အမှုတော်ဆောင်နှင့်ဆေးလိပ်၊အရက်၊ကွမ်းယာ
နိဒါန်း
ဆေးလိပ်၊အရက်၊ကွမ်းယာအပါအဝင်အခြားမူးယစ်သောက်စားမိတာနဲ့ချက်ချင်းအပြစ်ဖြစ်သွားတာတော့မဟုတ်ရပါဘူး။ဒါပေမဲ့မစားမရအရင့်စွဲသွားပြီးနေ့တိုင်းစားနေရတာမျိုးကတော့အပြစ်ဖြစ်သွားနိုင်ပါတယ်။
ဆိုတော့ဒီပို့စ်မှာအမှုတော်ဆောင်တစ်ယောက်ဒါတွေမဖြတ်နိုင်ဘဲစားသောက်နေရင်ဘာဖြစ်လာနိုင်လဲဆိုတာကိုအချက်(၇)ချက်နဲ့တင်ပြပါမယ်။စာရှည်ပါမယ်၊မဖတ်ချင်ရင်ကျော်သွားပါ၊အချိန်မရသေးရင်အရင်ရှဲထားပါ။
၁။ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်မယ်
အဆုပ်ထိမယ်၊ပါးစပ်/လည်ချောင်းကင်စာဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ကဘုရားသခင်ကိုကျန်းမာရေးပေးဖို့ဆုတောင်းနေပေမဲ့လည်းတဖက်မှာဒါတွေစားသောက်နေရင်ဖြေဆေးတောင်းပြီးအဆိပ်ထပ်သောက်နေတာနဲ့အတူတူပါဘဲ။သေတော့မဲ့အချိန်မှအသက်တိုးပေးပါ/ရှည်ပေးပါ၊အမှုတော်ဆက်ဆောင်ပါရစေလို့ဆုတောင်းလည်းမရတော့ပါ။ခုကတည်းကပြင်ကြပါ။
(၁ကော၃:၁၆ သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကိုလည်းကောင်း မသိကြသလော)။
၂။သူတပါးအတွက်ထိမိ၍လဲကျစေမယ်
သင်းအုပ်ဆရာတစ်ယောက်ကဆေးလိပ်သောက်နေရင်း/ကွမ်းယာဝါးရင်း/အရက်သောက်စားရင်းပလ္လင်ပေါ်ကနေဘုရားကောင်းမြတ်ခြင်းကိုဘယ်လောက်ပြောနေပြောနေ-ကြားနာသူတွေအတွက်တည်ဆောက်စရာဖြစ်မှာမဟုတ်ပါဘူး။ငါပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့ဆိုတာမျိုးကမယုံကြည်သူတွေတောင်လက်မခံတဲ့အရာပါ။ယုံကြည်သူတွေလည်းအမှုတော်ဆောင်တွေတောင်သောက်စားတာဘဲလေငါလည်းသောက်စားလို့ရမှာပါလို့ခံယူလုပ်ဆောင်သွားမိစေနိုင်ပါတယ်။
(ရှင်မာကု၉:၄၂ငါ့ကိုယုံကြည်သော ဤသူငယ်တစ်စုံတစ်ယောက်ကို အကြင်သူသည် မှားယွင်းစေ၏။ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ ပင်လယ်၌ချခြင်းကိုခံရလျှင် အနေသာ၍ ကောင်း၏။)
၃။စစ်မှန်တဲ့လွတ်မြောက်မှုနဲ့ဝေးနေရမယ်
