ဘုရားသခင်နိုင်ငံနဲ့ကောင်းကင်နိုင်ငံ
ဘုရားသခင်နိုင်ငံနဲ့ကောင်းကင်နိုင်ငံမတူဘူးလို့တချို့တရားဟောဆရာတွေအနက်ပြန်သွန်သင်နေတာတွေ့မိပါတယ်။အမှန်တော့အတူတူပါဘဲ။ယေရှုခရစ်ကိုယ်တိုင်ဘုရားသခင်နိုင်ငံနဲ့ကောင်းကင်နိုင်ငံအတူတူဖြစ်ကြောင်း(မဿဲ၁၉:၂၃နဲ့၂၄)ထဲကတနေရာထဲမှာဒီနှစ်ခုလုံးကိုသုံးခဲ့ပါတယ်။
ပိုမိုရှင်းလင်းစေတာကရှင်မဿဲမှာဖော်ပြခဲ့တဲ့“ကောင်းကင်နိုင်ငံ”စကားလုံးကိုရှင်မာကုနဲ့ရှင်လုကာတွေမှာ“ဘုရားသခင်နိုင်ငံ”လို့သုံးထားတာတွေ့ရတာကြောင့်အတူတူဘဲလို့ပြောနိုင်တာဖြစ်ပါတယ်။ကျမ်းချက်နိုင်းယှဥ်မှု၇ခုကိုချပြပေးလိုက်ပါတယ်။
၁။ရှင်မဿဲ၁၁:၁၁-၁၂မှာငါအမှန်ဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူ တစ်ယောက်မျှ မပေါ်မထွန်းသေး။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ ကြီးမြတ်၏။
ရှင်လုကာ၇:၂၈ငါဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သော ပရောဖက် တစ်ယောက်မျှမရှိ။ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ကြီးမြတ်၏။
၂။ရှင်မဿဲ၁၃:၁၁ကိုယ်တော်က၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ နက်နဲသော အရာတို့ကို သိရသောအခွင့် ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ။
မာကု၄:၁၁ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာကို သိရသောအခွင့်ရှိကြ၏။
ရှင်လုကာ၈:၁၀ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့် ရှိကြ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင်အနက်ကို နားမလည်ဘဲ ကြားရသည်တိုင်အောင် သူတို့အား ဥပမာအားဖြင့် ဟောရ၏။
၃။ရှင်မဿဲ၁၃:၂၄အခြားသော ဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို လယ်၌ကြဲသောသူနှင့် တူ၏။
ရှင်မာကု၄:၂၆-၂၇ထိုမှတစ်ပါး လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ နောက်တစ်ဖန် မိမိမကြည့်မမှတ်၊- ည၊ နေ့၊ အိပ်လျက် ၊ နိုးလျက်နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏ နိုင်ငံတော် တူ၏။
၄။ရှင်မဿဲ၁၃:၃၁အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌စိုက်သော မုန်ညင်းစေ့နှင့်တူ၏။
မာကု၄:၃၀ထိုမှတစ်ပါး ဘုရားသခင်၏နိုင်ငံတော်ကို အဘယ်သို့ ပုံပြရအံ့နည်း။ အဘယ်ဥပမာနှင့် ခိုင်းနှိုင်းရအံ့နည်းဟူမူကား၊- မုန်ညင်းစေ့နှင့် တူ၏။
ရှင်လုကာ၁၃:၁၈တစ်ဖန် မိန့်တော်မူသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်အရာနှင့် တူသနည်း။ အဘယ်သို့ ပုံပြရအံ့နည်း။- လူသည် ယူ၍ ဥယျာဉ်၌စိုက်သော မုန်ညင်းစေ့နှင့်တူ၏။
၅။ရှင်မဿဲ၁၃:၃၃အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်ဟု မိန့်တော်မူ၏။
ရှင်လုကာ၁၃:၂၀တစ်ဖန် မိန့်တော်မူသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။- မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သော တဆေးနှင့်တူသည်ဟု မိန့်တော်မူ၏။
၆။ရှင်မဿဲ၁၈:၃ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။
ရှင်မာကု၁၀:၁၄ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့မဝင်ရဟု မိန့်တော်မူပြီးမှ၊
ရှင်လုကာ၁၈:၁၇ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရဟု မိန့်တော်မူ၏။
၇။ရှင်မဿဲ၈:၁၁ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတ္တံ့၊
ရှင်လုကာ၁၃:၂၉ထိုအခါ အရှေ့အနောက် တောင်မြောက်အရပ် လေးမျက်နှာကလာ၍ ဘုရားသခင်၏ နိုင်ငံတော်ထဲတွင် လျောင်းရကြလတ္တံ့။
အထက်ပါနိုင်းယှဉ်မှုအားဖြင့်သိနိုင်တာကဘုရားသခင်နိုင်ငံနဲ့ကောင်းကင်နိုင်ငံဟာအတူတူဖြစ်ကြောင်းပါ။