• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

နှစ်သိမ့်စည်းဝေးအတွက်တရားစကားသုံးခွန်း

ဆရာရဲမင်း

11 月 19, 2024

နှစ်သိမ့်စည်းဝေးအတွက်တရားစကားသုံးခွန်း

နိဒါန်း
ခရစ်ယာန်ယုံကြည်တစ်ယောက်သေ(ခရစ်တော်၌အိပ်ပျော်)သွားတဲ့အခါ၊ကျန်ရစ်သူတွေကသူ့အတွက်မြေမြုပ်သင်္ဂြိုလ်တဲ့ဈာပနပြုလုပ်ပေးရပါတယ်။ဒီလိုကျွန်တော်တို့ချစ်တဲ့သူကကျနော်တို့ကိုခွဲခွာသွားတဲ့အခါမှာအင်မတန်စိတ်မကောင်းဖြစ်ရကြပါတယ်။ဒီကျန်ရစ်သူတွေထဲမှာမိသားစုဝင်၊ပြီးရင်ယုံကြည်သူအသင်းသူ/သားများနဲ့မယုံကြည်သေးတဲ့မိတ်ဆွေတွေပါဝင်ကြမှာပါ။သွားနှင့်သူအတွက်‌တော့သင်္ဂြိုလ်ပေးတာကလွဲလို့တမန်လွန်အတွက်ဘာမှလုပ်ပေးလို့မရတော့ပါဘူး။ဒါကြောင့်ခရစ်ယာန်ဈာပနဆိုတာသေသူအတွက်ဘဲလုပ်ပေးနေတာမဟုတ်ဘဲ၊ကျန်ရစ်နေခဲ့တဲ့သူတွေအတွက်အဓိကနှစ်သိမ့်တရားရစေဖို့လဲပါဝင်ပါတယ်။ဆိုတော့ဒီနေ့ကျန်ရစ်ခဲ့တဲ့လူတန်းစားသုံးမျိုးအတွက်တရားစကားသုံးခွန်းကိုအတူတကွခံယူတည်ဆောက်ဖို့သမ္မာကျမ်းစာအားဖြင့်အလင်းပေးပါမယ်။