ယုံကြည်သူတစ်ယောက်ကခရစ်တော်၌အသစ်ပြုပြင်ပြောင်းလဲပြီးအပြစ်ရဲ့ချည်နှောင်ခြင်းကနေလွတ်မြောက်ပြီလို့ကြွေးကြော်နေပေမဲ့၊လက်တွေ့မှာအရက်/ကွမ်းယာ/ဆေးလိပ်သို့မဟုတ်အခြားမူးယစ်တစ်ခုခုရဲ့ချည်နှောင်ခြင်းကနေမလွတ်မြောက်နိုင်သေးရင်စဉ်းစားစရာပါ။ဒါဟာတကယ်လွတ်မြောက်သွားတာမဟုတ်ရဘဲ၊လွတ်လပ်မှုကိုအလွဲခံယူပြီးလွတ်မြောက်မှုလို့ထင်နေကြလို့ပါ။
(ဂလာတိ၅:၁ထိုကြောင့်ခရစ်တော်သည်ငါတို့ကိုလွှတ်တော်မူသောလွှတ်ခြင်းအခွင့်၌ တည်နေသဖြင့်၊ ကျွန်ခံရာ ထမ်းပိုးကိုထမ်း၍ ချည်နှောင်ခြင်းကို တစ်ဖန် မခံကြနှင့်။)
၄။ဘုရားသခင်ရဲ့ဘုန်းတော်ရှုတ်ချစေမယ်။
ကွမ်းယာ/ဆေးလိပ်/အရက်နဲ့အခြားမူးယစ် တွေကိုမယုံကြည်သူတွေတောင်မကောင်းလို့မသောက်စားဖို့တားမြစ်နေတဲ့အချိန်၊ဘုရင်တကာဘုရင်-အရှင်တကာအရှင်-ဘုရားတကာဘုရားသခင်ရဲ့လူတွေဖြစ်တဲ့အမှုတော်ဆောင်တွေကစွဲမြဲသောက်စားနေတယ်ဆိုရင်မိမိအားဖြင့်ဘုရားဘုန်းတော်ရှုတ်ချနေပြီဆိုတာသတိပြုပါ။ဒီလို သောက်စားပြီးဧဝံဂေလိသတင်းကောင်းလိုက်ဝေငှနေရင်လည်းယုံကြည်လာကြမှာမဟုတ်ပါ၊ဧဝံဂေလိအတွက်အတားဆီးဖြစ်နေပါလိမ့်မယ်။
(ရောမ၂:၂၄ကျမ်းစာ၌လာသည်နှင့်အညီ၊တစ်ပါးအမျိုးသားတို့သည်သင်တို့အကျင့်ကိုထောက်၍ဘုရားသခင်၏နာမတော်ကိုကဲ့ရဲ့တတ်ကြ၏။)
၅။ကယ်တင်ခြင်းမရသေးကြောင်းထင်ဟပ်စေမယ်
စားလို့သောက်လို့ကယ်တင်ခြင်းရတာမဟုတ်သလို၊မစားလို့မသောက်လို့လည်းကယ်တင်ခြင်းရတာမဟုတ်ပါဘူး။ထိုနည်းတူစားသောက်မိလို့လည်းကယ်တင်ခြင်းဆုံးရှုံးမှုကိုမဖြစ်ပေါ်စေနိုင်ပါဘူး။ကယ်တင်ခြင်းဟာယုံကြည်လို့ ကျေးဇူးတော်ကြောင့်ရတာပါ(အာမင်)။ဒါပေမဲ့အထူး(အထူး)သတိထားရမှာကစစ်မှန်တဲ့ကယ်တင်ခြင်းရထားသူတစ်ယောက်ဟာဒီလိုမကောင်းတဲ့မူးယစ်ထဲမှာပျော်နေမှာမဟုတ်ပါ။အကျင့်ကြောင့်ကယ်တင်ခြင်းရတာမဟုတ်ဘူးဆိုပေမဲ့၊အကျင့်ဟာကယ်တင်ခြင်းရမရကြည့်လို့ရတဲ့သက်သေတခုဖြစ်တယ်ဆိုတာနားလည်ရပါမယ်။မူးယစ်ကိုရှောင်နိုင်လို့ကယ်တင်ခြင်းရထားတာမဟုတ်ပါ၊ကယ်တင်ခြင်းရထားသူမို့မူးယစ်ကိုရှောင်ရတာပါ။
