• 周五. 4 月 17th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သမ္မာကျမ်းစာထဲကခြေဆေးခြင်းမင်္ဂလာ

ဆရာရဲမင်း

12 月 10, 2024

သမ္မာကျမ်းစာထဲကခြေဆေးခြင်းမင်္ဂလာ

သမ္မာကျမ်းစာအရခရစ်ယာန်အသင်းတော်တွေပြုတဲ့မင်္ဂလာဝတ်‌တွေထဲမှာခြေဆေးခြင်းမင်္ဂလာတခုပါဝင်ပါတယ်။သခင်ယေရှုခရစ်တော်ကိုယ်တိုင်(ယောဟန်၁၃:၁-၁၄)မှာတပည့်တော်တွေရဲ့ခြေကိုဆေးခဲ့ပေးပြီး၊ယုံကြည်သူတွေလဲအဲလိုပြုကြဖို့သွန်သင်ခဲ့ပါတယ်။

ဘုရားဖြစ်တဲ့သခင်ဖြစ်တဲ့ယေရှုကဘာလို့သူ့တပည်တွေရဲ့ခြေကိုဆေးပေးခဲ့တာလဲဆိုတော့(လုကာ၂၂:၂၄-၂၆)အရ‌ ၊ယေရှူခရစ်ကားတိုင်တက်ရမဲ့အချိန်မှာတောင်တပည့်တော်တွေကသူ့ရာထူးကြီးငါ့ရာထူးကြီးကြောင်းငြင်းခုန်နေကြတုန်းမို့ပါ။ဒါကြောင့်သခင်ယေရှုခရစ်တော်ကနှိမ့်ချတတ်ခြင်းသင်ခန်းစာကိုပါးစပ်နဲ့သာမဟုတ်ဘဲလက်တွေ့အနေနဲ့သင်ပေးခဲ့တာပါ။ပြီးတော့(ရှင်ယောဟန် ၁၃:၁၄မှာ ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။)လို့အဓိက‌သွန်သင်ပေးခဲ့တာဖြစ်ပါတယ်။

အမှန်ကတော့အဲဒီခေတ်ကာလနောက်ခံယဉ်ကျေးမှုအရအိမ်မှာလာတဲ့ဧည့်သည်တိုင်းကိုအိမ်ရှင်ကသူ့ခိုင်းစေကိုခြေဆေးခိုင်းတဲ့ဓလေ့ရှိပါတယ်။တနည်းအားဖြင့်ရာထူးအငယ်ဆုံး-အနှိမ့်ဆုံး(အောက်ခြေလူ)အစေခံကအထက်လူကြီးနဲ့ဧည့်သည်ကိုခြေဆေးပေးရတာပါ။ဒါကယနေ့တိုင်တချို့နေရာရှိနေတဲ့လူ့ယဉ်ကျေးမှုတမျိုးပေါ့ဗျာ။ဒါပေမဲ့ယေရှုခရစ်ကနှိမ့်ချတတ်ဖို့သင်ပေးတဲ့အနေနဲ့(ပြောင်းပြန်)အထက်စီးလူက-အောက်ခြေကလူကိုခြေဆေးပေးခဲ့တာဖြစ်ပါတယ်။

ယနေ့ခရစ်ယာန်အသင်းတော်တွေမှာ
ခြေဆေးခြင်းမင်္ဂလာလို့ရယ်ပြုကြတဲ့အခါ
အချင်းချင်းနှိမ့်ချခြင်းနဲ့ပြန်လည်သင့်မြတ်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့မလွဲမိဖို့လိုပါတယ်။အထူးသတိပြုရမှာကခရစ်ယာန်အသင်း‌တော်တွေပြုတဲ့ခြေဆေးခြင်းမင်္ဂလာဆိုတာအောက်ခြေလူကအထက်လူကြီးကိုဆေးပေးခြင်းမျိုးမဟုတ်ရပါ။သက်ကြီးရွယ်အို/လူကြီးသူမ တွေကိုခြေဆေးပေးတာမျိုးကမိခင်ဖခင်များနေ့မှာရိုသေသောအနေနဲ့လုပ်နိုင်ပါတယ်-ဒါပေမဲ့ဒါကကျမ်းစာကပြောတဲ့ခြေဆေးခြင်းမင်္ဂလာဝတ်တော့မဟုတ်ကြောင်းနားလည်ရပါမယ်။ဘာလို့လည်းဆိုတော့ငယ်သူကကြီးသူကိုခြေဆေးပေးတယ်ဆိုတာနှိမ့်ချခြင်းသင်ခန်းစာမပါပါဘူး၊ရိုသေကိုင်းရှိုင်းတဲ့သင်ခန်းစာသာဖြစ်ပါတယ်။ဒါဟာမယုံကြည်သူသာသနာပလူတွေတောင်ပြုကြတဲ့သာမန်လူ့ယဉ်ကျေးမှုသာဖြစ်တယ်။ဒါပေမဲ့ကြီးသူက-ငယ်သူရဲ့ခြေကိုဆေးတာမျိုးကခရစ်ယာန်ကျမ်းစာမှာသာရှိတာပါ။သာသနာပလူတွေလက်မခံနိုင်တဲ့အရာပါ။မင်းထက်ကြီးသူကမင်းကိုခြေဆေးပေးရအောင်မင်းကတန်လား?ငရဲကြီးမယ်ဆိုတတ်လေ့ရှိပါတယ်။

ဒါပေမဲ့
ကျမ်းစာထဲကပြောတဲ့ခြေဆေးခြင်းမင်္ဂလာဆိုတာ
ဆရာဖြစ်လျက်နဲ့တပည့်တွေရဲ့ခြေကိုဆေးနိုင်တာ၊
သင်းအုပ်ဖြစ်လျက်နဲ့အသင်းသားခြေကိုဆေးနိုင်တာ၊
အမှုတော်ဆောင်ဖြစ်လျက်နဲ့ဆင်းရဲသားခြေကိုဆေးနိုင်တာ၊အသက်ကြီးသူဖြစ်လျက်နဲ့အသက်ငယ်သူရဲ့ခြေကိုဆေးနိုင်တာ၊ရာထူးကြီးသူကအောက်ခြေလူရဲ့ခြေကိုဆေးနိုင်တာ၊ကိုယ့်ကိုမုန်း‌နေသူနဲ့ခြေကိုဆေးပေးနိုင်တာ၊
စသဖြင့်-မထိုက်တန်သူကို‌ ခြေဆေးပေးတာကိုဆိုလိုပါတယ်။

အဓိကအဓိကပွိုင့်က
အချင်းချင်းနှိမ့်ချဖို့နဲ့ရန်ငြိမ်းဖို့သာဖြစ်ကြောင်းယနေ့အသင်းတော်တွေနားလည်ထားရင်၊ငါငါငါဆိုတာလျော့ပြီးသင်းခွဲ-မုန်းတီး-နေရာလုမှုတွေပပျောက်သွားမှာဖြစ်ပါတယ်။လုပ်ထုံးလုပ်နည်း(အကြီးမှအငယ်ကိုခြေဆေးပေးနိုင်ခြင်း)တွေလည်းမှန်ကန်လာမှာဖြစ်ပါတယ်။

ဝိညာဉ်တော်အလင်းပေးပါစေ၊အာမင်။
မူရင်း-ဆရာရဲမင်း