• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဝါတွင်းရက်၄၀ဆိုတာဘာလဲ?

ဆရာရဲမင်း

10 月 23, 2024

ဝါတွင်းရက်၄၀ဆိုတာဘာလဲ?

ဝါတွင်းရက်၄၀ဆိုတာGood Fridayနေ့မရောက်ခင်ယေရှုခရစ်တော်ရဲ့ပေးဆပ်သွားတဲ့အရာကိုအောက်မေ့သောအားဖြင့်ကနဦးအသင်းတော်တွေမှသတ်မှတ်ထားခဲ့သောနေ့ဖြစ်ပါတယ်။အင်္ဂလိပ်လိုLentဆိုတာနွေဦးရာသီဖြစ်ပြီးလာတင်ဘာသာလိုကQuadragesimaဖြစ်ပါတယ်၊အဓိပ္ပာယ်ကရက်၄၀ပါ။ယေရှုဘုရားရဲ့ရှင်ပြန်ထမြောက်ခြင်းအတွက်သူ့ရဲ့ပေးဆပ်ခဲ့တဲ့ဒဏ်ရာဒဏ်ချက်တွေကိုပြန်လည်အောက်မေ့ခြင်းဖြစ်ပါတယ်။ကနဦးအသင်းတော်ရဲ့အောက်မေ့ပုံကရှင်ပြန်ထမြောက်ရာနေ့မတိုင်ခင်ညလုံးပေါက်တညတာပါ။ရှင်ပြန်ထမြောက်ရာတနင်္ဂနွေနေ့ရောက်ရင်ဗတ္တိဇံခံမည့်သူတွေကိုခံပေးပြီးအသင်းသားအဖြစ်လက်ခံအတူတကွပွဲတော်စားဝတ်ပြုသက်သေခံကြတဲ့အလေ့အထလုပ်ခဲ့ကြပါတယ်။ခရစ်နှစ်၃၀၀လောက်ရောက်တော့အသင်းတော်တွေကဒီအောက်မေ့ခြင်းကိုရှင်ပြန်ထမြောက်ရာနေ့ရှေ့မတိုင်ခင်သုံးရက်တိုးပြီးပြုလုပ်လာခဲ့ကြပါတယ်။အဲဒါကတော့MaundyThursdayခေါ်တဲ့ကြာသပတေးနေ့ကစပြီး၊GoodFridayဆိုတဲ့မဟာသောကြာကြီးနေ့နဲ့ရှင်ပြန်ထမြောက်ရာနေ့ရှေ့တရက်စနေတွေဘဲဖြစ်ပါတယ်။ဒီလိုနဲ့နောက်ပိုင်းအသင်းတော်တွေကသုံးရက်ဘဲမလုံလောက်သေးဘူးဆိုပြီးနိစိန်အစည်းအဝေးကြီးမှာဝါတွင်းရက်၄၀ကိုသဘောတူသတ်မှတ်ခဲ့ကြပါတယ်။ရက်၄၀ကိုအဓိကအစွဲပြုတာကသခင်ယေရှုခရစ်တော်ကတောအရပ်မှာရက်၄၀အစာရှောင်ပြီးစာတန်ကိုအောင်နိုင်ခဲ့တဲ့အဖြစ်ပျက်ကိုအခြေခံထားပါတယ်။

ဝါတွင်းရက်၄၀တခုလုံးရဲ့အစပြုရက်နေ့ဟာနှစ်စဉ်နှစ်တိုင်းရဲ့ရှင်ပြန်ထမြောက်ရာနေ့မတိုင်ခင်၆ပတ်အလိုဗုဒ္ဓဟူးပြာခံနေ့ကနေပါ။ဝါတွင်းရက်၄၀အတောအတွင်းယုံကြည်သူတွေဟာခရစ်တော်အစာရှောင်တာကိုအောက်မေ့သောအားဖြင့်တတ်နိုင်သလိုအစာရှောင်ကြပါတယ်၊လောကီအမှုအရာတွေနဲ့ကိုယ့်အလိုကိုရှောင်ပြီးဘုရားအမှုမှာဆက်ကပ်ကြပါတယ်။။ဒီနှစ်2021မှာတော့‌ 2လ27ရက်ဗုဒ္ဓဟူးနေ့ကစပြီး4လ3ရက်စ‌နေနေ့မှာအဆုံးသတ်မှာဖြစ်ပါတယ်။နောက်ဆုံးအထွဠ်အထိပ်ကတော့ရှင်ပြန်ထမြောက်ရာနေ့အထိပါ။

ဝါတွင်းရက်၄၀အတောအတွင်းမှာရက်မြတ်တချို့ရှိပါသေးတယ်။

၁။ဗုဒ္ဓဟူးပြာခံနေ့(AshWednesday)
ကနဦးအသင်းတော်များကယောလ ၂:၁၂-၁၉ကိုအခြေပြုပြီး၊အပြစ်အတွက်နောင်တရဖို့ဒီရက်ကိုသတ်မှတ်ခဲ့တာပါ။ရိုမန်ကာသိုလိတ်နဲ့အင်္ဂလီကန်အသင်းတော်များဟာအဲဒီနေ့မှာယုံကြည်သူတိုင်းရဲ့နဖူးပေါ်ပြာနဲ့ကားတိုင်ပုံခံယူကြပါတယ်။အနှစ်သာရကတော့နောင်တရပြီးခရစ်တော်နောက်လိုက်လို့ခံယူသလို၊ငါဟာမြေမုန့်ဘဲဆိုတာမမေ့ဖို့နှိမ့်ချအသက်ရှင်ဖို့ရန်ဖြစ်ပါတယ်။

