အပြစ်နဲ့ဆင်ခြင်စရာများ
၁။လူတိုင်းအားနည်းတတ်တယ်
လူဆိုတာပြည့်စုံတဲ့သူရယ်လို့မရှိပါဘူး၊အမှုတော်ဆောင်အပါအဝင်လူတိုင်းအားနည်းတတ်ပါတယ်။ဒါပေမဲ့ဒါဟာအပြစ်ဆက်ပြုဖို့ဆင်ခြေမဟုတ်ပါဘူး။လူတိုင်းအားနည်းတတ်တယ်ဆိုပြီး ဆက်အားနည်းနေမယ်ဆိုရင်သမ္မာကျမ်းစာရဲ့သွန်သင်မှုနဲ့မကိုက်ညီတော့ပါ။အမှန်ကလူတိုင်းအားနည်းနေတတ်တာမို့ဘုရားစကားနဲ့အားမနည်းအောင်အမြဲခံယူတည်ဆောက်နေကြရမှာပါ။ဒါကြောင့်သင့်ရဲ့အားနည်းတတ်ခြင်းဟာအပြစ်ဆက်ပြုဖို့ဆင်ခြေမဖြစ်သင့်ပါ။
၂။ဘုရားရဲ့မေတ္တာနှင့်ဖြောင့်မတ်ခြင်း
ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကငါတို့အပြစ်ရှိသမျှကိုဖုံးအုပ်နိုင်တယ်ဆိုပေမဲ့၊လူ့ဖက်ကအပြစ်ဝန်ချနောင်တရမှပါ။လူ့ဖက်ကအပြစ်လုပ်ထားတာကိုအပြစ်လို့မမြင်သေးဘဲ၊နောင်တမရဘဲဆက်နေရင်ဘုရားသခင်ရဲ့ခွင့်လွတ်ပေးခြင်းသက်ရောက်လာမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ဘုရားရဲ့ခွင့်လွတ်ခြင်းဆိုတာနောင်တရသူတွေအတွက်သာပြင်ဆင်ပေးထားတာမို့ပါ။အပြစ်ဆက်ပြုနေတဲ့သူအတွက်ဘုရားရဲ့ခွင့်လွတ်ခြင်းမသက်ရောက်နိုင်ပါဘူး။ ဘုရားရဲ့ဖြောင့်မတ်စွာစီရင်ခြင်းသာရောက်လာပါလိမ့်မည်။ဘာလို့လည်းဆိုတော့ဘုရားသခင်ဟာချစ်ခြင်းမေတ္တာဖြစ်သလို၊ဖြောင့်မတ်ခြင်းလဲဖြစ်လို့ပါ။
၃။ခွင့်လွတ်ခြင်းနှင့်အပြစ်ပြုခြင်း
အပြစ်ပြုမိတိုင်း နောင်တရဝန်ချရင်ဘုရားသခင်ကခွင့်လွတ်နိုင်ပါတယ်။ဘုရားခွင့်မလွတ်နိုင်တဲ့အပြစ်ဆိုတာမရှိပါဘူး။ဒါပေမဲ့ဒီကျေးဇူးတရားဟာကျွန်တော်တို့အပြစ်ဆက်လုပ်ဖို့လိုင်စင်ထုတ်ထားပေးတာမဟုတ်ပါဘူး။ဘုရားခွင့်လွတ်နိုင်တာဘဲဆိုပြီးဝန်ချလိုက်ပြန်လုပ်လိုက်၊ဝန်ချလိုက်ပြန်လုပ်လိုက်လုပ်နေရင်ဘုရားရဲ့ခွင့်လွတ်ခြင်းကိုအလွဲသုံးစားမှုသက်ရောက်ပါတယ်။ဒီထက်ပိုဆိုးတာကအပြစ်လုပ်ထားတာကိုအပြစ်လို့မမြင်ဘဲ ကျေးဇူးတော်ချီးမွမ်းနေခြင်းပါ။အပြစ်ကိုမြင်ပြီး၊အပြစ်ဝန်ချပြီးရင်ရှေ့ဆက်သာ၍ဆင်ခြင်အသက်ရှင်ဖို့ အရေးကြီးပါတယ်။
၄။သိသိကြီးနဲ့အပြစ်ဆက်ပြုနေခြင်း
