ပွဲတော်ကိုမထိုက်တန်ဘဲစားသောက်ခြင်း(၅)မျိုး
၁ကော၁၁:၂၇မှာ ထိုကြောင့် သခင်ဘုရား၏မုန့်နှင့် ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။လို့ဖော်ပြထားပါတယ်။ဒါဆိုရင်ပွဲတော်မင်္ဂလာဝတ်ကိုမထိုက်တန်ဘဲစားသောက်ခြင်းဆိုတာဘာလဲ?အခြေခံ(၅)ချက်ကိုဖော်ပြပါမယ်။
၁။ယေရှုကိုမယုံကြည်သေးဘဲစားသုံးခြင်း။
ပွဲတော်မင်္ဂလာဝတ်ဆိုတာခရစ်ယာန်ယုံကြည်သူမှပါဝင်လို့ရတဲ့အရာဖြစ်တာမို့၊မယုံကြည်သူများမရိုမသေနားမလည်စားသုံးမိရင်အပြစ်ရှိသွားနိုင်ပါတယ်။
(ရောမ၁၀:၁၄သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ ပတ္ထနာပြုနိုင်မည်နည်း။ )
၂။ဗတ္တိဇံနှစ်ခြင်းမခံသေးဘဲစားသုံးခြင်း။
ဓမ္မဟောင်း(ထွက်၁၂:၄၈)မှာပသခါပွဲကိုအရေဖျားလှီးပြီးတဲ့ဣသရေလလူတွေဘဲပါဝင်ခွင့်ရပါတယ်။ဒီအတိုင်းပါဘဲဓမ္မသစ်မှာယေရှုကိုယုံကြည်ကြောင်းနှစ်ခြင်းခံပြီးဝန်ခံရဲသူမှသာပွဲတော်ကိုပါဝင်သင့်ပါတယ်။မဟုတ်ရင်အပြစ်ရှိနိုင်ပါတယ်။
(ထွက်မြောက်ရာ၁၂:၄၈ အရေဖျားလှီးမင်္ဂလာကိုမခံသောသူမည်သည်ကား၊ ထိုပွဲ၌ဝင်၍ မစားရ။)
၃။မိမိကိုယ်ကိုမစစ်ကြောဘဲစားသုံးခြင်း။
ပွဲတော်စားတိုင်းငါ့မှာဘာအပြစ်အားနည်းချက်တွေရှိနေသလဲခရစ်တော်ကအသေခံပြီးငါ့ကိုအပြစ်နွံမှရွေးနုတ်ထွက်လာပြီ၊ငါကအပြစ်နွံထဲဘဲပြန်တိုးဝင်နေလားဆိုတာသုံးသပ်ဆင်ခြင်ပြီးဘုရားရှေ့မှာဝန်ချတောင်းပန်ရပါတယ်။ဒီလိုမဟုတ်ဘဲစားရင်အပြစ်ရှိနိုင်ပါတယ်။
(၁ကော၁၁:၂၈သို့ဖြစ်၍ လူတိုင်းကိုယ်ကိုကိုယ်စစ်ကြောပြီးမှ မုန့်ကိုစားစေ။ ထိုနည်းတူ ခွက်ကိုလည်းသောက်စေ။)
၄။အနှစ်သာရကိုနားမလည်ဘဲစားသုံးခြင်း။
ပေးလာတဲ့မုန့်နဲ့စပျစ်ရည်ကိုဘာလို့စားသုံးရလဲဆိုတာမသိဘဲပေါ့ပေါ့ပျက်ပျက်စားသောက်လိုက်ခြင်းနဲ့စပျစ်ရည်ကိုမူးယစ်ဖို့သောက်ခြင်းဟာအပြစ်ရှိသွားနိုင်ပါတယ်။ဥပမာကောရိန္သုအသင်းသားတချို့ကပွဲတော်ဝင်တဲ့အခါသောက်စားမူးယစ်နေကြပြီး၊တချို့ဆင်းရဲသားကတော့ပွဲတော်မှာစားစရာမရှိလို့ငတ်ပြတ်နေကြပါတယ်။ဒါကြောင့်ပွဲတော်ကိုမထီမဲ့မြင်ပြုသူတချို့သေခဲ့ရတာပါ။
(၁ကော၁၁:၂၀-၂၂သင်တို့သည် အတူစည်းဝေးကြသောအခါ၊ သခင်ဘုရား၏ ပွဲတော်ကို စားအံ့သောငှာ စည်းဝေးကြသည်မဟုတ်။အကြောင်းမူကား၊ သင်တို့သည် စားကြသည်တွင် ကိုယ်စီကိုယ်စီ မိမိအစာကိုအရင်ယူ၍၊ တချို့ကား ဆာမွတ်လျက်၊ တချို့ကား စားသောက်ကြူးလျက်ရှိကြ၏။သင်တို့သည် စားသောက်ရာဖို့ ကိုယ်အိမ်မရှိသလော။ သို့မဟုတ်လျှင်၊ ဘုရားသခင်၏ အသင်းတော်ကို မထီမဲ့မြင်ပြု၍၊ ဆင်းရဲသောသူတို့ကို ရှက်ကြောက် စေသလော။ အဘယ်သို့ ငါဆိုရမည်နည်း။ ဤအမှုမှာ သင်တို့ကို ချီးမွမ်းရမည်လော။ မချီးမွမ်းရ။)
၅။အတူတူမစားသောက်ခြင်း။
ပွဲတော်ဝင်တဲ့အခါတစ်ယောက်တပေါက်စားသောက်လို့မရပါဘူး။အသင်းတော်ကယုံကြည်သူများတစ်ယောက်ကိုတစ်ယောက်စောင့်ပြီးတချိန်ထဲအတူတူစားသောက်ရကြတာပါ။ဒါလည်းအရေးကြီးပြီးမေ့နေကြတဲ့အရာထဲကတစ်ခုပါဘဲ။သတိထားဖို့လိုပါတယ်။အကယ်၍အိမ်ကမိသားစုအတွက်ပွဲတော်ကိုယူပြန်သွားပေးမယ်ဆိုရင်တောင်ဝတ်ပြုစည်းဝေးလုံးဝမလာနိုင်တဲ့လူမမာတွေအတွက်သာယူပြန်သင့်ပါတယ်။
(၁ကော၁၁:၃၃ထိုကြောင့် ငါ့ညီအစ်ကိုတို့၊ သင်တို့သည် စားအံ့သောငှာ စည်းဝေးသောအခါ၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ငံ့လင့်ကြလော့။)