ကားတိုင်ပေါ်မှစကားတော်(၇)ခွန်း
၁။ရန်သူအတွက်ပြောသောစကား
(ရှင်လုကာခရစ်ဝင် ၂၃:၃၄အိုအဘ၊သူတို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကိုမသိကြ။)ကားတိုင်ပေါ်မှသသခင်ယေရှုခရစ်တော်ပထမဦးဆုံးပြောသွားတဲ့စကားဟာရန်သူကိုခွင့်လွတ်ခြင်းသာမကဘဲ၊ယနေ့တိုင်ခရစ်တော်ကိုဆန့်ကျင်နေတဲ့လူသားအားလုံးကိုနားလည်ခွင့်လွတ်ခြင်းဖြစ်ပါတယ်။လူတွေကကိုယ်မုန်းနေတဲ့အရာဟာချစ်ခြင်းမေတ္တာဖြစ်နေမှန်းမသိခဲ့ဘူး၊ကိုယ့်သခင်ကိုကိုယ်သတ်နေမှန်းမသိဘူး၊ကယ်တင်နိုင်သောအရှင်ကိုငြင်းပယ်ပြီးပျက်စီးခြင်းထဲတိုးဝင်နေတာမသိဘူး၊ဆက်ပြီးဒီတိုင်းမသိဘဲနေရင်ကျနော်တို့အပြစ်သားတွေအတွက်ရင်လေးစရာဘဲဖြစ်ပါတယ်။
၂။အိမ်သားအတွက်ပြောသောစကား
(ရှင်ယောဟန်ခရစ်ဝင် ၁၉:၂၆-၂၇ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍၎င်း၊တပည့်တော်အားလည်း၊ သင်၏အမိကိုကြည့်ပါဟူ၍၎င်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကိုမိမိအိမ်၌ သိမ်းထား၏။)
ယေရှုခရစ်ဟာဘုရား၁၀ဝ%ဖြစ်သလို၊လူသား၁၀ဝ%ဖြစ်ပါတယ်။ဒါကြောင့်ကားတိုင်ပေါ်မှာအသက်မထွက်ခင်လေးဒုတိယစကားအနေနဲ့လူသားဖြစ်တဲ့မွေးမိခင်ကိုတပည့်တော်လက်ထဲအပ်ပေးပြီးဆက်လက်ကြွေးမွေးပြုစုဖို့မှာကြားခဲ့တာပါ။ဒါဟာလူသားအနေနဲ့မိဘကိုရိုသေလုပ်ကြွေးဖို့လူသားအားလုံးအတွက်စံနမူနာထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လူဖြစ်လာတာနဲ့မိဘကျေးဇူး၊အခြားသူတွေရဲ့ကျေးဇူးတွေကိုမမေ့အပ်ကြောင်းပါ။
၃။အပြစ်သားအတွက်ပြောသောစကား
(လုကာ၂၃:၄၃ ယနေ့တွင်သင်သည်ငါနှင့်အတူပရဒိသုဘုံ၌ရှိလိမ့်မည်။)
သခင်ယေရှုကားတိုင်းပေါ်ရှိစဉ်က၊ဓားပြလူဆိုးနှစ်ယောက်ကိုလည်းယေရှုရဲ့ဘယ်ညာတဖက်တယောက်ဆီအနည်းငယ်ကွာပြီးကားစင်တင်ထားခဲ့ပါတယ်။တဖက်ကလူဆိုးဟာသူ့ကိုသရော်ပြီး၊နောက်တဖက်ကလူဆိုးကတော့သူ့ကိုတောင်းခံတယ်။သရော်သူကတော့ဘာမှမရလိုက်ပါဘူး၊တောင်းခံတဲ့လူဆိုးက ကယ်တင်ခြင်းရခဲ့ပါတယ်။တကယ်တမ်းတော့ဒီလူဆိုးနှစ်ယောက်ဟာလောကမှာရှိတဲ့လူသားအားလုံးကိုပုံဆောင်ခြင်းဖြစ်ပါတယ်၊လက်မခံဘဲသရော်တဲ့လူတွေကတော့ဘာမှရမှာမဟုတ်ပါ။ဒါပေမဲ့ယုံကြည်ပြီးလက်ခံတောင်းဆိုတဲ့လူတွေကတော့ကယ်တင်ခြင်းရမှာဖြစ်ပါတယ်။
