တပည့်တော်စစ်လက္ခဏာ(၅)မျိုး
နိဒါန်း
သမ္မာကျမ်းစာထဲမှာယေရှုခရစ်တော်ရဲ့ နောက်လိုက်တပည့်တော်တွေအများကြီးရှိခဲ့ပါတယ်။ဒီထဲမှာအတုနဲ့အစစ်အများကြီးရောနှောနေတာလဲတွေ့ရမှာပါ။ဒါကြောင့်ခရစ်တော်ရဲ့တပည့်တော်စစ်တွေရဲ့အမှတ်လက္ခာဏာ(၅)မျိုးကိုကျမ်းစာအရဖော်ပြပါမယ်။
၁။အချင်းချင်းချစ်ခြင်း
ရှင်ယောဟန်၁၃:၃၅သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၂။ပုံသက်သေရှိခြင်း
ရှင်ယောဟန်၁၅:၈သင်တို့သည် များစွာသောအသီးကို သီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့် မှန်ကြလိမ့်မည်။
(ဂလာတိ 5:22-23 ဝိညာဉ်(အသီး)ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှ မမြစ်တား။)
၃။မိမိလက်ဝါးကပ်တိုင်ကိုထမ်းခြင်း
ရှင်မဿဲ၁၆:၂၄ ထိုအခါ ယေရှုက၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။
(ကိုယ့်လက်ဝါးကပ်တိုင်=လူ ဟောင်းဇာတိ”ငါ”ဆိုတာကိုအမြဲရိုက်သတ်ပြီး၊ယေရှုခရစ်တော်၌အသစ်သောအသက်တာဖြင့်နာခံအသက်ရှင်ခြင်း။)
ဂလာတိ၅:၂၄-၂၅ ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကိုလည်းကောင်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကိုလည်းကောင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ။သို့ဖြစ်၍ ငါတို့သည် ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြကုန်အံ့။
ဂလာတိ၂:၂၀ ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။
၄။အရာခပ်သိမ်းထက်ဘုရားကိုချစ်ခြင်း
ရှင်လုကာ၁၄:၂၆အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကိုလည်းကောင်း၊ ထိုမျှမက မိမိအသက်ကိုလည်းကောင်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။
သတိထားရမှာကယုံကြည်သူတိုင်းမိဘနဲ့အိမ်သူအိမ်သားကိုမုန်းရမယ်လို့မဆိုလိုပါ။ဘုရားကိုနံပတ်တစ်နေရာထားရမယ်၊ယုံကြည်ခြင်းနဲ့ပက်သက်လာရင်ဘုရားကိုဦးစားပေးပြီးဘုရားရဲ့အချစ်နဲ့မိဘကိုရိုသေပြီးချစ်ရမယ့်သဘောပါ။ဥပမာမိသားစုမှာကိုယ်တစ်ယောက်ထဲအရင်ယုံကြည်လာရင်ကျန်တဲ့အိမ်သားတွေကပြဿနာလာရှာတတ်ကြတယ်၊ဒါကိုသီးခံပေးဆပ်တတ်ဖို့သွန်သင်နေတာပါ၊မိဘကိုရိုသေဖို့ယုံကြည်ခြင်းကိုသစ္စာမဖောက်လိုက်နဲ့ပြောတာပါ။
၅။ခရစ်တော်စကားတိုင်းနာခံအသက်ရှင်ခြင်း
ရှင်ယောဟန်၈:၃၁-၃၂ ထိုအခါယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။
ရှင်ယောဟန်၁၄:၁၅ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။
နိဂုံး
ယနေ့ယုံကြည်သူတိုင်းဟာခရစ်တော်နောက်လိုက်(တပည့်)တွေပါဘဲ။ပြဿနာကအတုနဲ့အစစ်ရောနှောနေကြပါတယ်။မိမိကိုယ်ကိုယုံကြည်သူတစ်ယောက်ဟုတ်တယ်ဆိုရင်ငါဟာခရစ်တော်တပည့်စစ်မစစ်ဒီအချက်(၅)ချက်နဲ့စစ်ဆေးပြီးအသက်ရှင်ဖို့လိုပါတယ်။
၁။ငါအချင်းချင်းချစ်နေလား?
၂။ငါပုံသက်သေရှိလား?
၃။ငါကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်းနေလား?
၄။အရာခပ်သိမ်းထက်ဘုရားကိုချစ်နေလား?
၅။ခရစ်တော်စကားတိုင်းနာခံအသက်ရှင်နေလား?
ဆင်ခြင်ကြပါစို့။
ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။