၂။သံလွင်ခက်တနင်္ဂနွေ(PalmSunday)
စွံပလွန်တနင်္ဂနွေလို့လဲသက်ရောက်ပါတယ်။ဒီနှစ်၂၀၂၁ဆိုရင်၃လပိုင်း၂၈ရက်နေ့ဖြစ်ပါတယ်။သံလွင်ခက်တနင်္ဂနွေနေ့ဆိုတာယေရှုခရစ်တော်လူသားတွေအတွက်အသေခံဖို့ဂျေရုစလင်ကိုမြည်းစီးပြီးဝင်တဲ့အရာကိုအဓိကရည်ညွန်းပါတယ်၊အထူးသဖြင့်ခရစ်တော်ရဲ့အသေခံခြင်းရက်စက်ခံခြင်းဟာသူကိုယ်တိုင်ဆုံးဖြတ်ပြီးလာတာဖြစ်ကြောင်း၊သံလွင်ခက်တနင်္ဂနွေဟာမဟာသောကြာကြီးနေ့အတွက်ရှေ့ပြေးဖြစ်ပါတယ်။

၃။သန့်ရှင်းသောအပတ်(HolyWeek)
တတိယအရေးကြီးတဲ့ရက်မြတ်ကတရက်ထဲမဟုတ်ဘူး၊တပတ်ဖြစ်နေပါတယ်။ဒါဟာအဓိကအားဖြင့်ယေရှုခရစ်တော်ဟာအပြစ်သားအားလုံးကိုချစ်လို့အသေခခံခဲ့ကြောင်း၊နောက်ပြီးMaundy Thursdayနဲ့မဟာသောကြာကြီးနေ့နဲ့ရှင်ပြန်ထမြောက်ရာရှေ့တရက်အပါအဝင်ပါဘဲ။ဝါတွင်းရက်၄၀ရဲ့ဆက်တွဲနောက်ဆုံးအပတ်ပါ။

၄။ပေးဆပ်ခြင်းကြာသပတေး(MaundyThursday)
ဝါတွင်းရက်၄၀ရဲ့နောက်ဆုံးပတ်ကြာသပတေးပါ။လာတင်လိုDies Cenae Dominiဖြစ်တယ်၊အဓိပ္ပာယ်ကပွဲတော်ကိုထူထောင်ပေးခြင်းဖြစ်တယ်၊အီတလီလိုကGiovedì Santoအဓိပ္ပာယ်ကသန့်ရှင်းသောကြာသပတေးဖြစ်တယ်။အထူးသဖြင့်သခင်ယေရှုရဲ့နောက်ဆုံးညစာစားပွဲနဲ့အတူတပည့်တော်တွေကိုခြေဆေးပေးတဲ့စံနမူနာပေးခဲ့ခြင်းပေါ်အောက်မေ့တာပါ။အဲဒီနေ့မှာအသင်းတော်များစွာကအတူတကွမုန့်နဲ့စပျစ်ရည်ကိုသုံးဆောင်ပြီးပွဲတော်ဝင်ကြပါတယ်။

၅။ကောင်းသောသောကြာနေ့(GoodFriday)
ဝါတွင်းရက်၄၀ရဲ့နောက်ဆုံးအပတ်သောကြာနေ့ပါ။မဟာသောကြာကြီးနေ့လဲပြောကြသလိုအမဲရောင်သောကြာလို့လဲခေါ်ကြပါတယ်။အထူးသဖြင့်ခရစ်တော်ယေရှုဟာလူသားတွေအတွက်ကားတိုင်ပေါ်မှာအသေခံတဲ့နေ့ကိုအောက်မေ့ခြင်းပါ။ကျွန်ုပ်တို့အပြစ်အားလုံးကိုခရစ်တော်ကိုယ်တိုင်ကားတိုင်မှာပေးဆပ်ခဲ့ပြီ၊ယနေ့ဒီအရာကိုယုံကြည်လက်ခံသောသူတိုင်းအကျိုးသက်ရောက်ခံစားရမည်ဖြစ်ကြောင်းပြန်လည်ဆင်ခြင်တာပါ။တချို့နှစ်ခြင်းအသင်းတော်မှာဒီနေ့တရက်လုံးအစာရှောင်ဆုတောင်းကြပါတယ်။

ဝါတွင်းရက်၄၀သည်တနင်္ဂနွေပေါင်း၆ခုကျော်ဖြတ်ရပါသည်၊တနည်းအားဖြင့်၆ပတ်ရှိပါမည်။ဝါတွင်းကာလရက်၄၀အတောအတွင်းအဓိကခရမ်းရောင်ကိုအသုံးကြုကြပြီး၊သံလွင်ခက်တနင်္ဂနွေမှာတော့အနီရောင်အသုံးပြုကြပါသည်။

မှတ်ချက်။ ။လေ့လာမိသလောက်တင်ပြခြင်းဖြစ်ပါသည်။တစုံတခုမှားယွင်းမှုနှင့်မပြည့်စုံမှုရှိလျှင်ကျွန်တော်ရဲမင်း၏အားနည်းချက်သာဖြစ်ပါသည်။