(ရှင်ယာကုပ်၂:၂၆ ဝိညာဉ်နှင့်ကင်းသောကိုယ်သည်အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏။)
၆။အပြစ်ကိုအပြစ်မှန်းမသိထုံထိုင်းလာမယ်
သင်းအုပ်လဲမူးယစ်သောက်စား၊သင်းထောက်လဲသောက်စား၊ပြီးရင်အသင်းတော်ကော်မတီဝင်တွေအပါအဝင်သားတွေလည်းသောက်စားလာကြတော့၊ဒါဟာအပြစ်မဟုတ်ဘူးလို့ခံယူလာတတ်ကြပါတယ်။ပလ္လင်ပေါ်ထိဒီမူးယစ်ဆေးဝါးတွေနဲ့ဧည့်ခံ၊ဆရာတွေအိမ်လည်ပတ်လာဆုတောင်းရင်လည်းအရက်/ကွမ်းယာ/ဆေးလိပ်နဲ့ဧည့်ခံ၊အတိုင်အဖောက်ညီနေကြရော။အခြားသူကဒါကိုပြစ်ဖြစ်တယ်လို့ပြောလာရင်အသင်းတော်တခုလုံးတက်ညီလက်ညီနဲ့ဆန့်ကျင်ကြမယ်၊လက်မခံနိုင်ကြတော့ဘူး။အသင်းတော်တခုလုံးမှာ၈၀%လောက်ကသောက်စားတတ်သူဖြစ်နေလို့လေ။ဒါဟာအပြစ်လုပ်တာကြာတော့အပြစ်ကိုအပြစ်မှန်းမသိတော့ဘဲဖြစ်သွားတဲ့စိုးရိမ်မှတ်ပါဘဲ။ဒီလိုဆက်လုပ်နေရင်သခင်ရဲ့ငြင်းပယ်ခြင်းခံရနိုင်ပါတယ်။
(ရှင်မဿဲ၁၅:၁၄ သူတို့သည် လူကန်းတို့အား လမ်းပြသော လူကန်းဖြစ်၏။ လူကန်းချင်း တစ်ဦးကိုတစ်ဦး လမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။)
၇။ဘုန်းတော်မထင်ရှားလို့ဘုန်းတော်ဝင်စားရမယ်
ဘုရားသခင်ရဲ့လူဖြစ်ပြီးကိုယ့်ရဲ့အစားအသောက်ကြောင့်ဘုရားဘုန်းတော်မခင်ရှားစေဘဲ၊ဘုရားဘုန်းတော်ရှုံ့ချစေနေတယ်ဆိုရင်လောကကနေအချိန်မစေ့သေးဘဲစောစောသေသွားနိုင်ပါတယ်။အကယ်၍ကယ်တင်ခြင်းရပြီးသားအမှုတော်ဆောင်တစ်ယောက်ကအဲလိုဘုန်းတော်ကိုဘဲရှုံ့ချနေတယ်ဆိုရင်စောစော(သေ)ဘုန်းတော်ဝင်စားသွားပါလိမ့်မယ်။
(၁ကော၁၀:၃၁ စားသောက်တိုင်းဘုရားဘုန်းထင်ရှားစေပါ)။
(၁ကော၃:၁၇အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏။ ထိုသူကို ဘုရားသခင် ဖျက်ဆီးတော်မူလိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော် ဖြစ်ကြ၏။)
မေးခွန်းတချို့ကိုဖြေရှင်းပေးပါမယ်
မေးခွန်း(၁)ယေရှုတောင်ကာနမင်္ဂလာဆောင်မှာအရက်သောက်တာအားပေးသလို၊သူလဲသောက်တာဘဲ၊ဒါအပြစ်လို့ပြောအုံးမလား?