၁။မိသားစုအတွက်နှစ်သိမ့်စကား
၁သက်၄:၁၃-၁၄,၁၈ ညီ​အစ်​ကို​တို့၊ မျှော်​လ​င့်​ခြင်း​မ​ရှိ​သော အ​ခြား​သူ​တို့​သည် ဝမ်း​နည်း​သ​ကဲ့​သို့၊ သင်​တို့​သည် ဝမ်း​မ​နည်း​မည်​အ​ကြောင်း၊ အိပ်​ပျော်​သော သူ​တို့၏ အ​မှု​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​တို့​အ​လို​မ​ရှိ၊ ယေ​ရှု​သည် သေ​ပြီး​မှ တစ်​ဖန် ထ​မြောက်​တော်​မူ​သည်​ကို ငါ​တို့​သည် ယုံ​လျှင်၊ ထို​နည်း​တူ ယေ​ရှု၌ အိပ်​ပျော်​သော​သူ​တို့​ကို​လည်း၊ ထို​သ​ခင်​နှင့်​အ​တူ ဘု​ရား​သ​ခင် ပို့​ဆောင်​တော်​မူ​လိမ့်​မည်။…သို့​ဖြစ်၍၊ ဤ​စ​ကား​များ​အား​ဖြင့် အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သက်​သာ​စေ​ကြ​လော့။
ယုံကြည်သူမိသားစုထဲကလူတစ်‌ ယောက်ယောက်ကသေသွားရင်ကျန်ရစ်ခဲ့တဲ့မိသားစု‌ တွေဝမ်းနည်းငိုကြွေးရစမြဲပါ။အကြာကြီးအတူနေခဲ့ပြီး သံယောဇဉ်ရှိခဲ့ကြတာမို့၊ခွဲခွာရတဲ့အခါကြေကွဲဝမ်းနည်းရကြတာဓမ္မတာပါ။ဒါကလူတိုင်းမှာရှိတတ်တဲ့တူညီတဲ့ခံစားချက်တခုဖြစ်ပါတယ်။
ဒါ‌ပေမယ့်ခရစ်ယာန်ယုံကြည်သူတွေကိုသမ္မာကျမ်းစာက”ဝမ်းနည်းမလွန်မိဖို့”အား‌ပေးထားပါတယ်။ဘာလို့လဲဆိုတော့သေသွားသူဟာထာဝရသေသွားတာမဟုတ်ဘဲခေတ္တအိပ်ပျော်သွားတာမို့ပါ။အိပ်‌ပျော်တယ်ဆိုတာဘာကိုဖော်ပြနေလဲဆိုတော့တချိန်ချိန်ပြန်နိုးလာမယ်ဆိုတာကိုပါ။ဒါကြောင့်ယနေ့မိသားစုဝင်တွေအ‌နေနဲ့သေသွားသူအတွက် ခေတ္တခွဲခွာရလို့ဝမ်းနည်းငို‌ကြွေးရပေမဲ့၊မျော်လင့်ချက်မရှိတော့သလိုဝမ်းနည်းမလွန်စေချင်ပါ။ဘာလို့လဲဆို‌တော့တချိန်ကျရင်ပြန်တွေ့ကြမှာမို့ဖြစ်ပါတယ်။အာမင်။
ခရစ်ယာန်တော်၌အိပ်ပျော်တယ်ဆိုတဲ့အနှစ်သာရနောက်တခုကတော့အသက်ရှင်နေတဲ့ယုံကြည်သူတွေသေခြင်းကိုကြောက်စရာမလိုခြင်းဖြစ်ပါတယ်၊ဥပမာကျနော့အဖေညညအိပ်ပျော်သွားရင်ကျနော်တမူထူးခြားပြီးဝမ်းမနည်းနေပါဘူး။သူပြန်နိုးလာမှာသိနေလို့ပါ။ ကျနော်လည်းညညအိပ်ယာဝင်ရမှာမကြောက်ပါဘူး၊ပင်ပန်းထားတာအနားယူပြီး၊ခွန်အားအပြည့်နဲ့ပြန်နိုးလာမှာမို့လိုလိုလားလားအိပ်ယာဝင်တာပါ။
တချို့ကမေးကြပါတယ်၊ယုံကြည်သူခရစ်ယာန်‌တွေကထာဝရအသက်ရပြီဆိုရင်ဘာလို့‌သေနေရသေးတာလဲပေါ့။အဖြေကရှင်းပါတယ်၊ခရစ်တော်ကိုယုံကြည်ပြီးတဲ့နောက်ကြုံရတဲ့သေခြင်းဟာသေခြင်းမဟုတ်တော့ဘဲခေတ္တအိပ်ပျော်ခြင်းမို့ပါ။ဒါဟာထာဝရအသက်ရဲ့အစပြုခြင်းပါ။ခရစ်‌တော်၌အိပ်‌ပျော်သောသူဟာယခုအချိန်မှာပရာဒိသုဘုံဆိုတဲ့ထာဝရအစပြုကာလကိုဝင်စား‌နေရပါပြီ၊တချိန်ကျရင်ပြန်လည်ရှင်ပြန်ထ‌မြောက်ပြီး(ယော၁၁:၂၅)၊ကျနော်တို့နဲ့အတူတကွမအို၊မနာ၊မသေတဲ့ခန္ဓာကိုယ်နဲ့ကောင်းကင်သစ်မြေကြီးသစ်ကိုထာဝရဝင်စားကြရမှာဖြစ်ပါတယ်။ဒါဟာဒီ‌‌နေ့မိသားစုဝင်တွေအတွက်အရေးကြီးတဲ့ဘုရားသခင်ရဲ့”နှစ်သိမ့်ခြင်းစကား”ဖြစ်ပါတယ်။

