• 周日. 4 月 19th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

လိုရင်းတိုရှင်းဆုတောင်းချက်များ

ဆရာရဲမင်း

12 月 23, 2024

လိုရင်းတိုရှင်းဆုတောင်းချက်များ

၁။မနက်အိပ်ယာထဆုတောင်း
အဖဘုရားသခင်၊တစ်ညတာလုံးအနားယူအိပ်စက်ခွင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ဒီနေ့ကိုယ်တော်ဖန်ဆင်းပေးတဲ့နေ့သစ်ထဲမှာပြန်လည်နိုးထခွင့်နဲ့အတူအသက်ရှင်ခွင့်ပေးတဲ့အတွက်လဲကျေးဇူးတော်ချီးမွမ်းပါတယ်၊တစ်နေ့တာလုံးကိုယ်တော်ကွယ်ကာစောင့်မပေးတော်မူပါ။အလိုတော်တိုင်းအသက်ရှင်တတ်ဖို့ဝိညာဉ်တော်လမ်းပြပါ။အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲမကောင်းသောအမှုမှလဲကယ်နူတ်ပေးတော်မူပါ။ဘယ်နေရာရောက်ရောက်ဘာလုပ်လုပ်ကိုယ်တော်နဲ့အတူသွားလာတတ်သောသူဖြစ်စေပါမည်အကြောင်းယေရှုနာမအားဖြင့်ဆုတောင်းပါသည်အဖဘုရား၊ အာမင်။

၂။အစာအတွက်ဆုတောင်းခြင်း
ကျေးဇူးမေတ္တာတော်ရှင်အဖ၊ကိုယ်တော်ဖန်ဆင်းပေးထားတဲ့အစားအစာအတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်၊ဒီအစာတွေကိုသန့်ရှင်းစေလျှက်စားသုံးသူအားလုံးအတွက်ကျန်းမာခြင်းခွန်အားဖြစ်စေပြီးဘုန်းတော်ထင်ရှားသောအသက်တာဖြစ်စေတော်မူပါ။အစာကိုကြိုက်နှစ်သက်ခြင်းထက်ကိုယ်တော့်ကိုသာ၍နှစ်သက်နိုင်သောသူဖြစ်စေပါ။ယေရှုနာမအားဖြင့်ဆုတောင်းကြပါသည်အဖဘုရား၊ အာမင်။

၃။ညအိပ်ဆုတောင်း
အဖဘုရား၊ကိုယ့်တော့်ကျေးဇူးတော်ကြောင့်တရက်တာကျော်ဖြတ်ခွင့်ရခဲ့ပါပြီ၊ယနေ့တရက်လုံးထဲမှာပြစ်မှားမိခဲ့သောအပြစ်များအားလုံးကိုဝန်ချတောင်းပန်ပါတယ်၊ကိုယ်တော်ခွင့်လွတ်ပေးပါ။အိပ်စက်အနားယူဖို့ညအမှောင်ကိုဖန်ဆင်းပေးထားလို့ကျေးဇူးတင်တယ်၊တစ်ညတာလုံးကိုယ်တော်ကွယ်ကာစောင့်မပေးတော်မှုပါ။အိပ်ပျော်ခြင်းအခွင့်ကိုပေးပြီးမိုးလင်းလို့နိုးထခွင့်ကိုလဲပေးတော်မူပါ။ယေရှုနာမဖြင့်ဆုတောင်းပါတယ်အဖဘုရား၊အာမင်။

၄။ဝတ်ပြုစည်းဝေးအစပြုဆုတောင်း
သားသမီးအယောက်ဆီတိုင်းကိုချစ်တော်မူသောအဖဘုရား၊ကိုယ်တော်ကျေးဇူးတော်ကြောင့်ယနေ့စည်းဝေးပြီးဝတ်ပြုခွင့်ကိုရရှိပါတယ်၊ဒီဝတ်ပြုစည်းဝေးအစ၊အလည်၊အဆုံးထိတိုင်အောင်ကိုယ်တော်အုပ်စိုးတော်မူပါ၊ဝိညာဉ်တော်တို့ထိလမ်းပြတော်မူပါ၊ပါဝင်တဲ့သူတိုင်းအတွက်တည်ဆောက်စရာဖြစ်စေမည့်အကြောင်းအစည်းဝေးကိုဆက်ကပ်အပ်နှံဆုတောင်းတဲ့အခါကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းကြပါတယ်အဖဘုရား၊ အာမင်။

