• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အလိုတော်နှင့်အခွင့်တော်

၁။သက်ရှိသက်မဲ့ကိုကောင်းအောင်ဖန်ဆင်းခြင်းဟာဘုရားရဲ့အလိုတော်ဖြစ်ပြီး၊ဖန်ဆင်းထားတဲ့လူတွေအပြစ်လုပ်ဖို့လွတ်လပ်စွာရွေးချယ်နိုင်ခြင်းဟာအလို‌တော်မဟုတ်တဲ့အခွင့်တော်ပါ။(ကမ္ဘာ၃:၁-၂၁)

၂။ကောင်းကင်တမန်ကြီးလူစီဖာကိုကောင်းအောင်ဖန်ဆင်းပြီးအမှုတော်ဆောင်ခိုင်းတာဟာဘုရားအလိုတော်ပါ၊လူစီဖာကဘုရားနေရာလုချင်လို့ပုန်ကန်ပြီးစာတန်ဖြစ်သွားတာဟာအလို‌တော်မဟုတ်တဲ့အခွင့်တော်ပါ။(ဟေရှာ၁၄:၁၂-၁၈၊ယေဇကျေလ၂၈:၁၂-၁၈)

၃။ယောဘကိုကောင်းကြီးမင်္ဂလာနဲ့သားသမီးရတနာများပေးထားတာဟာဘုရားအလိုတော်ပါ၊စာတန်လာစုံစမ်းပြီး‌ ဘေးဒုက္ခများစွာကြုံနေရတာဟာအလို‌ တော်မဟုတ်တဲ့အခွင့်တော်ပါ။(ယောဘဝတ္ထု၁:၁-၂၂)

၄။အာဗြံဟံနဲ့စာရာကိုကတိတော်သားရစေဖို့ဟာဘုရားအလိုတော်ဖြစ်ပြီး၊ကလေးမရမှာစိုးလို့စာရာဟာသူ့အမျိုးသားကိုအစေခံမဟာဂရနဲ့ပေးစားပြီးယူထားကြတဲ့သားဣရှမေလဟာအလို‌ တော်မဟုတ်တဲ့အခွင့်တော်ပါ။(ကမ္ဘာ၁၅:၄၊၁၆:၁-၂)

၅။ဧသောနဲ့ယာကုပ်ထဲမှာယာကုပ်ဟာသာ၍ကောင်းကြီးခံစားပြီးရွှေးကောက်ခံဖြစ်မယ်ဆိုတာနဂိုဘုရားအလိုတော်ပါ၊မိခင်ရေဗက္ကကနေသားယာကုပ်‌ ကောင်းကြီးမရမှာစိုးလို့အဖေကိုလိမ်ခိုင်းစေပြီး‌ကောင်းကြီးလုယူမှုဟာအလို‌ တော်မဟုတ်တဲ့အခွင့်တော်ပါ။(ကမ္ဘာ၂၅:၂၃-၂၅၊၂၇:၁-၂၉)

၆။ပရောဖက်ယောနကိုနိနဝေမြို့သွားပြီးတရားဟောခိုင်းတာဘုရားအလိုတော်ပါ၊ယောနကရှောင်ထွက်ပြီးတာရှုမြို့သွားဖို့လမ်းမှာအဆင်ပြေနေတာဟာအလို‌တော်မဟုတ်တဲ့အခွင့်တော်ပါ။(ယေနဝတ္ထု၁:၁-၁၇)

၇။ရန်သူလက်မှကာကွယ်ဖို့‌ရှန်ဆုံကိုရွေးကောက်တာဟာဘုရားအလိုတော်ဖြစ်ပြီး၊မိမိရမ္မက်‌ကြောင့်မိန်းမမာယာထဲကျရှုံးသွားတာဟာအလို‌တော်မဟုတ်တဲ့အခွင့်တော်ပါ။(တရားသူကြီးအခန်းကြီး၁၃မှ၁၆)