၂။ယုံကြည်သူတွေအတွက်သတိ‌ပေးစကား
ဒေသနာကျမ်း၇:၂မှာဘယ်လိုပြောလဲဆိုရင်“မသာအိမ်သို့သွားခြင်းသည်၊ပွဲခံရာအိမ်သို့သွားခြင်းထက်သာ၍ကောင်း၏။အကြောင်းမူကား၊လူခပ်သိမ်းတို့သည်မသာအိမ်၌လမ်းဆုံးရကြ၏။အသက်ရှင်လျက်ရှိသောသူတို့လည်း၊အသင့်နှလုံးသွင်းမိကြလိမ့်မည်။”
ယုံကြည်သူ တွေဒီနှစ်သိမ့်စည်း ဝေးကိုလာကြတဲ့အခါ၊မိသားစုဝင် တွေကိုနှစ်သိမ့်ရုံမဟုတ်ဘဲ၊ကိုယ်တိုင်တရားရဖို့အရေးကြီးပါတယ်။ဒီကနေ့ဒီအလောင်းထဲမှာလျောင်းနေတဲ့သူဟာတခြားသူဖြစ်နေပေမဲ့၊တနေ့နေ့တချိန်ချိန်မှာဒီအခေါင်းထဲလျောင်းနေသူဟာသင်နဲ့ကျနော်ဖြစ်လာရပါလိမ့်မယ်။အလောင်းကိုကြည့်တဲ့အခါတိုင်း၊ဒီထဲမှာလျောင်းနေသူဟာငါဖြစ်နေပြီးပရိသတ်တွေကငါ့မိသားစုနဲ့အသိုင်းဝိုင်းမိတ်ဆွေ တွေဖြစ်နေရင်ဆိုပြီးမြင်ယောင်ကြည့်ပါ။သင်သံဝေဂရလာပါလိမ့်မယ်။ငါလည်းတစ်‌နေ့သေရမှာပါလားဆိုတဲ့သတိပေးချက်ကိုအမြဲနှလုံးသွင်းထားပါ၊ဒါမှသင်ဟာခေတ္တဘဝမှာဘဲပျော်မွေ့နေတော့မှာမဟုတ်ဘဲထာဝရအတွက်ပြင်ဆင်လာတတ်ပါလိမ့်မယ်။
ယနေ့ရောက်ရှိလာကြတဲ့ယုံကြည်သူခရစ်ယာန်ညီကိုမောင်နှမတွေအားလုံးဒီလိုဈာပနအစီစဉ်၊နှစ်သိမ့်ခြင်းကိုရောက်လာရခြင်းဟာဘုရားသခင်သင့်ကိုပေးတဲ့အခွင့်အရေးဖြစ်ပါတယ်။အပြစ်လုပ်နေရင်နောင်တရဖို့ပါ၊ကယ်တင်ခြင်းမသေချာသေးရင်သေချာစေဖို့ပါ၊စစ်မှန်တဲ့ခရစ်ယာန်အသက်တာရှိပြီးသမ္မာသတိရှိရှိနဲ့အသက်ရှင်နေထိုင်ဖို့သတိပြုမိဖို့လိုပါတယ်။
ခရစ်ယာန်အသက်တာဆိုတာအလုပ်လုပ်လိုက်၊စားလိုက်၊အိပ်လိုက်၊ပျော်လိုက်ဘဲမဟုတ်ပါဘူး၊ထာဝရအဖို့အမြဲအဆင်သင့်ဖြစ်အောင်ပြင်ဆင်နေရတာပါ။
ငါဒီနေ့သေသွားရင်ငါတကယ်ဘဲကယ်တင်ခြင်းသေချာနေပြီလားဆိုတာအမြဲစိတ်ထဲသွင်းပြီးသတိထားမိပါစေ၊စစ်မှန်တဲ့ယုံကြည်သူတွေအတွက်သေခြင်းကိုကြောက်စရာမလိုဘူးဆိုပေမဲ့၊မစစ်မမှန်ဘဲဟန်ဆောင်ကောင်းတဲ့ခရစ်ယာန်ဖြစ်နေရင်တော့အမြန်နောင်တရဖို့လိုပါတယ်။ဒါဟာဒီနေ့သင့်ကိုဘုရား‌ သခင်ပေးတဲ့အရေးကြီးတဲ့”သတိ ပေးစကား”ဖြစ်ပါတယ်။

