• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ခရစ်ယာန်အသက်တာအခြေခံခြေလှမ်း(၅)ချက်

ဆရာရဲမင်း

11 月 19, 2024

ခရစ်ယာန်အသက်တာအခြေခံခြေလှမ်း(၅)ချက်

နိဒါန်း
ကယ်တင်ခြင်းဟာယုံကြည်ရုံနဲ့ ကျေးဇူးတော်အားဖြင့်(အကျင့်မလိုဘဲ)အခမဲ့ရရှိခဲ့ပြီဆိုပေမဲ့၊ခရစ်ယာန်အသက်တာလျှောက်လှမ်းဖို့တော့လုပ်ဆောင်မှု(အကျင့်)လိုအပ်နေပါတယ်။ကယ်တင်ခြင်းရဖို့ကျင့်နေတာမဟုတ်ပေမဲ့၊အသက်တာသန့်ရှင်း‌အောင်၊အောင်မြင်အောင်ကျင့်ဆောင်ရတာပါ။ဒါကြောင့်ခရစ်ယာန်အသက်တာမှာမဖြစ်မနေလုပ်ရမဲ့အလုပ်၅ခုကိုဖော်ပြပါမယ်။

၁။ဆုတောင်းခြင်း
နေ့စဉ်ဆုတောင်းခြင်းဟာဘုရားသခင်နဲ့နေ့စဉ်စကားပြောနေခြင်းဘဲဖြစ်ပါတယ်။ဒါဟာဝိညာဉ်အသက်တာမှာမရှိမဖြစ်လိုအပ်နေတဲ့အသက်ရှူခြင်းလိုပါဘဲ၊ဆုတောင်းတဲ့အသက်တာမရှိရင်ခရစ်ယာန်အသက်တာမှာအသက်ရှူမဝဘဲအသက်အန္တာရာယ်ရှိလာနိုင်ပါတယ်။
(၁သက်၅:၁၇မ​ခြား​မ​လပ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​လော့။)

၂။ကျမ်းစာဖတ်ရှုခြင်း
နေ့စဉ်ဆု‌တောင်းခြင်းဟာကိုယ်ပြောချင်တာကိုဘုရားဆီတင်ပြတာဖြစ်ပြီး၊နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းက တော့ဘုရားပြောမဲ့စကားကိုနားထောင်ခံယူခြင်းဘဲဖြစ်ပါတယ်။ဒါဟာဝိညာဉ်အသက်တာမှာကြီးထွားဖို့အစာအာဟာရစား သောက်ရသလိုအရေးကြီးပါတယ်။နေ့စဉ်သမ္မာကျမ်းစာကိုဖတ်ရှုခြင်းနဲ့နားစဥ်ခြင်းမရှိရင်ခရစ်ယာန်အသက်တာဟာပိန်ခြောက်ဖျားနာနေနိုင်ပါတယ်။
(ဆာလံ၁:၂ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​၌ မွေ့​လျော်​၍၊ တ​ရား​တော်​ကို နေ့​ည​မ​ပြတ်​ဆင်​ခြင်​အောက်​မေ့​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။)

၃။ဧဝံဂေလိမှာပါဝင်ခြင်း
အသက်ရှူခြင်းနဲ့ထမင်းစားခြင်းကအရေးကြီးသလို၊လေ့ကျင့်ခန်းလုပ်ခြင်းကလဲကျန်းမာရေးအတွက်အင်မတန်အရေးကြီးပါတယ်။ခရစ်ယာန်တစ်ယောက်ရဲ့အသက်တာမှာဧဝံဂေလိလုပ်ခြင်းဟာဝိညာဉ်ရေးရာလေ့ကျင့်ခန်းလုပ်ခြင်းလိုပါဘဲ၊ပိုလုပ်လေလေအကျိုးကောင်းကြီးရလေလေပါ။ဒီထဲမှာ‌ပေးလှူခြင်းအပါအဝင်ပါ။မလုပ်ဘဲနေရင်တော့ရောဂါများလာတတ်ပြီးဖျားနာလာနိုင်ပါတယ်။
(၂တိ၄:၂ နှုတ်​က​ပတ်​တ​ရား​တော်​ကို ပြော​လော့။ အ​ချိန်​ရှိ​သည်​ဖြစ်​စေ၊ မ​ရှိ​သည်​ဖြစ်​စေ၊ ကြိုး​စား​အား​ထုတ်​လော့။ အ​ပြစ်​ကို ဖော်​ပြ​လော့။ ဆုံး​မ​ခြင်း​ကို​ပြု​လော့။ အ​လွန်​ရှည်​သော​စိတ်​နှင့် ဩ​ဝါ​ဒ​မျိုး​ကို​ပေး၍ တိုက်​တွန်း​သွေး​ဆောင်​လော့။)

