လက်တင်ခြင်းအဓိပ္ပာယ်(၇)မျိုး
နိဒါန်း
သမ္မာကျမ်းစာထဲကလက်တင်ခြင်းဟာစိတ်ရင်းမှန်ခြင်းနဲ့အထူးဂရုစိုက်ခြင်းကိုပုံဆောင်ပါတယ်။လက်တင်ခြင်းနဲ့ပက်သက်ပြီးသမ္မာကျမ်းစာထဲမှာအကြိမ်ရေ(၄၈)ကြိမ်လောက်ဖော်ပြထားပါတယ်။အဲဒီလက်တင်ခြင်းတွေထဲမှာမတူညီတဲ့အဓိပ္ပာယ်ပုံဆောင်ချက်တွေတရှိနေတာတွေ့ရပါတယ်။တခုချင်းအကျဉ်းချုပ်ချပြပါမယ်။
၁။အပြစ်ကူးပြောင်းပေးလိုက်သောလက်တင်ခြင်း
ဓမ္မဟောင်းကာလမှာလူတစ်ယောက်အပြစ်ပြုမိတဲ့အခါ၊အပြစ်ဖြေရာယဇ်ကောင်ကိုယူလာပြီးနောင်တရတဲ့အနေနဲ့ယဇ်ကောင်ပေါ်(အနာအစာကင်းစင်တဲ့သိုး၊ခို၊နွား)လက်တင်ပြီးယဇ်ပူဇော်ရပါတယ်။ဒါကအဲဒီယဇ်ကောင်ဆီကိုယ်လုပ်တဲ့အပြစ်ကူးစေတဲ့ပုံဆောင်ခြင်းဖြစ်ပြီး၊အဲဒီယဇ်ကောင်ဟာအပြစ်သားကိုယ်စားအသေခံရတာပါ။(ဓမ္မသစ်မှာယေရှုဘုရားကနေကိုယ်စားအသေခံခြင်းဖြင့်ယနေ့ကျနော်တို့ယဇ်ပူဇော်စရာမလိုတော့တာပါ။)
ထွက်၂၉:၁၀-၁၉၊
ဝတ်၃:၁-၃၊၄:၄-၃၃၊၁၆:၂၀-၂၂၊
တောလည်၈:၁၂။
၂။အမှုတော်ထမ်းရွတ်ဖို့ခန့်အပ်လက်တင်ခြင်း
တမန်၆:၆မှာသင်းထောက်(၇)ဦးကိုရွေးကောက်တဲ့အခါတမန်တော်တွေကနေလက်တင်ခန့်အပ်ပေးခဲ့ပါတယ်။နောက်ပြီး၁တိ၄:၁၄မှာလည်းသင်းအုပ်အမှုကိုထမ်းဖို့လက်တင်ဆုတောင်းခဲ့ကြကြောင်းဖော်ပြပါတယ်။
ယနေ့အသင်းတော်တွေမှာလည်းမတူညီတဲ့အခန်းကဏ္ဍာမှာဆက်ကပ် အစေခံဖို့ခန့်အပ်တဲ့အခါလက်တင်ဆုတောင်းပေးပြီးအမှုတော်ထမ်းရွတ်စေလေ့ရှိပါတယ်။ကျွန်တော်တို့တွေ့မြင်နေကျကတော့သိက္ခာတော်ရတွေကိုလက်တင်ပေးပြီးခန့်အပ်ခြင်းတွေပါဘဲ။
၃။လုပ်ပိုင့်ခွင့်တာဝန်ပေးပြီးစေလွတ်တဲ့လက်တင်ခြင်း
တရားဟောရာ၃၄:၉မှာမောရှေကဘုရားသခင်မှာထားတဲ့အတိုင်းသူ့နေရာမှာဆက်ခံဖို့ယောရှုကိုတာဝန်ပေးတဲ့အနေနဲ့လက်တင်ပြီးအခွင့်အာဏာလွဲပြောင်းပေးခဲ့ပါတယ်။