၃။မယုံကြည်သူဓမ္မမိတ်ဆွေများအတွက်သတင်းစကား
ယော၃:၁၆ ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။
ယနေ့ကြွရောက်လာကြတဲ့သူတွေထဲမှာအခုသေသွားသူကိုချစ်ကြတဲ့ဓမ္မမိတ်‌တွေရှိကြမယ်ထင်ပါတယ်။ခရစ်ယာန်မဟုတ်သေးတဲ့ဓမ္မမိတ်ဆွေတွေအတွက်သတင်းစကားတခုပါးပါရစေ။လူသားတိုင်းသေခြင်းကိုကြောက်ကြပါတယ်၊မလိုချင်ကြပါဘူး၊သင်လဲမလိုချင်ဘူးလို့ထင်ပါတယ်။ဒါဆိုရင်သင့်ကိုထာဝရအသက်ရှင်ခြင်းပေးနိုင်တဲ့‌ယေရှုဘုရားရှိတယ်ဆိုတာပြောပြပါရစေ။
အရင်ဦးဆုံးကျနော်တို့မှာအပြစ်ရှိတယ်ဆိုတာလက်ခံဖို့လိုပါတယ်၊“ကုသိုလ်တပဲငရဲတပိဿာ”ဆိုသလိုပါဘဲ၊အမှန်ကဘာသာတရားတိုင်းကကောင်းကြပါတယ်၊ကောင်းတာတွေဘဲလုပ်ဖို့သွန်သင်ကြလို့ပါ၊ပြဿနာကသင်နဲ့ကျနော်မကောင်းနိုင်ကြပါဘူး၊ကောင်းတာတခုလုပ်ပြီးရင်မကောင်းတာဆယ်ခုလောက်လုပ်မိထားတတ်ပါတယ်။ဒါကြောင့်ကုသိုလ်လုပ်တာထက်၊အကုသိုလ်တွေပုံနေတာမို့အပြစ်ရှိနေကြတာပါ။ဒါဆိုရင်အပြစ်ရှိသူကအပြစ်စီရင်ခြင်းခံရပါမယ်။ရှင်းလင်းစွာသင်နားလည်ထားရမှာက-ယေရှုကိုမယုံကြည်လို့သင်ငရဲသွားရမဲ့အပြစ်ရှိသွားတာမဟုတ်ပါဘူး၊သင်မကောင်းမှုလုပ်ထားလို့ငရဲသွားဖို့သေချာနေတာပါ။မည်သူမပြုမိမိမှုပါ။ဒါဆိုရင်ကျနော်တို့မကောင်းနိုင်လို့ဆိုပြီးငရဲသွားဖို့ဘဲစောင့်နေရတော့မှာလား?မဟုတ်ရပါဘူး၊သတင်းကောင်းတခုရှိပါတယ်။အဲဒါကတော့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်ရုံနဲ့သင်ပြုထားတဲ့ကံကြွေး၊ဝဠ်ကြွေး၊အကုသိုလ်ကြွေး ကနေအကုန်အစင်လွတ်မြောက်မှာဖြစ်ပါတယ်။ဖြစ်နိုင်ပါ့မလားလို့တွေးနေရင်တော့ဖြစ်လာမှာမဟုတ်ပါဘူး၊အကြွင်းမဲ့ယုံကြည်လက်ခံဖို့ဘဲလိုပါတယ်။
ဥပမာကင်စာရောဂါရှိသူတစ်ယောက်ဟာသေဖို့စောင့်နေတာနဲ့တူပါတယ်၊ဒါကိုကင်စာကုနိုင်တဲ့ဆရာဝန်ကအခမဲ့ကုသပေးမယ်ပြောတာကို ကင်စာရောဂါသည်ကမဖြစ်နိုင်ဘူးလို့ခံယူရင်သေမှာပါ။သူ‌ကင်စာရတာဆရာဝန်ကြောင့်မဟုတ်ပေမဲ့၊သေတာကတော့ဆရာဝန်ဆီသွားမကုလို့ကင်စာကြောင့်သေတာဖြစ်ပါတယ်။ဒီလိုပါဘဲ၊သင်အကုသိုလ်အပြစ်‌ တွေများနေလို့ငရဲသွားရမှာကို ယေရှုခရစ်တော်ကလာကယ်တာပါ။ဒါကိုသင်မယုံရင်သင့်အပြစ်ကြောင့်ထာဝရသင်သေရမှာပါ၊ယုံကြည်ပြီးကုသမှုခံယူရင်တော့ကယ်တင်ခြင်းခံရပါလိမ့်မယ်။
ဒါကြောင့်ဒီနေ့ကြွရောက်လာနဲ့ဧည့်ပရိတ်သတ်တွေထဲမှာယေရှုခရစ်တော်ကိုမယုံကြည်သေးသူရှိရင်သင့်အတွက်သတင်းကောင်းပါးချင်ပါတယ်၊သင်ရဲ့ကံကြွေး၊ဝဠ်ကြွေး၊အကုသလိုလ်ကြွေးအပြစ်ရှိသမျှကနေလွတ်မြောက်ချင်ရင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်ပါ၊ဒီမှာရှိတဲ့ဆရာ/ဆရာမဆီယုံကြည်ချင်ကြောင်းလာပြောပါ၊သူတို့ကသင့်ကို‌ သေချာရှင်းပြပါလိမ့်မယ်။ဒါမှသင်ထာဝရလွတ်မြောက်ခြင်းကိုခံစားရပါလိမ့်မယ်။ဒါကတော့ဒီနေ့မယုံကြည်သေးတဲ့ဓမ္မမိတ်ဆွေ တွေအတွက်ပါးချင်တဲ့”သတင်းစကားလေး”ဘဲဖြစ်ပါတယ်။