၄။အပယ်ခံအဖြစ်ပြောသောစကား
(မဿဲ၂၇:၄၆အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။)
အပြစ်ကင်းသောယေရှုခရစ်ဟာ၊လောကလူသားအားလုံးရဲ့အပြစ်ကိုသယ်ပိုးထားတဲ့အတွက်ခမည်းတော်ဘုရားတောင်သူ့ကိုမျက်ကွယ်ပြုတဲ့အထိပါ။ဒါဟာတပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားများကိုချစ်တဲ့သက်သေဖြစ်သလိုခရစ်တော်ကိုယ်တိုင်ကောင်းကင်ပလ္လင်ကိုစွန့်ပြီးအသေလာခံရွေးနုတ်တဲ့ချစ်မေတ္တာကိုထင်ရှားစေပါတယ်။
၅။ကိုယ့်ကိုကိုယ်ပြောသောစကား
( ရေငတ်သည်ဟုမိန့်တော်မူ၏ ယော ၁၉:၂၈)
လူသားအတွက်သက်စမ်းရေကိုပေးပိုင်တဲ့သခင်၊ခုကားတိုင်ပေါ်မှာရေဆာနေတာဘာကြောင့်လဲ?အကြောင်းရင်းက…ကိုယ်တိုင်စတေးခံပြီးအပြစ်သားကိုထာဝရသက်စမ်းရေမငတ်စေဖို့နဲ့ကျမ်းချက်ပြည့်စုံဖို့အတွက်ဖြစ်တယ်။
(ဆာလံကျမ်း ၆၉:၂၁ အကျွန်ုပ်စားစရာဖို့ ဆေးခါးကို ကျွေးကြပါ၏။ ရေငတ်သောအခါ ပုံးရည်ကို တိုက်ကြပါ၏။)
၆။ပန်းတိုင်အတွက်ပြောသောစကား
(ယော၁၉:၃၀. အမှုပြီးပြီ။)
ယေရှုခရစ်ကားတိုင်ပေါ်မှာအသက်ထွက်တော့မဲ့အချိန်၊လူအားလုံးက”သွားပြီ!ကုန်ပြီ”လို့ထင်နေကြမှာပေါ့၊ဒါပေမဲ့ခရစ်တော်ကတော့”အမှုပြီးပြီ”လို့ပြောခဲ့တယ်။ဘာကိုပြီးတာလဲဆိုတော့…အပြစ်သားကိုကယ်တင်တဲ့အမှုပြီးတာပါဘဲ၊ရှင်ပြန်ထမြောက်မဲ့ရှေ့ပြေးစကားလည်းဖြစ်တယ်။သူကားတိုင်မှာအမှုပြီးခဲ့လို့လည်းယနေ့မည်သူမဆိုယုံကြည်လက်ခံတာနဲ့ဘုရားသားသမီးဖြစ်ခွင့်ရကြပါတယ်၊ဟာလေလုယာ။
၇။ခမည်းတော်ဘုရားကိုပြောသောစကား
(လုကာ ၂၃:၄၆အိုအဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကိုကိုယ်တော်လက်၌အကျွန်ုပ်အပ်ပါ၏)
ခရစ်တော်ယေရှုဟာဒီစကားပြောပြီးအသက်ချုပ်ငြိမ်းသွားပါတယ်၊သူကိုယ်တိုင်ပြောခဲ့တဲ့စကားအတိုင်းပေါ့…”ငါသည် ခမည်းတော်ထံမှထွက်၍ ဤလောကသို့ကြွလာပြီ။ တဖန် ဤလောကမှထွက်၍ခမည်းတော်ထံသို့ သွားဦးမည်ဟု မိန့်တော်မူ၏။ယော ၁၆:၂၈”။ကယ်တင်ခြင်းအတွက်လောကမှာလူ့ဇာတိအဖြစ်၃၃နှစ်ကျော်နေပြီးအမှုပြီးမှပြန်သွားခဲ့တယ်။ဒီအရာအားဖြင့်သူ့ကိုယုံကြည်သောသူမှန်သမျှသေလျှင်အဖခမည်းတော်ဆီရောက်လိမ့်မယ်ဆိုတာထင်ရှားစေပါတယ်။
(ရှင်ယောဟန်ခရစ်ဝင် ၁၄:၃ ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။)