၈။ဟေဇကိမင်းသေတော့မယ်လို့ဘုရားကပ‌ရောဖက်‌ဟေရှာယမှတဆင့်ပြောခိုင်းတာဟာဘုရားအလိုတော်ပါ၊ဟေဇကိမင်းကြားပြီးအသက်ဆက်ရှင်ဖို့အထူးဆုတောင်းလို့အသက်၁၅နှစ်တိုးရှင်ခဲ့ရတာဟာဘုရားအလိုတော်ထဲကအခွင့်တော်ပါ။(၄ရာ၂၀:၁-၁၁)

၉။သောဒုံမြို့ရဲ့အပြစ်ကိုစီရင်ဖို့လာတာကဘုရားအလိုတော်ပါ။အာဗြံဟံကနေ သောဒုံမြို့အတွက်အသနားခံဆု‌တောင်းခြင်းကိုဘုရားလက်ခံစဥ်းစားပေးတာဟာအလိုတော်ထဲကအခွင့်တော်ပါ။(ကမ္ဘာ၁၈;၁၆-၃၃)

၁၀။လူတွေကိုနောင်တရပြီးကယ်တင်ခြင်းရစေဖို့ဟာဘုရားအလိုတော်ပါ၊ဧဝံဂေလိကြားပြီးလက်မခံဘဲပျက်စီးခြင်းကိုရွေးချယ်တဲ့လူတွေရှိနေတာအခွင့်တော်ပါ။(၂ပေ၃-၉)

ဘုရားသခင်ရဲ့အလိုတော်ဆိုတာ
ဘုရားဖြစ်စေချင်တဲ့အရာ၊ဘုရားသဘော၊ဘုရားနှစ်သက်သောအရာ၊ဘုရားမိန့်မှာတဲ့အရာ၊ဘုရားရဲ့ဘုန်းထင်ရှားစေမယ့်အရာ၊မင်္ဂလာနဲ့‌ ကောင်းကျိုးဖြစ်တည်စေမယ့်အရာ၊တနည်းအားဖြင့်သမ္မာကျမ်စာထဲကဘုရားနူတ်တော်ထွက်မိန့်မှာချက်‌တွေပါဘဲ။

ဘုရားရဲ့အခွင့်တော်ဆိုတာကတော့
ဘုရားဖြစ်စေချင်တဲ့အရာမဟုတ်ဘဲဘုရားခွင့်ပြုထားတဲ့အရာ၊ဘုရားဖန်ဆင်းထားတာမဟုတ်ဘဲဖန်ဆင်းခြင်းကနေလွတ်လပ်စွာ‌ရွေးချယ်မှုကြောင့်ဖြစ်တည်ပြောင်းလဲလာတဲ့အရာပါ။သတိပြုရမှာကဘုရားအလိုတော်ဘောင်ထဲကရှိတဲ့အခွင့်တော်မျိုးရှိသလိုဘုရားအလိုတော်နဲ့လုံးဝဆန့်ကျင်ကွဲထွက်နေတဲ့အခွင့်တော်မျိုးရှိနေတယ်ဆိုတာပါဘဲ။ဥပမာဘုရားသခင်ကဒီလိုလုပ်မယ်ဆိုပြီးနဂိုအလိုတော်ရှိပေမယ့်၊သူ့သားသမီးတွေရဲ့အထူးတောင်းခံခြင်းကြောင့်နဂိုအလိုတော်တိုင်းမလုပ်ဘဲသားသမီးတွေရဲ့တောင်းဆိုမှုကိုအလိုတော်ဘောင်မကျော်တဲ့ထဲကနေ ပြောင်းလဲလုပ်ပေးခဲ့တာမျိုးကို“အလိုတော်ထဲကအခွင့်တော်”လို့ခေါ်ရမှာပါ(ဥပမာအပေါ်ကအချက်၈-၉)။အလိုတော်ထဲကမရှိတဲ့အခွင့်တော်ဆိုတာကဘုရားမလုပ်စေချင်တဲ့အရာကိုလူတွေကတဇွတ်ထိုးလိုက်လုပ်နေခြင်းမျိုးပါ(ဥပမာအပေါ်ကအချက်၁-၇၊၁၀)။