• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အရာရာ၌ကျေးဇူးတော်ချီးမွမ်းခြင်း

ဆရာရဲမင်း

10 月 24, 2024

အရာရာ၌ကျေးဇူးတော်ချီးမွမ်းခြင်း
(၁သက်၅:၁၈)

ဘုရားသခင်အလိုတော်ရှိတဲ့အသက်ရှင်ပုံအချက်၃ချက်ထဲမှ၁နဲ့၂ဖြစ်တဲ့”အစဉ်မပြတ်ဝမ်းမြောက်ခြင်း” နဲ့ “မခြားမလပ်ဆုတောင်းပဌာနာပြုခြင်း” ကိုရှေ့မှာတင်ပြပြီးဖြစ်ပါတယ်။ဒီပို့စ်မှာတော့နောက်ဆုံးအချက်ဖြစ်တဲ့”အရာရာ၌ကျေးဇူးတော်ချီးမွမ်းခြင်း”ကိုတင်ပြသွားချင်ပါတယ်။

အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဆိုတာအသက်တာမှာခြေအနေဆိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေအမြဲဘုရားသခင်ကိုကျေးဇူးတင်နေတတ်ခြင်းပါ။ဒါဟာယုံကြည်ခြင်းနဲ့ကိုယ်ကျင့်တရားကိုပေါင်းစပ်လိုက်ခြင်းဘဲဖြစ်ပါတယ်။ဒါပေမဲ့များစွာသောအားဖြင့်ကျွန်ုပ်တို့ယုံကြည်သူတွေဟာအဆင်ပြေနေမှချီးမွမ်းနေတတ်ပြီး၊အဆင်မပြေမှုတွေရှိနေတဲ့အခါမချီးမွမ်းနိုင်ကြပါဘူး၊ဒါဟာအသက်တာတခုလုံးဘုရားလက်ထဲမှာရှိနေခြင်းကိုမယုံကြည်ရာရောက်ပါတယ်။ယနေ့ယုံကြည်သူတွေသိထားရမှာကဘုရားအလိုတော်မရှိရင်သင့်ဆံပင်တစ်ပင်တောင်မြေပေါ်မကျနိုင်ဘူးဆိုတာပါဘဲ။ကျွန်ုပ်တို့ဘဝမှာကြုံလာသမျှဟာဘုရားသခင်အကြံစည်ရှိလို့ဘဲဖြစ်ပါတယ်၊သမ္မာကျမ်းစာကယောဘအသက်တာကိုဆင်ခြင်ကြည့်ပါ၊ယောဘဟာစုံလင်ဖြောင့်မတ်ပြီးဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်ပါတယ်၊ဒါပေမဲ့စာတန်ရဲ့စုံစမ်းခြင်းကြောင့်တရက်ထဲမှာဘဲရှိသမျှအကုန်မွဲသွားပြီးတကိုယ်လုံးအနာပေါက်တဲ့အထိဖြစ်ခဲ့ပါတယ်၊ဒီလိုအခြေနေမျိုးမှာတောင်ယောဘကချီးမွမ်းနေနိုင်ခဲ့ပါတယ်။ယောဘဝတ္တု ၁:၂၁မှာ: “အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။”…သူဒီလိုစုံစမ်းခြင်းကိုအောင်မြင်ခဲ့လို့နောက်ဆုံးမှာကောင်းကြီးနှစ်ဆရရှိခဲ့ပါတယ်။ညီကိုမောင်နှမတို့ယောဘရဲ့အသက်တာအားဖြင့်ယနေ့ယုံကြည်သူတွေစံနမူနာယူသင့်ပါပေတယ်။အဲဒါကတော့အရာရာ၌ကျေးဇူးတော်ချီးမွမ်းတတ်ဖို့ပါ။များစွာသောအချိန်မှာယုံကြည်သူတွေရဲ့အသက်တာညိုးနွမ်းနေတာဟာကျေးဇူးတော်ချီးမွမ်းသောအသက်တာမရှိလို့ဘဲဖြစ်ပါတယ်။