၄။အချင်းချင်းချစ်ခြင်း
ယုံကြည်သူချင်းမိသဟာရပြုခြင်းအပါအဝင်၊ကိုယ်နှင့်စပ်ဆိုင်သောသူတိုင်းကိုမေတ္တာထားခြင်းပါ။ဒါဟာလူတစ်ယောက်မှာမိသားစုအသိုက်အမြုံကအရေးကြီးသလို၊ဝိညာဉ်ရေးရာမှာလည်းအချင်းချင်းချစ်မေတ္တာထားခြင်းကမိသားစုပမာအရေးကြီးပါတယ်။ကိုယ်တစ်ယောက်ထဲယုံကြည်ပြီးတစ်ယောက်ထဲနေလို့မရပါဘူး၊အများနဲ့မိသဟာယဖွဲ့ဖို့ကဝိညာဥ်ရေးရာမိသားစုရှိခြင်းဘဲဖြစ်ပါတယ်။
(၁ယော၃:၂၃ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ဟူ​မူ​ကား၊ သား​တော်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ရ​မည်။ သား​တော် ပ​ညတ်​တော်​မူ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း ချစ်​ရ​မည်​ဟူ​သော ပ​ညတ်​တော်​ပေ​တည်း။)

၅။ချီးမွမ်းကိုးကွယ်ခြင်း
အသင်းတော်ရဲ့ချီးမွမ်းကိုးကွယ်ခြင်းမှာပါဝင်ရမှာဖြစ်သလို၊အပြင်မှာရောက်နေရင်လဲအမြဲတမ်းချီးမွမ်းကိုးကွယ်မှုရှိနေရပါမယ်။ဒါဟာဘုရားသခင်ကိုယုံကြည်ကြောင်းသက်သေဖြစ်သလို၊ဘုရားသခင်ကိုမိမိရဲ့အရှင်သခင်အဖြစ်နေရာပေးဝန်ခံခြင်းပါ။
(ဆာလံ၉၅:၆-၇လာ​ကြ။ ပျပ်​ဝပ်၍ ကိုး​ကွယ်​ကြ​ကုန်​အံ့။ ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ရှေ့​တော်၌ ဒူး​ထောက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏​ဘု​ရား​ဖြစ်​တော်​မူ၏။ ငါ​တို့​သည်​လည်း၊ အ​ထံ​တော်၌ ကျက်​စား​သော​သူ၊ လက်​တော်​အောက်၌ နေ​သော​သိုး​စု​ဖြစ်​ကြ၏။)

နိဂုံး
ခရစ်ယာန်အသက်တာအခြေခံခြေလှမ်း(၅)ချက်
၁။ဆုတောင်းခြင်း-ဝိညာဉ်အသက်ရှူခြင်း။
၂။ကျမ်းစာဖတ်ခြင်း-ဝိညာဉ်အစာစားခြင်း။
၃။ဧဝံဂေလိပြု-‌ဝိညာဥ်ကျန်းမာရေးကောင်းချီး။
၄။အချင်းချင်းချစ်ခြင်း-ဝိညာဥ်မိသားစုအသက်တာ။
၅။ချီးမွမ်းကိုးကွယ်ခြင်း-ဝိညာဉ်ထာဝရဝင်စားဖို့အသင့်ရှိခြင်း။