ဖြေ- ယေရှုကအမြဲမူးအောင်သောက်နေတာမဟုတ်သလိုအရင့်ထပြီးမသောက်မရလို့သောက်နေတာမဟုတ်ရပါ။ ရေခံမြေခံဓလေ့အရသာ သောက်တာဖြစ်ပါတယ်။ နောက်ပြီးယေရှုခေတ်ကအရက်ဟာ(အယ်ကိုဟော)အလွန်နည်းတဲ့စပျစ်ရည်နဲ့(အယ်ကိုဟော)လုံးဝမပါတဲ့စပျစ်ရည်တွေရှိတာသတိပြုရပါမယ်။ဒါကြောင့်အရက်သောက်တာအပြစ်လို့ကျမ်းစာကမဆိုထားပေမဲ့၊မူးရူးစွဲမြဲစွာသောက်ပြီးအရင့်စွဲနေတာမျိုးကိုတော့တားမြစ်ထားပါတယ်။ကွမ်းယာ/ဆေးလိပ်/အရက်တခါတလေသောက်မိတာအပြစ်မရှိပေမဲ့မူးလာရင်(သို့မဟုတ်)စွဲမြဲစွာသောက်စားလာရင်အပြစ်ရှိနိုင်ပါတယ်။ဒါကြောင့်ရှောင်ပါ။
မေးခွန်း(၂)အရက်/ကွမ်း/ဆေးလိပ်ကိုဘဲပြောနေကြတာ၊တခြားကျန်းမာရေးကိုထိခိုက်စေတဲ့အရာတွေကောအပြစ်မဟုတ်ဘူးလား?
ဖြေ-ဟုတ်ပါတယ်၊ဒါကြောင့်ကျန်းမာရေးထိခိုက်စေတဲ့လုပ်ရပ်မှန်သမျှရှောင်သင့်ပါတယ်။တချို့ကကွမ်းယာဆေးလိပ်အရက်မဖြတ်နိုင်လို့မင်းတို့လည်းဘာထူးလဲ-ဒီအပြစ်(ဒီအပြစ်)တွေလုပ်နေကြတာဘဲလေ၊မင်းတို့မျက်စိထဲကသံကျင်ကိုအရင်ထုတ်ပါလို့ဆင်ခြေပေးတတ်ကြပါတယ်။မှန်ပါတယ်ဗျ၊သံကျင်ကိုလည်းထုတ်ရမှာဖြစ်သလိုငြောင့်ငယ်ကိုလည်းထုတ်ရပါမယ်။ဒါကြောင့်ကွမ်းယာ/ဆေးလိပ်/အရက်သောက်တာကိုရှောင်ကျင်ရမှာဖြစ်သလို၊တခြားအပြစ်ဖြစ်စေမဲ့အရာတိုင်းကိုရှောင်ရှားရပါမယ်။လူတိုင်းအာနည်းချက်ရှိလို့တစ်ယောက်ကိုတစ်ယောက်လျော့ပြောဆိုတာမျိုးကနူတ်ကပတ်တော်နဲ့မညီပါဘူး။အားနည်းချက်ရှိသူတိုင်းနောင်တရပြောင်းလဲရပါမယ်။
မေးခွန်း(၃)ရှင်မဿဲ၁၅:၁၁မှာ ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ခံတွင်းမှထွက်သောအရာသည် ညစ်ညူးစေသောအရာ ဖြစ်သည်လို့ဖော်ပြထားတယ်လေ၊ဒါကြောင့်ကွမ်းယာ/ဆေးလိပ်/အရက်သောက်စားတာအပြစ်မရှိဘူးမဟုတ်လား?