၅။အစည်းဝေးအပိတ်ဆုတောင်း
ကောင်းမြတ်စုံလင်သောအဖဘုရား၊ဝတ်ပြုခြင်းအစီစဉ်တခုဆီတိုင်းမှာကိုယ်တော်ပါဝင်အုပ်စိုးပေးတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါသည်၊စည်းဝေးခြင်းသည်ဤနေရာပြီးဆုံးသော်လည်းဝတ်ပြုခြင်းစိတ်သဘောသည်အယောက်ခြင်းဆီတိုင်းနှင့်အတူရှိစေတော်မူပါ။အသက်သာ၌သာ၍ကြီးထွားတိုးတက်သောယုံကြည်သူများဖြစ်ဖို့ဆက်လက်လမ်းပြသွန်သင်ပေးတော်မူပါမည့်အကြောင်းယေရှုနာမအားဖြင့်ဆုတောင်းကြပါသည်အဖဘုရား၊ အာမင်။

၆။အလှူတော်ငွေဆက်ကပ်ဆုတောင်း
ကျေးဇူးမေတ္တာတော်ရှင်အဖ၊ကိုယ်တော်သည်ကောင်းမြတ်သောကြောင့်သားသမီးအယောက်ဆီတိုင်းကိုစားဝတ်နေရေးလိုလေသေးမရှိအောင်ပို့ဆောင်ပါပြီ၊ယနေ့သားသမီးတို့အသီးသီးကောင်းစားသည့်အတိုင်း၊ကိုယ်တော့်ပေးတဲ့ကောင်းကြီးထဲမှအနည်းငယ်ယူဆောင်လာကြပြီးရှေ့တော်မှာလှူဒါန်းဆက်ကပ်ကြပါ၏၊ကိုယ်တော်သန့်ရှင်းစေလျက်လက်ခံပေးတော်မူပါ၊ပေးလှူပါဝင်ကြသောသူအယောက်ဆီတိုင်းကိုလဲကောင်းကြီးပေးတော်မူပါမည့်အကြောင်း၊အလှူတော်ငွေကိုယေရှုနာမအားဖြင့်ဆက်ကပ်ကြပါသည်အဖဘုရား၊ အာမင်။

၇။ခရီးထွက် ဆုတောင်း
အဖဘုရား၊အသက်ရှင်ခွင့်ပေးသည်သာမကခရီးထွက်ခွင့်ပေးတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါ၏။ဤခရီးစဉ်အစအလည်အဆုံးကိုယ်တော်လက်တော်ထဲအပ်နှံပါမည်၊ကိုယ်တော်လမ်းပြကွယ်ကာအုပ်စိုးတော်မူပါ။အန္တရာယ်ကင်းရှင်းစွာနဲ့သွားလာလှုပ်ရှားခွင့်ပေးပါ၊လုပ်ရမည့်အရာအားလုံးကိုအလိုတော်တိုင်းအစဉ်ပြေချောမွေ့စေတော်မူပါမည်အကြောင်းယေရှုနာမအားဖြင့်ဆုတောင်းကြပါသည်အဖဘုရား၊ အာမင်။

၈။လူနာ(ရောဂါ)အတွက်ဆုတောင်း
အလုံးစုံကိုတတ်နိုင်သောအဖဘုရား၊အခုအချိန်မှာ”—–“အတွက်အထူးဆုတောင်းအသနားခံအပ်ပါသည်။ခံစားနေရသောရောဂါဝေဒနာများကိုကိုယ်အလိုတော်အတိုင်းသက်သာပျောက်ကင်းစေတော်မှုပါ။ကိုယ်တော်ဘုန်းတော်ထင်ရှားဖို့သက်သေဖြစ်စေတော်မူပါ၊ပြုစုနေကြသောသူများနှင့်မိသားစုဝင်များကိုလဲကိုယ်တော်ခွန်အားပေးတော်မူပါ၊ဤဖျားနာခြင်းအားဖြင့်ကိုယ်တော်ပြလိုသော၊ပေးလိုသောအရာများကိုလူနာရှင်နှင့်ကျွန်ုပ်တို့အားလုံးကိုသိစေတော်မူပါမည့်အကြောင်းယေရှုနာမအားဖြင့်ဆုတောင်းပါသည်အဖဘုရား၊ အာမင်။