ဓမ္မသစ်အသင်းတော်(တမန်၁၃:၃)မှာလည်းဧဝံဂေလိလုပ်ဖို့လူကိုစေလွတ်တဲ့အခါလက်တင်ဆုတောင်းပေးပြီးစေလွတ်(တာဝန်ပေး)ခဲ့ကြပါတယ်။
ယနေ့အသင်းတော်တွေမှာလည်းအလားတူလက်တင်ဆုတောင်းပြီးပုခုံးပြောင်းတာဝန်ယူစေသလို၊ဧဝံဂေလိအတွက်စေလွတ်တဲ့အခါလည်းလက်တင်ကြရပါတယ်။
၄။ကောင်းချီးပေးတဲ့လက်တင်ခြင်း
ကမ္ဘာ၄၈:၁၂:၂၂မှာယာကုပ်ကသားမြေးတွေကိုကောင်းချီးပေးတဲ့အခါတိုင်းလက်တင်ပြီးကောင်းချီးပေးခဲ့တာတွေ့ရပါတယ်။
မာကု၁၀:၁၆မှာလည်းသခင်ယေရှုခရစ်တော်ဘုရားကသူငယ်တွေကိုလက်တင်ပြီးကောင်းချီးပေးခဲ့ကြောင်းဖော်ပြပါတယ်။အဲဒါတွေကိုအခြေပြုပြီးယနေ့သိက္ခာတော်ရဆရာကြီးတွေကောင်းချီးပေးတဲ့အခါပရိသတ်ပေါ်လက်တင်ပြီးကျမ်းစာအတိုင်း(၂ကော၁၃:၁၄)ကောင်းချီးပေးလေ့ရှိပါတယ်။
နောက်တခုကသိက္ခာတော်ရမှလက်တင်ဆုတောင်းလို့ရတာမဟုတ်ပါဘူး၊ယနေ့မိဘဆရာတွေလည်းအိမ်မှာသားမြေးမျိုးဆက်တွေကိုအဲဒီလိုလက်တင်ကောင်းချီးပေးလို့ရပါတယ်။(အသင်းတော်မှာတော့သိက္ခာတော်ရလုပ်ပိုင့်ခွင့်ကိုတော့မကျော်သင့်ပါ)။
၅။ဆုကျေးဇူးရဖို့လက်တင်ဆုတောင်းပေးခြင်း
၂ တိ၁:၆-၇ မှာရှင်ပါလုကတိမောသေကို… ငါလက်တင်သောအားဖြင့်၊ သင်၌ ဘုရားသခင်ပေးတော်မူသောဆုကို နှိုးဆော်မည်အကြောင်း၊ ငါသည် သင့်ကိုသတိပေး၏။…လို့ပြောထားပါတယ်။တနည်းအားဖြင့်သင်းအုပ်ဆရာအဖြစ်ဆုကျေးဇူးများရဖို့လက်တင်ဆုတောင်းပေးခဲ့တာပါ။သတိထားရမှာကတမန်တော်တွေလက်တင်လိုက်မှသာဝိညာဉ်တော်ဆင်းသက်တာတို့၊လူနာသက်တာလာတာတို့၊ဆုကျေးဇူးရလာတာတို့ဟာတမန် တော်တွေစွမ်းနေလို့မဟုတ်ဘဲဝိညာဉ်တော်ကတမန်တော်တွေရဲ့လက်ကနေအလုပ်လုပ်ခဲ့တယ်ဆိုတာပါ။
ဒါကြောင့်ယနေ့ဘယ်အမှုတော်ဆောင်လက်တင်မှဆိုတာထက်(ဆုကျေးဇူးကိုဘုရားဆီတောင်းခံလို့ရပေမဲ့)ဝိညာဉ်တော်ကသူ့အလိုအတိုင်းပေးတာသတိရပါ။