ဖြေ-ဒီစကားကိုယူပြီးခံတွင်းထဲဝင်သမျှကလူကိုမညစ်ညူးစေဘူးလို့ခံယူရင်မှားပါတယ်၊ဘာလို့လဲဆိုတော့ရှေ့နောက်ကျမ်းအရယေရှုခရစ်ဒီစကားကိုပြောရခြင်းကတပည့်တော်တွေလက်မဆေးဘဲထမင်းစားလို့ပါ။မူးယစ်ဆေးဝါးစားသောက်လို့မဟုတ်ရပါဘူး။အကယ်၍ဒီစကားအတိုင်းခံတွင်းထဲဝင်သမျှကလူကိုမညစ်ညူးစေဘူးလို့ခံယူရင်၊ဒုတိယတခွန်းအရ-ခံတွင်းထဲကထွက်တဲ့အရာတိုင်းကအပြစ်ဖြစ်တယ်လို့ခံယူရပေလိမ့်မယ်။အမှန်ကတော့ခံတွင်းထဲကထွက်တဲ့အရာဆိုတာမကောင်းတဲ့အရာကိုသာအဓိကပြောခြင်းဖြစ်ပါတယ်။ထွက်လာတဲ့အရာတိုင်းကအပြစ်ပါလို့မသက်ရောက်ပါ။ဒီအတိုင်းပါဘဲခံတွင်းထဲဝင်တယ်ဆိုတာလည်းလက်မဆေးဘဲထမင်းစားခြင်းတခုကိုသာအပြစ်မဟုတ်ကြောင်းပြောခြင်းဖြစ်ပါတယ်၊ဝင်သမျှအားလုံးကိုဆိုလိုတာမဟုတ်ကြောင်းနားလည်ဖို့လိုပါတယ်။ဒီကျမ်းချက်ရဲ့အဓိကသွန်သင်ချက်ဟာအပေါ်ယံပညတ်ကိုသာထိန်းသိမ်းတာထက်အတွင်းစိတ်ကနေဘုရားစကားနား ထောင်တတ်ဖို့သွန်သင်နေတာပါ။ဘာမဆိုစားသောက်လို့ရပြီလို့သွန်သင်နေရခြင်းမဟုတ်ရပါ။
မေးခွန်း(၄)ဘာလို့ဘုရားကဒီမူးယစ်ဆေးဝါးကိုဖန်ဆင်းခဲ့တာလဲ။
ဖြေ-ဘုရားဖန်ဆင်းထားတဲ့ရည်ရွယ်ချက်ကလူ တွေအတွက်လိုအပ်တဲ့နေရာသုံးဖို့ပါ၊ယစ်မူးဖို့မဟုတ်ရပါဘူး။ဒါကြောင့်အရက်/ကွမ်းယာ/ဆေးလိပ် မကပါဘူး၊မူးယစ်ဆေးဝါးမှန်သမျှဟာသူ့ နေရာသူသုံးရင်အကျိုးရှိမှာပါ။ တနည်းအား ဖြင့်သုံးတတ်ရင်ဆေးမသုံးတတ်ရင် ဘေးဖြစ်ပါတယ်၊တန်ဆေးလွန်ဘေးပေါ့။
နိဂုံး
အမှုတော်ဆောင်တစ်ယောက် ဆေးလိပ်/အရက်/ကွမ်းယာနဲ့အခြားမူးယစ်ကိုမဖြတ်နိုင်ဘဲစွဲမြဲစွာဆက်သောက်စားနေမယ်ဆိုရင်
၁။ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်ပါမယ်။
၂။သူတပါးအတွက်ထိမိ၍လဲကျစေပါမယ်။
၃။စစ်မှန်တဲ့လွတ်မြောက်မှုနဲ့ဝေးနေရပါမယ်။
၄။ဘုရားသခင်ရဲ့ဘုန်းတော်ရှုတ်ချစေပါမယ်။
၅။ကယ်တင်ခြင်းမရသေးကြောင်းထင်ဟပ်စေပါမယ်။
၆။အပြစ်ကိုအပြစ်မှန်းမသိထုံထိုင်းလာပါမယ်။
၇။ဘုန်းတော်မထင်ရှားလို့ဘုန်းတော်ဝင်စားရမယ်။
အလင်းရဖို့မေးခွန်းတွေလည်းဖြေပေးခဲ့ပါတယ်။