၉။မွေးနေ့ဆုတောင်း
ကောင်းကင်ဘုံရှင်အဖဘုရား၊လူဖြစ်လာဖို့ဖန်ဆင်းပေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ်၊လူ့လောကထဲမိဘအားဖြင့်မွေးဖွားလာစေပြီးချစ်စရာမိသားစုကိုပေးထားတဲ့အတွက်လဲကျေးဇူးတင်ပါတယ်။မွေးလာတဲ့နေ့မှစယနေ့”–“နှစ်တိုင်တိုင်ကိုယ်တော်ကွယ်ကာမစပေးလို့လဲကျေးဇူးတော်ချီးမွမ်းပါတယ်။ရှေ့လျှောက်အသက်တာလမ်းခရီးကိုကိုယ်တော်လက်တော်ထဲအပ်နှံပါတယ်။ကျန်းမာခြင်းနှင့်သာ၍ဘုန်းတော်ထင်ရှားသောအသက်တာဖြစ်စေတော်မူပါ၊ကျန်ရစ်နေသေးသောမိမိနေ့ရက်တွေကိုရေတွက်ပြီးသမ္မာတရားတိုင်းအသက်ရှင်သောသူဖြစ်စေပါမည်အကြောင်းယေရှုနာမအားဖြင့်ဆုတောင်းပါသည်အဖဘုရား၊ အာမင်။

၁၀။ယုံကြည်ကြောင်းဆုံးဖြတ်ဆုတောင်း
အဖဘုရား၊ယေရှုဘုရားရဲ့ကယ်တင်ခြင်းသတင်းကောင်းကိုကြားရပြီးနားလည်သဘောပေါက်စေတဲ့အတွက်ကျေးဇူးတင်ပါတယတယ်။တဆူတည်းသောဘုရားကိုသိခွင့်ရပါပြီ၊ကျွန်ုပ်ဟာအပြစ်ရှိကြောင်းဝန်ခံပါတယ်၊အပြစ်အတွက်တရားစီရင်ခံရမှာကိုမလွတ်မြောက်နိုင်တာသိရလို့ကယ်တင်ရှင်ယေရှုဘုရားကိုယုံကြည်လက်ခံပါမည်။ကျွန်ုပ်အပြစ်အတွက်‌ယေရှုအသေခံပြီးရှင်ပြန်ထမြောက်သွားကြောင်းကိုယုံကြည်ပါသည်။အရင်ကမသိနဲ့ဘဲပြစ်မှားမိခဲ့တဲ့အပြစ်များအားလုံးကိုဆေး‌ကြောခွင့်လွတ်ပေးတော်မူပါ။လူသစ်စိတ်သစ်ကိုယ်သစ်ပြုပြင်ပေးပါ၊ယေရှုတပါးထဲကိုသာထာဝရကိုးကွယ်သွားပါမည်။သန့်ရှင်းသောဝိညာဉ်တော်လမ်းပြသွန်သင်ပေးပါ။ကယ်တင်ပိုင်ရှင်ယေရှုနာမအားဖြင့်ဆုတောင်းပါသည်အဖဘုရား၊အာမင်။

၁၁။အပြစ်ဝန်ချဆုတောင်း
ကိုယ်တော်ဘုရား၊ကျွန်ုပ်အားနည်းပြီးအပြစ်ပြုမိပါပြီ၊လူကိုပြစ်မှားခြင်း….ကိုယ်တော်ဘုရားကိုပြစ်မှားခြင်း….ရှိခဲ့ပါပြီ။ယခုချိန်မှာဒီအပြစ်တွေကြောင့်နောင်တရပြီးရှေ့တော်မှောက်မှာဝန်ချပါ၏။ကိုယ်တော်ခွင့်လွတ်ဆေးကြောပေးတော်မှုပါ။အပြစ်လုပ်မိပြီး‌နောင်တရဝန်ချတဲ့အခါကိုယ်တော်ခွင့်လွတ်ပေးမယ်လို့ကျမ်းစာတော်မြတ်အားဖြင့်ကတိတော်ရှိသည့်အတွက်ကျေးဇူးတင်ပါတယ်၊ဆက်လက်ပြီးအသက်တာမှာသာ၍သန့်ရှင်းသောသူဖြစ်စေပါ၊ကယ်တင်ပိုင်ရှင်ယေရှုခရစ်နာမအားဖြင့်ဆုတောင်းပါသည်အဖဘုရား၊အာမင်။