• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သမ္မာကျမ်းစာမှသေခြင်း(၅)မျိုး

ဆရာရဲမင်း

11 月 20, 2024

သမ္မာကျမ်းစာမှသေခြင်း(၅)မျိုး

၁။ဘုရားသခင်နှင့်ဝေးကွာရသောသေခြင်း
‭‭(ကမ္ဘာဦး‬၂:၁၇ ထို​အ​ပင်၏​အ​သီး​ကို​ကား မ​စား​ရ။ စား​သော​နေ့​တွင် ဧ​ကန်​အ​မှန်​သေ​ရ​မည်​ဟု လူ​ကို​ပ​ညတ်​ထား​တော်​မူ​၏။)
စားတဲ့နေ့မှာသေရမယ်လို့ဘုရားတားမြစ်ထားတဲ့အသီးကိုအာဒံဧဝကစားမိခဲ့ပေမဲ့၊အဲဒီ‌စားတဲ့နေမှာခန္ဓာချက်ချင်းမသေခဲ့ပါ။အမှန်တော့ဒီမှာဆိုလိုချင်တဲ့သေခြင်းကဘုရားသခင်နဲ့ဝေးကွာရခြင်းကိုအဓိက‌ရည်ညွန်းတာဖြစ်ပါတယ်။တနည်းအားဖြင့်ဝိညာဉ်ရေးရာသေခြင်းဖြစ်ပါတယ်။

၂။ကိုယ်ခန္ဓာသေခြင်း
‭‭(ရောမ‬ ၅:၁၂ဤ​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ အ​ပြစ်​တ​ရား​သည် တစ်​ယောက်​သော​သူ​အား​ဖြင့် ဤ​လော​က​သို့​ဝင်၍၊ အ​ပြစ်​တ​ရား​အား​ဖြင့် သေ​ခြင်း​တ​ရား ဝင်​သည်​နှင့်​အ​ညီ၊ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​သော​ကြောင့် သေ​ခြင်း​သို့ ရောက်​ရ​ကြ၏။)
ဘုရားသခင်က ကနဦးမှာလူကိုဖန်ဆင်းတဲ့အခါလူတွေသေဖို့၊သေတတ်အောင်ဖန်ဆင်းခဲ့တာမဟုတ်ပါ။ဧဒင်ဥယျဉ်မှာထာဝရပျော်ရွှင်စွာနေဖို့ဖန်ဆင်းထားတာပါ။ဒါပေမဲ့လူတွေကဘုရားစကားနားမထောင်ဘဲအပြစ်ပြုလို့အာဒံကစပြီးလူသားတိုင်းခန္ဓာသေတတ်လာတာဖြစ်ပါတယ်။အာဒံခေတ်ကတော့အသက်(၉၀၀)ကျော်မှသာသေကြပြီး၊အခုခေတ်ကတော့အသက်(၈၀-၁၀၀)မှာသေကြရပါတယ်။ဒါတောင်အကြောင်းအမျိုးမျိုးကြောင့်စောစောသေတာရှိပါသေးတယ်။

၃။ခရစ်‌တော်၌လူဟောင်းဇာတိသေခြင်း
‭‭(ရောမ‬၆:၆ထို​မှ​တစ်​ပါး၊ ငါ​တို့၏​လူ​ဟောင်း​သည် ထို​သ​ခင်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​သတ်​ခြင်း​ကို​ခံ​ပြီ​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် နောက်​မှ အ​ပြစ်​တ​ရား၏​အ​စေ​ကို မ​ခံ​စေ​ခြင်း​ငှာ၊ အ​ပြစ်​တ​ရား၏​ကိုယ်​ကို ဖျက်​ဆီး​မည်​အ​ကြောင်း​တည်း။)
ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်ပြောင်းလဲလာတဲ့အခါ၊အရင်ကဆဲဆိုရိုင်းစိုင်းခြင်း၊အရင်ကလိမ်လည်ခြင်း၊‌သောက်စားမူးယစ်ခြင်း၊အပြစ်ဘဲလုပ်နေတတ်ခြင်း၊စသဖြင့်ပြုတဲ့ငမိုက်သားကခရစ်‌တော်နဲ့အတူကားတိုင်မှာ‌သေပြီး၊ခရစ်တော်၌လူသစ်စိတ်သစ်ကိုယ်သစ်အဖြစ်ပြောင်းလဲလာတာဖြစ်ပါတယ်။ဒါကလူဟောင်းဇာတိသေခြင်းပါဘဲ(ရောမ၆:၁၀)။

၄။မယုံကြည်သောကြောင့်ရှင်လျက်နှင့်သေခြင်း
‭‭(ရှင်လုကာ‬ ၉:၆၀ယေရှုက၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ။ သင်မူကားသွား၍ ဘုရားသခင့်နိုင်ငံတော်၏ အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ၏။)
လူတစ်ယောက်ကသူ့အဖေကိုသင်္ဂြိုလ်ပြီးမှနောက်တော်လိုက်မယ်လာပြောတာမို့၊ယေရှုကလူသေတွေကဘဲလူသေကိုမြုပ်ပါစေလို့မိန့်‌ခဲ့ပါတယ်။ဒီမှာပြောတဲ့လူသေတွေကလူသေကိုမြုပ်ပါစေဆိုတာကဘုရားကိုမသိမယုံကြည်တဲ့သူတွေကဘဲသေသွားတဲ့သူကိုမြုပ်ပါ‌စေဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်။တနည်းအားဖြင့်ဘုရားကိုမသိမယုံကြည်တဲ့သူတိုင်းဟာအသက်ရှင်နေပေမဲ့ဘုရားအမြင်မှာသေနေတဲ့သူတွေပါဘဲ။

၅။ငရဲမီးအိုင်၌ထာဝရသေခြင်း
‭‭(ဗျာဒိတ်‬၂၀:၁၄-၁၅ ထို​အ​ခါ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​ကို မီး​အိုင်​ထဲ​သို့ ချ​ပစ်​လေ၏။ ထို​သေ​ခြင်း​ကား ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း။အ​သက်​စာ​စောင်၌ စာ​ရင်း​မ​ဝင်​သော​သူ ရှိ​သ​မျှ​တို့​ကို​လည်း မီး​အိုင်​ထဲ​သို့ ချ​ပစ်​လေ၏။)
ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်မယုံကြည်လက်မခံတဲ့သူတိုင်း၊ကိုယ်ပြုခဲ့တဲ့မကောင်းမှုတွေကြောင့်ငရဲမီးအိုင်ထဲမှာပစ်ချခံရမှာဖြစ်ပြီး၊ထာဝရသေရမှာဖြစ်ပါတယ်။ဒါဟာနောက်ဆုံးသောသေခြင်းပါ။