ဘဝမှာအခြေနေဆိုးတဲ့အထဲကနေဘယ်လိုကျေးဇူးတော်ချီးမွမ်းသင့်ပါလဲ?ဒီနေရာမှာအဖြစ်ပျက်လေးတခုနဲ့ခွန်အားပေးချင်ပါတယ်။အရင်တုန်းကသမ္မတဖြစ်လာတော့မဲ့ယုံကြည်သူတစ်ဦးရဲ့အိမ်ကိုသူခိုးဝင်ပြီးပစ္စည်းဝင်ခိုးကုန်ပါသတဲ့၊ဒါကိုသူငယ်ချင်းတွေကြားတော့ဖုန်းဆက်ပြီးသူ့ကိုနှစ်သိမ့်စကားပြောလာကြသတဲ့၊ဒါပေမဲ့ဒီသမ္မတဖြစ်မဲ့ဒီယုံကြည်သူကတော့ဘုရားသခင်ကိုကျေးဇူးတင်ကြောင်းပြန်ပြောလိုက်တဲ့အခါသူ့သူငယ်ချင်းတွေကပိုစိုးရိမ်ကြပါတယ်၊ရူးသွားပြီလားပေါ့၊ဒါကြောင့်သူ့ကိုပြန်မေးတယ်၊မင်းအိမ်မှာသူခိုးဝင်ခိုးကုန်တာဘာကြောင့်ဘုရားသခင်ကိုကျေးဇူးတင်ရသလဲပေါ့၊ဒီသမ္မတဖြစ်မဲ့ယုံကြည်သူကပြန်ဖြေလိုက်တယ်…ဒီကိစ္စမှာဘုရားကိုကျေးဇူးတင်ရမဲ့အချက်အနည်းဆုံးသုံးချက်ရှိပါတယ်၊အဲဒါကတော့ ၁။သူခိုးကခိုးသွားတာကပစ္စည်းသာဖြစ်တယ်ငါ့အသက်မဟုတ်သေးဘူ၊ငါခုထိအသက်ရှင်နေသေးလို့ကျေးဇူးတော်ချီးမွမ်းတယ် ၂။သူခိုးခိုးသွားတာကရှိတဲ့ဥစ္စာထဲကအချို့ဘဲ၊အိမ်နဲ့အခြာအရာကျန်သေးတာကျေးဇူးတော်ဘဲ ၃။သူခိုးကငါမဟုတ်ဘဲအခြားလူဖြစ်နေလို့ဘုရားသခင်ကျေးဇူးတင်ပါတယ်… ဟုပင်။

ချစ်သောမိတ်ဆွေ၊ဒီအဖြစ်ပျက်လေးအားဖြင့်ကျွန်တော်တို့ဘာကိုသိရမလဲဆိုရင်၊ကျွန်တော်အသက်တာမှာသေချာကြည့်ရင်ကျေးဇူးတော်ချီးမွမ်းစရာမရှိတာမဟုတ်ပါဘူး၊ကျွန်တော်တို့ကသာချီးမွမ်းသောစိတ်မရှိတာဘဲဖြစ်နေတာများတာပါ။နေ့တိုင်းခွင့်မလွတ်နိုင်ခြင်းနဲ့၊အမုန်းတရားနဲ့၊ငြီးငြူခြင်းနဲ့၊ပြစ်တင်ခြင်းတွေကြောင့်အသက်တာမှာကောင်းကြီးတွေဆုံးရှုံးနေရတာပါ။စိတ်ထဲမသာမယာ၊မကြည်မလင်၊မပျော်ရွှင်နိုင်ဘဲအမြဲဖြစ်နေတာဟာကျေးဇူးတော်ချီမွမ်းစိတ်မရှိဘဲဇာတိလူအားဖြင့်အသက်ရှင်နေသေးလို့ဘဲဖြစ်ပါတယ်။ဒါကြောင့်ယနေ့ကျွန်တော်တို့ယုံကြည်သူအသက်တာမှာဘယ်လိုအခြေနေမျိုးမဆိုကျေးဇူးတော်ချီးမွမ်းနေတတ်ဖို့လိုပါတယ်၊ဒါပေမဲ့အရာရာ၌ကျေးဇူးတော်ချီးမွမ်းပါလို့ဆိုတာအပြစ်လုပ်ရင်လဲချီးမွမ်းရမယ်လို့မဆိုလိုပါ။အပြစ်လုပ်မိပြီဆိုရင်ချက်ခြင်းနောင်တရဝန်ချတောင်းပန်ပြီးရှေ့လျှောက်မလုပ်မိအောင်ဆင်ခြင်ရမှာပါ။ဒါကြောင့်အပြစ်မှလွဲပြီးဘယ်လိုအခြေနေမျိုးမဆိုစိတ်ထဲအတွင်းထဲဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအမြဲတမ်းချီးမွမ်းကြရမှာဖြစ်ပါတယ်၊ဒီလိုကျင့်ဆောက်ဖို့ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိကြောင်းကျမ်းစာကဖော်ပြလို့ဖြစ်ပါတယ်။

(ဖိလိပ္ပိဩဝါဒစာ ၄:၁၁ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှါ သင်မိပြီ။ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲ ခြင်းတို့ကို ခံရအံ့သောငှါ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။ ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။) ဟာလေလုယာ။

ဖတ်ရှုသူအားလုံးအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။