နိဂုံး
ဒီနေ့ဝေငှသွားတာကတော့ခရစ်ယာန်ယုံကြည်သူတွေရဲ့ဈာပနနှစ်သိမ့်စည်းဝေးမှာခံယူရမဲ့တရားစကားသုံးခွန်းဖြစ်ပါတယ်။ကျန်ရစ်သူမိသားစု တွေအတွက်ဝမ်းနည်းမလွန်ဖို့ဘုရားစကားကနှစ်သိမ့်ပါတယ်။လာရောက်နှစ်သိမ့်ကူညီကြတဲ့ယုံကြည်သူချင်းတွေအတွက်အသက်ရှင်တုန်းဘုရားတရားမမေ့ဖို့သတိပေးသွားပါတယ်။လာရောက်မေတ္တာပြကြတဲ့ဓမ္မဧည့်ပရိတ်သတ်တွေအတွက်ကယ်တင်ခြင်းသတင်းကောင်း‌ပြောပြခဲ့ပါတယ်။ဒီနေ့ကြားနာရတဲ့နူတ်ကပတ်တော်အားဖြင့်ကောင်းကြီးဖြစ်ပါစေလို့ဆုတောင်းရင်းနိဂုံးချုပ်ပါတယ်။အယောက်ချင်းစီတိုင်းကိုဘုရားရှင်ကောင်းကြီးပေးပါစေ။အာမင်။