သိသိကြီးနဲ့အပြစ်ဆက်ပြုနေရင်ကယ်ဆေးမရှိပါ။အထူးသဖြင့်အမှုတော်ဆောင်တွေကစဆင်ခြင်ရပါမယ်။အပြစ်မလုပ်ရဆိုတဲ့အကြောင်းဟောပြီးကိုယ်တိုင်သိသိကြီးလုပ်နေတာမျိုးပါ။ဥပမာလင်မယားမကွာရှင်းရဆိုတဲ့တရားဒေသနာကိုဟောနေပြီးကိုယ်တိုင်အိမ်ထောင်ကိုကွာရှင်းပြတ်ဆဲသူ။ဒါကိုအပြစ်မှန်းမပေါ်အောင်ဟန်ဆောင်ထားသူ။ကွာရှင်းပြီးနောင်တရအပြစ်ဝန်ချတာမဟုတ်၊နောက်ထပ်အိမ်ထောင်ပြုပြီးအမှုတော်ကိုရုပ်တည်ကြီးနဲ့ဆောင်သူ။ကျမ်းစာကိုကိုယ်လိုရာအနက်ဖွင့်ပြီးဒါအပြစ်မဟုတ်လို့ဆိုကာကျမ်းစာကိုကာဗာအဖြစ်သုံးသူကယ်ဆေးမရှိပါ၊ဘုရားစီရင်လိမ့်မည်။
၅။အမှုတော်ဆောင်တွေကိုကျမ်းစာကဘယ်လိုသတိပေးထားသလဲ?
ရောမ၂:၁၉-၂၄
လူကန်းတို့အား လမ်းပြသောသူ၊မှောင်မိုက်၌ နေသောသူတို့ကို လင်းစေသောသူ၊လူမိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေးသောသူ၊ ပညတ်တရားတော်အားဖြင့် ပညာကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း ရိပ်မိသောသူဖြစ်သည်ဟူ၍၊ ကိုယ်ကို ထင်မှတ်တတ်သည်မှန်လျှင်…
👉သူတစ်ပါးကိုဆုံးမလျက်ပင် ကိုယ်ကို မဆုံးမသလော?
👉သူ့ဥစ္စာကို မခိုးနှင့်ဟု တရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော?
👉သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင်ပြစ်မှားသလော?
👉ရုပ်တုကိုစက်ဆုပ်ရွံရှာလျက်ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော?
👉ပညတ်တရားတော်ကိုအမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကို လွန်ကျူး၍ ဘုရားသခင်၏ ဂုဏ်အသရေတော်ကို ရှုတ်ချသလော?
👉အကြောင်းမူကား၊ ကျမ်းစာ၌ လာသည်နှင့်အညီ၊ တစ်ပါးအမျိုးသားတို့သည် သင်တို့အကျင့်ကို ထောက်၍ ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။
နိဂုံး
အပြစ်ပြုမိသူကိုအရှက်ခွဲဖို့မသင့်တော်သလို၊ပဂ္ဂိုလ်ရေးတိုက်ခိုက်ဖို့မသင့်တော်ပါ။အထူးသဖြင့်အမှုတော်ဆောင်တွေမှားနေရင်မေတ္တာနဲ့သတိပေးခြင်း၊ဆုတောင်းပေးခြင်းသာပြုပါ။ဝေဖန်ကဲ့ရဲ့တိုက်ခိုက်နေခြင်းကသူ့အပြစ်မှာမိမိကအမင်္ဂလာဝင်ယူတာနဲ့တူပါတယ်။နောက်တခုကအပြစ်ပြုမိသူကိုနောင်တနဲ့ပြန်လာရင်လက်ခံဖုံးအုပ်ပေးရပါမယ်၊အကယ်၍နောင်တမရသေးရင်တော့လိုက်ဖုံးဖိပေးနေလို့မရပါ၊မဟုတ်ရင်အပြစ်ကိုလိုက်လျောပေးရာကျပါတယ်။မေတ္တာနဲ့သတိပေးပြီးအပြစ်ကနေနောင်တရဖို့သာဆုတောင်းပေးဖို့လိုပါတယ်။
အသက်ရှင်တုန်းမိမိအပြစ်ကိုမြင်ပြီးနောင်တရသူများဖြစ်ကြပါစေ။(ကိုယ်တိုင်ဆင်ခြင်မိခြင်း)။