မယုံကြည်သူမေးလေ့ရှိသောမေးခွန်းများ(၂)
မေးခွန်း၁။အပြစ်လုပ်မယ်ဆိုတာကြိုသိလျက်နဲ့ဘုရားကဘာလို့လူကိုဖန်ဆင်းရတာလဲ?
ဖြေ-အပြစ်လုပ်မယ်ဆိုတာဘုရားကကြိုသိရုံမက၊ယေရှုခရစ်တော်အားဖြင့်လူတွေနောင်တရပြီးအပြစ်ဆေးကြောခြင်းခံရမယ်ဆိုတာဘုရားကြိုသိနှင့်ပြီးသားပါ။ဒါကြောင့်အာဒံဧဝအပြစ်ပြုပြီးတာနဲ့ဘုရားကသိုးမွေးနဲ့(ယေရှုရဲ့ကယ်တင်ခြင်းကိုကြိုတင်ပြသခဲ့)ဖုံးပေးခဲ့တာပါ(ကမ္ဘာ၃:၂၁)။လူတွေအပြစ်လုပ်တာဘုရားကလုပ်စေတာမဟုတ်ရပါဘူး၊လူတွေမှာလွတ်လပ်စွာရွှေးချယ်ပိုင်ခွင့်ဘုရားပေးထားလို့လူတွေကအပြစ်ကိုရွေးချယ်ပြုခွင့်ရှိနေတာပါ။ဒါပေမဲ့လူတိုင်းမိမိအပြစ်အတိုင်းစီရင်ခံရမှာမို့၊ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကိုလက်ခံမှရပါမယ်။ဒါကလည်းဘုရားပြင်ဆင်ထားပေးတဲ့လွတ်မြောက်ရာလမ်းပါဘဲ။ဘုရားကလူကိုဖန်ဆင်းပြီးအပြစ်ပြုစေပြီးငရဲကျစေတဲ့ဘုရားမဟုတ်ပါ၊မည်သူမပြုမိမိမှူပါဘဲ၊ခုလည်းဒီမေးခွန်းကိုမေးနေတဲ့မယုံကြည်သူတွေငရဲသွားမလား၊ယေရှုကိုယုံကြည်ပြီးကောင်းကင်သွားမလားလွတ်လပ်စွာရွေးချယ်ခွင့်ရှိပါတယ်။
မေးခွန်း၂။ဘုရားသခင်ကစာတန်ကိုဖန်ဆင်းရင်သူ့ကိုပုန်ကန်မှာသူကြိုသိလျက်နဲ့ဘာလို့ဖန်ဆင်းခဲ့တာလဲ?
ဖြေ-ဘုရားသခင်ကစာတန်ကိုမဖန်ဆင်းခဲ့ပါဘူး၊သမ္မာကျမ်းစာမှာဘုရားသခင်ကစာတန်ကိုဖန်ဆင်းတယ်လို့လည်းမပါပါဘူး။စာတန်ဆိုတာနဂိုကနည်းကကောင်းကင်တမန်မင်းပါ၊နောက်ပိုင်းငါငါငါ…ဆိုပြီးဘုရားနေရာဝင်ယူချင်လာတာမို့စာတန်အဖြစ်အသွင်ပြောင်းသွားတာပါ(ဟေရှာ၁၄:၁၃-၁၄)။ဒီလိုဆိုရင်ဘုရားသခင်ကဒီကောင်းကင်တမန်ဟာစာတန်ဖြစ်မယ်ဆိုတာသိလျက်နဲ့ဘာလို့ဖန်ဆင်းခဲ့သလဲလို့မေးကောင်းမေးနိုင်ပါတယ်။
အဖြေကတော့
ကောင်းကင်တမန်တိုင်းစက်ရုပ်လိုဘုရားခိုင်းသမျှခေါင်းညိမ့်လိုက်တာတာမျိုးကိုဘုရားကဖန်ဆင်းထားတာမဟုတ်ဘဲ၊လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတဲ့ကောင်းကင်တမန်ကိုဖန်ဆင်းခဲ့လို့ပါ။ဥပမာ-အခုဒီမေးခွန်းကိုမေးနေတဲ့မိတ်ဆွေမှာလည်းယေရှုကိုယုံခြင်းမယုံကြည်ခြင်းကိုလွတ်လပ်စွာဆုံးဖြတ်ခွင့်ရနေသလိုပါဘဲ။မယုံကြည်ရင်လည်းရတယ်-ဒါပေမဲ့ငရဲကျမယ်။ယုံကြည်ရင်လည်းရတယ်-ယုံကြည်ရင်ထာဝရအသက်ရမယ်။
မေးခွန်း၃။ဘုရားကအားယားနေလို့လူကိုလိုက်ဖန်ဆင်းနေတာလား?သူမဖန်ဆင်းရင်ဘာမှမဖြစ်ဘူး၊ဖန်ဆင်းလိုက်မှဒုက္ခတွေရောက်နေတာ၊အစကမဖန်ဆင်းရင်မကောင်းဘူးလား?
