နာမကျန်းဖြစ်ရခြင်းအကြောင်း(၈)မျိုး
ယုံကြည်သူမှန်ရင်ကျန်းမာချမ်းသာရမယ်လို့ကျမ်းစာမှာမသွန်သင်ထားပါ။ဖျားနာခြင်းတိုင်းကလည်းအပြစ်ကြောင့်မဟုတ်ပါ။ဆိုတော့သမ္မာကျမ်းစာရှုထောင့်အရ နာမကျန်းဖြစ်ရခြင်း ၈ မျိုးရှိပါတယ်။
၁။ဘုရားသခင်၏ဆုံးမခြင်း(ဟေဗြဲ ၁၂:၆)
ဘုရားသားသမီးတွေစကားနားမထောင်ဘဲလမ်းမှားနေရင်ဘုရားသခင်ကဒဏ်ခတ်တတ်ပါတယ်၊ဒီဆုံးမဒဏ်ခတ်တဲ့ထဲမှာဖျားနာခြင်းကတမျိုးပါဘဲ။ဒါကြောင့်နာမကျန်းဖြစ်လာရင်ဘုရားစကားနားမထောင်လို့လားဆိုတာဆင်ခြင်ကြည့်ပါ။
၂။စာတန်ကတိုက်ခိုက်ခြင်း(မဿဲ ၈:၁၄)
ပေတရု၏ယောက္ခမဖျားသလို၊စာတန်ဟာဒီအဖျားနဲ့လူကိုဘုရားအမှုတော်မှာမပါဝင်နိုင်အောင်စွဲချတတ်တယ်။ဒါမျိုးဆိုရင်ယေရှုနာမနဲ့သာနင်ထုတ်ကြ။
၃။သင်ခန်းစာသင်ယူစေခြင်း(၄ရာ၂၀:၃)
မဖျားခင်မှာအလုပ်ရှုပ်လွန်းလို့ဘုရားဝတ်အတွက်အချိန်မပေးနိုင်ဘူး၊ဖျားသွားတော့ဘုရားနဲ့သေချာအချိန်ပေးနိုင်ပြီးသင်ခန်းစာတွေအများကြီးရစေဖို့ဖြစ်တယ်။
၄။ဘုရားဘုန်းထင်ရှားဖို့(ယော ၁၁:၄)
လာဇရုဖျားသလို၊တချို့နာမကျန်းဖြစ်ရခြင်းဟာဘုရားဘုန်းထင်ရှားဖို့အတွက်ဘဲဖြစ်တယ်။ဟာလေလုယာ။
၅။သူတပါးကိုနှစ်သိမ့်ပြုစုတတ်စေဖို့(၂ကော၁:၄)
ဖျားနာနေတဲ့လူတယောက်ကိုကူညီပြုစုဖို့ကိုယ်တိုင်ဖျားဘူးရင်ပိုစာနာပြုစုတတ်ပါတယ်။အတွေ့အကြုံရှိဖို့အတွက်နဲသူတပါးကိုအစေခံတတ်စေဖို့အတွက်ပါ။ဒီလိုဆုကျေးဇူးရှိဖို့ဘုရားသခင်ကသင်ခေတ္တဖျားဖို့အလိုတော်ရှိပါတယ်။
၆။မထောင်လွားအောင်(ကမ္ဘာဦး ၃၂:၃၁)
ယုံကြည်သူတွေနှိမ့်ချသောစိတ်ရှိအောင်ဘုရားသခင်ကအဖျားနဲ့ပြုပြင်တတ်ပါတယ်၊ဓမ္မ ဟောင်းကယာကုပ်နဲ့ဓမ္မသစ်ကရှင်ပေါလုလိုပေါ့(၂ကော ၁၂:၇)
၇။ကျန်းမာရေးဂရုမစိုက်လို့(၁ကော ၃:၁၇)