ယနေ့မှာလည်းဝိညာဥ်ဆုကျေးဇူးရဖို့ကိုယ်တိုင်ဆု တောင်းခံယူလို့ရသလို၊အမှုတော်ဆောင်တွေရဲ့လက်တင်ဆုတောင်းပေးတာကိုလည်းခံယူလို့ရပါကြောင်း(၁ကော၁၄:၁၂-၁၃)။
၆။ကျန်းမာစေဖို့လက်တင်ဆုတောင်းခြင်း
သခင်ယေရှုကလူတွေကိုလက်တင်တဲ့အခါလူတွေကျန်းမာလာပါတယ်(မဿဲ၉:၁၈၊မာကု၅:၂၂:၂၄၊မာကု၈:၂၃၊၆:၅၊လုကာ၄:၄၀)။
ရှင်ပေါလုလဲလူနာပေါ်လက်တင်ဆုတောင်းတဲ့အခါလူနာကျန်းမာလာပါတယ်(တမန်၂၈:၈)။
သတိပြုရမှာကယနေ့လူနာ၊တွေကိုလက်တင်ဆုတောင်းပေးလို့ရတယ်ဆိုပေမဲ့၊လူနာအတွက်ဆုတောင်းတိုင်းလက်တင်မှကျန်းမာမယ်လို့မဟုတ်ပါ၊အဓိကကျန်းမာစေတာလက်တင်ခြင်းမတင်ခြင်းမဟုတ်ပါ၊ယုံကြည်ခြင်းနဲ့ဘုရားတန်ခိုးတော်အားဖြင့်သာဖြစ်ပါတယ်။အာမင်။
၇။သန့်ရှင်းသောဝိညာဉ်တော်ခံရဖို့လက်တင်ခြင်း
ကနဦးအသင်းတော်မှာတမန်တော်တွေရဲ့အခွင့်အာဏာကိုဘုရားသခင်ကအသိအမှတ်ပြုသောအနေနဲ့တမန်တော် တွေလက်တင်မှသာဝိညာဉ်တော်ကဆင်းသက်တာဖြစ်ပါတယ်(တမန်၈:၁၇၊တမန်၁၉:၆)။ဒါကြောင့်တချို့နေရာတွေမှာလူတချို့ယုံကြည်ပြီဆိုပေမဲ့တမန်တော်အရိုက်အရာရှိသူတွေလက်မတင်မချင်းဝိညာဉ်တော်မဆင်းသက်တာပါ(တမန်၁၉:၁-၅)။
သတိပြုရမှာကယနေ့ခေတ်မှာတော့ယုံကြည်တာနဲ့ချက်ချင်းဝိညာဉ်တော်ကိုခံစားရရှိနိုင်မှာဖြစ်ပါတယ်။ဝိညာဉ်တော်ရရှိခြင်းကလက်တင်ခြင်းမတင်ခြင်းပေါ်အဓိကမကျတော့တာပါ။ယုံကြည်ခြင်းမယုံကြည်ခြင်းမှာသာအဓိကကျပါတယ်။
နိဂုံး
သမ္မာကျမ်းစာမှလက်တင်ခြင်းအဓိပ္ပာယ်(၇)မျိုး
၁။အပြစ်ကူးပြောင်းပေးလိုက်သောလက်တင်ခြင်း
၂။အမှုတော်ထမ်းရွတ်ဖို့ခန့်အပ်လက်တင်ခြင်း
၃။တာဝန်ပေးပြီးစေလွတ်တဲ့လက်တင်ခြင်း
၄။ကောင်းချီးပေးတဲ့လက်တင်ခြင်း
၅။ဆုကျေးဇူးရဖို့လက်တင်ဆုတောင်းပေးခြင်း
၆။ကျန်းမာစေဖို့လက်တင်ဆုတောင်းခြင်း
၇။သန့်ရှင်းသောဝိညာဉ်တော်ခံရဖို့လက်တင်ခြင်း