ဖြေ-သားဖြစ်သူကဘိန်းစားဖြစ်နေတာမို့အဖေအမေဒီလိုသားကိုဘာလို့မွေးခဲ့တာလဲဆိုတဲ့မေးခွန်းနဲ့တူပါတယ်။ဘယ်မိဘကမှကိုယ့်သားသမီးကိုဘိန်းစားဖြစ်ဖို့မွေးထားကြမှာမဟုတ်ပါဘူး။ဒီလိုပါဘဲဘုရားသခင်ကလည်းလူတွေကိုဒုက္ခရောက်ဖို့မဖန်ဆင်းခဲ့ပါဘူး၊လူတွေရဲ့အပြစ်ကြောင့်၊ဘုရားစကားနားမထောင်လို့လွတ်လပ်စွာရွေးချယ်မှုကြောင့်သာဒုက္ခရောက်နေကြတာပါ။ဥပမာ-ဆရာဝန်ညွန်ကြားတဲ့ အတိုင်းကျန်းမာရေးဂရုမစိုက်ဘဲဖျားနာလာရင်ဆရာဝန် ကြောင့်ဆိုတာမျိုးနဲ့တူပါတယ်။ဒီလိုပါဘဲ-အပြစ်မလုပ်နဲ့ဆိုတာကိုလူတွေလုပ်ကြတယ်၊ယေရှုကိုယုံကြည်မှထာဝရအသက်ရမယ်၊ငြိမ်သက်ခြင်းရမယ်၊ဒုက္ခမရှိတဲ့ ကောင်းကင် ရွှေပြည်ကိုဝင်စားရမယ်လို့ဘုရားကပြောထားပေမဲ့မယုံကြည်ကြဘူးမဟုတ်လား?
ခရစ်ယာန်ကျမ်းစာအရလူ့ဘဝဆိုတာခေတ္တဧည့်သည်လာလုပ်ခြင်းပါ၊စာမေးပွဲလာဖြေခြင်းသာဖြစ်တယ်၊ခက်ခဲတဲ့အရာကိုကျော်လွန်သွားရင်၊ဒီဘဝမှာယေရှုကိုယုံကြည်လက်ခံခဲ့ရင်-မအိုမနာမသေ-ဒုက္ခကင်းဝေးရာကောင်းကင်နိုင်ငံကိုထာဝရနေထိုင်ရမှာဖြစ်ပါတယ်။ဒါကိုတောင်မယုံကြည်ဘဲနေရင်ခေတ္တဘဝမှာဒုက္ခခံရတာထက်ထာဝရမှာငရဲကျခံရပါလိမ့်မယ်။ဒါကြောင့်အချိန်ရှိတုန်းလေးမှာယေရှုကိုအမြန်ယုံကြည်လက်ခံပါ။
ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်း
ထာဝရအသက်ကိုရရှိသောသူဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ဘုရားသခင်ကောင်းချီးပေးပါစေ။အာမင်။