ကျနော်တို့ခန္ဓာဟာဘုရားရဲ့ဗိမာန်လို့ပြောပါတယ်၊ဒါကိုမစားသင့်တာစား၊မသောက်သင့်တာသောက်၊မသွားသင့်မလုပ်သင့်တာမရှောင်ဘဲလုပ်ခဲ့ရင် ဧကန်ဖျားမှာအမှန်ပါဘဲ။ဘုရားကိုဆုတောင်းပြီးဆေးကုမှရပါမယ်။
၈။သေချိန်စေ့လို့(၂တိ ၄:၆-၈)
ယုံကြည်သူဖျားနာရခြင်းအကြောင်းရင်းထဲမှာနောက်ဆုံးတမျိုးကသေနေ့စေ့လို့ဖျားတာဘဲဖြစ်ပါတယ်၊ဓမ္မဟောင်းကပရောဖက်ဧလိရှဲ(၄ရာ ၁၃:၁၄)လို၊ဓမ္မသစ်ကရှင်ပေါလုလိုပါ။ဒီအဖျားမျိုးဆိုရင်ဘုရားသခင်မှသူ့ဝေဒနာချုပ်ငြိမ်းစေဖို့နဲ့အမြန်ခေါ်ပြန်ဖို့သာဆုတောင်းသင့်ပါလိမ့်မယ်။
ချစ်သောယုံကြည်သူခရစ်ယာန်များ
အထက်ပါအကြောင်းရင်း၈မျိုးကိုကြည့်ခြင်းအားဖြင့်နာမကျန်းဖြစ်တိုင်းယုံကြည်ခြင်းမရှိလို့အပြစ်ပြုမိလို့ဆိုပြီးမုချပြောမရပါ။ဣသရေလ၁၂မျိုး၏ဖခင်ယာကုပ်ဟာပေါင်တဖက်ထောနက်ထောနက်နဲ့သေတဲ့ထိပါဘဲ။နောက်ပြီးဘုရားသခင်အသုံးပြုသောပရောဖတ်ကြီးဧလိရှဲလဲဖျားတတ်ပါတယ်၊သခင်ယေရှုချစ်သောလာဇရုလဲဖျားတတ်ပါတယ်၊ရှင်ပေါလုကိုယ်ပေါ်မှာအဆူး(အနာတခုခု)ရှိတာဘုရားကိုယူပစ်ပေးဖို့သုံးကြိမ်တောင်းဆိုခဲ့ပေမဲ့ဘုရားကသူ့ကို”ငါ့ကျေးဇူးလုံလောက်တယ်”လို့သာတုန့်ပြန်ခဲ့ပါတယ်။ဆိုတော့ယုံကြည်သူများဖျားနာပြီဆိုရင်အရင်ဆုံးမိမိကိုယ်ကိုယ်သုံးသပ်ပါ၊ပြီးရင်ဘုရားသခင်ဆီဆုတောင်းပါ၊ဆေးကုဖို့လိုအပ်လာရင်ကုပါ၊ဆေးသောက်ပါ။ဆုဘဲတောင်းမယ်ဆေးမသောက်ဆေးမကုဘူးမလုပ်ပါနဲ့တခါထဲဘုရားကငါ့သားသမီးအိမ်ပြန်ချင်နေတာထင်တယ်ဆိုပြီးခေါ်ပြန်သွားပါလိမ့်မယ်။ဘုရားသခင်ကဆေးနဲ့ဆရာဝန်တွေကိုရှိစေတာအကြောင်းမဲ့မဟုတ်ပါ။ဒါပေမဲ့ဆေးဝါးနဲ့ဆေးပညာကိုအားကိုးပြီးဘုရားကိုတော့မေ့မထားပါနဲ့၊ဆေးပညာရဲ့အထက်မှာထာဝရဘုရားရှိကြောင်းသတိယပါ။ဒါကြောင့်ဒီပို့စ်လေးအားဖြင့်နာမကျန်းဖြစ်နေခြင်းအပေါ်ခြုံငြုံသုံးသပ်နိုင်ကြပါစေ။