ယုံကြည်သူတွေပေါ်ဘုရားရှိစေချင်တာကဒီဖြောင့်မတ်တရားပါ၊ယနေ့မျက်မှောက်ခေတ်ကာလမှာတရားသဖြင့်ပြုခြင်းအမှုဟာအင်မတန်ရှာပါးသွားပါပြီ။စကားပုံတခုအရ အမှန်တရားဟာငွေနဲ့တွေ့စုံမိတိုင်းခေါင်းငြိမ့်သွားစမြဲဆိုတဲ့အတိုင်းဖြစ်နေပါပြီ။ဒါကြောင့်ဒီလိုခေတ်ကာလမှာယုံကြည်သူဘုရားသားသမီးတွေဟာအမှန်အမှားကိုသေချာနားလည်စွာပိုင်းခြားပြီးအမှန်တရားဖက်မှာမားမားရပ်တည်ဖို့အင်မတန်အရေးကြီးပါပေတယ်။တခုတော့သတိထားရမှာကမိမိကိုင်ဆောင်ထားတဲ့ဒီအမှန်တရားဟာလောကီလူသားတွေခံယူထားတဲ့အမှန်တရားမဟုတ်ဘဲသမ္မာကျမ်းစာကသတ်မှတ်ပေးထားတဲ့တရားသဖြင့်ပြုခြင်းအမှုအလုံးစုံကိုစံချိန်အဖြစ်ထားသင့်ပါပေတယ်။
၂။ဂရုဏာကိုနှစ်သက်ခြင်း
ဂရုဏာဆိုတာစာနာနားလည်ပေးနိုင်တဲ့မေတ္တာစိတ်ထားပါ။ယုံကြည်သူဘုရားသားသမီးတိုင်းကိုဘုရားရှိစေချင်တဲ့စိတ်ဓာတ်ပါဘဲ၊အားနည်းတဲ့သူကိုဖေးမကူညီမယ်၊မိဘမဲ့မရှိဆင်းရဲသားများနဲ့ဘိုးဘွားများကိုကြွေးမွေးမယ်၊အပြစ်ကြောင့်စီရင်ခံနေရသူတွေကိုလဲဂရုဏားထားစီရင်မယ်ဒါပေမဲ့တရားရမယ်၊အကူညီလိုအပ်နေတဲ့သူအားလုံးကိုဥပေက္ခာမပြုထားဘဲကူညီခြင်းဟာဂရုဏာကိုနှစ်သက်ခြင်းပါဘဲ။အထူးသဖြင့်သတိထားရမှာကအမှန်တရားဖက်ရပ်တည်ပြီးတရားသဖြင့်ပြုရမှာဖြစ်သလိုဂရုဏာစိတ်ထားလဲတချိန်ထဲမှာရှိရပါမယ်။ဒါကြောင့်မေတ္တာဆိုတာဂရုဏာသက်ရောက်ခြင်းရှိသလိုအပြစ်ကိုမနှစ်သက်ဘဲတရားသဖြင့်ပြုခြင်းလဲဖြစ်ပါတယ်၊တနည်းအားဖြင့်အမှန်တရားဖက်ရပ်တည်ပေးပြီးဂရုဏာစိတ်နဲ့လုပ်ဆောင်ရတဲ့သဘောပါ။ဥပမာဘုရားသခင်ကအပြစ်ရှိသူတွေကိုဖြောင့်မတ်စွာတရားစီရင်မယ်၊သို့ပေမဲ့လူကိုဂရုဏာမေတ္တာထားလို့သားတော်ယေရှုကိုပေးဆပ်စေခဲ့ပြီးကားတိုင်ပေါ်မှာတရားသဖြင့်စီရင့်ခဲ့တာဖြစ်တယ်။
၃။နှိမ့်ချခြင်းဖြင့်ကျင့်နေခြင်း
တရားသဖြင့်ပြုပြီးဂရုဏာလဲအပြည့်ဝရှိတဲ့ယုံကြည်သူဘုရားသားသမီးတွေမှာအဖြစ်များတတ်တာကမာနထောင်လွားလာတတ်ခြင်းပါ၊ငါကဒီလိုလုပ်နေပြီ၊ဒီလောက်လုပ်ပြီးပြီဆိုပြီးအပြင်ပန်းကျော်စောခြင်းမျက်နာရချင်ကြပြီးထောင်လွားလာတတ်ပါတယ်၊ဒါကြောင့်ယုံကြည်သူတွေမှာနောက်ဆုံးအရေးကြီးရှိသင့်တာတခုကစိတ်နှိမ့်ချခြင်းနဲ့ဘုရားစကားကိုလက်တွေ့ကျင့်ဆောင်ခြင်းပါဘဲ။စိတ်နှိမ့်ချစေနိုင်ဖို့အတွက်ဘုရားသခင်ရဲ့နူတ်ကပတ်တော်ကိုအမြဲနှလုံးသွင်းပြီးလက်တွေ့အသက်တာမှာကျင့်ဆောင်ဖို့လိုအပ်ပါတယ်။ဘုရားစကားနှလုံးပိုသွင်းမိလေစိတ်ပိုနိမ့်ချလာလေပါဘဲ၊နှလုံးမသွင်းမိဘဲခေါင်းထဲထည့်ပြီးအသိပညာလောက်သာထားထာခဲ့ရင်တော့ထောင်လွားမှုဖြစ်လာနိုင်ပေတယ်။ဒါကြောင့်သမ္မာတရားကိုအမြဲနှလုံးသွင်းပြီးစိတ်နှိမ့်ချစွာအသက်ရှင်တဲ့သူတွေဖြစ်ကြပါစို့၊ဒါဟာဘုရားသခင်ကိုယ်တိုင်ပြခဲ့တဲ့ကောင်းသောလမ်းဖြစ်ပါတယ်။
နိဂုံး
ချစ်သောမိတ်ဆွေ…
ယနေ့ဘုရားသခင်သင့်ကိုဖြစ်စေချင်တဲ့အရာကိုသင်အလေးထားပြီလား?သို့မဟုတ်ကိုယ့်သဘောနဲ့သာလုပ်ဆောင်နေပြီး ဒါဘုရားကြိုက်ပါလိမ့်မယ် လို့ခံယူလုပ်ဆောင်နေသေးသလား?ယနေ့ဝေငှချက်လေးအားဖြင့်သင့်အပေါ်ဘုရားသခင်စကားပြောပါစေ။