• 周日. 4 月 19th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ပေးလှူနေရက်နဲ့ကောင်းချီးမရတဲ့အကြောင်းရင်း(၅)မျိုး

ဆရာရဲမင်း

2 月 23, 2025

ပေးလှူနေရက်နဲ့ကောင်းချီးမရတဲ့အကြောင်းရင်း(၅)မျိုး

ကောင်းကြီးမျှော်မှန်းပြီးပေးလှူတာမဟုတ်ပေမဲ့၊ဆယ်ဖို့တစ်ဖို့အပါအဝင်အခြားသောပေးလှူခြင်းတိုင်းမှာဘုရားသခင်ရဲ့တန်ပြန်ကောင်းကြီးရှိနေပါတယ်။ဒါပေမဲ့တခါတလေမှာပေးလှူလေလေဆင်းရဲလေလေဖြစ်နေတာဘာကြောင့်လဲ?အချက်(၅)ချက်နဲ့ဆင်ခြင်မိ‌စေဖို့သတိပေးပါမယ်။

၁။မတရားသောစီးပွား(အပြစ်)လုပ်နေလို့
တချို့ယုံကြည်သူတွေကဘုရားကိုတအားပေးလူကြပါတယ်။ပြဿနာကဘုရားမကြိုက်တဲ့အလုပ်တွေလုပ်ပြီးဩတ္တပ္ပစိတ်ကြည်လင်အောင်အလှူငွေတွေယူလာပြီးလာလှူနေတတ်တာပါ။ဒီလိုဆိုရင်ဘုရားဆီကကောင်းကြီးရမှာမဟုတ်ဘဲစီရင်ခြင်းသာရပါလိမ့်မယ်။အမြန်နောင်တရပြီးအပြစ်ကနေလှည့်ပြန်လာရပါမယ်။(တရာသူကြီး၂၃:၁၈၊ဧဖက်၄:၂၈)

၂။‌ဝါကြွားချင်တဲ့စိတ်နဲ့လှူနေလို့
ပေးလူနေတာတော့ပေးလှူပါတယ်။ဒါပေမဲ့ဘယ်လောက်လူပြီးကြောင်းနဲ့အခုဘယ်လောက်လှူနေကြောင်း၊နောက်နောင်ဘဲဘယ်လောက်လှူမှာဖြစ်ကြောင်းဝါကြွားနေတာမျိုး၊လူတွေရဲ့လက်ခုပ်သံနဲ့ချီးမွမ်းခံလိုတဲ့စိတ်နဲ့သာပေးလှူနေတာမျိုးဆိုရင်ဘုရားကောင်းကြီးမရဘဲလူတွေရဲ့လက်ခုပ်သံသာရပါမယ်။(မဿဲ၆:၄)

၃။ပေးလှူတဲ့နေရာမမှန်လို့
မတရားသောစီးပွားလဲမလုပ်ဘူး၊ဝါကြွားတာမျိုးလဲမလုပ်ဘူး၊အမှုတော်မြတ်မှာအားတက်သရောပေးလှူနေပေမဲ့ကောင်းကြီးမရဘဲပိုပိုချို့တဲ့လာတယ်။ဒီလိုဆိုရင်ကိုယ်ပေးလှူနေတဲ့နေရာဟာမိစ္ဆာအယူလွဲဟုတ်မဟုတ်၊ကိုယ် ပေးနေတဲ့အမှုတော်ဆောင်တွေဟာချစား-လိမ်စားပြီးအပြစ်ပြုနေတဲ့သူတွေဟုတ်မဟုတ်သေချာစစ်ဆေးပါ။ဘာလို့လည်းဆိုတော့သင်ဘယ်လောက်အားတက်သရောပါဝင်နေပေမဲ့သင်ပေးလိုက်တဲ့နေရာဟာဘုရားရဲ့ကျိန်ခြင်းရှိ‌တဲ့နေရာဆိုရင်သင်ဘယ်တော့မှကောင်းကြီးရမှာမဟုတ်လို့ပါ။(၂ယော၁:၁၀)

၄။ကောင်းချီးပြန်ရဖို့အပေးအယူစိတ်ရှိနေလို့
ပေးလှူမှုတိုင်းမှာကောင်းကြီးကတိတော်ရှိနေပါတယ်။ဒါပေမဲ့ပေးလှူသူကဘုရားသခင်ကိုကျေးဇူးတင်သော စေတနာစိတ်နဲ့ပေးလှူတာမျိုးမဟုတ်ဘဲ၊လောင်းကစားထိုးသလိုဒီလောက်ပေးရင်ဒီလောက်ရမယ်ဆိုတဲ့လောဘနဲ့လာပေးလှူနေရင်ဘယ်တော့မှကောင်းကြီးရမှာမဟုတ်တော့ပါဘူး။(၂ကော၉:၇)

၅။ပေးလှူလိုက်ပေမဲ့စိတ်ထဲနှမျောနေလို့
တချို့သောသူတွေကပေးလှူလိုက်တဲ့ငွေကိုပြန်နှမျောနေတတ်ပါတယ်။သင်းအုပ်ဆရာကဖိအားပေးလို့ထည့်တာမျိုး၊မလှူမနေရဆိုပြီးအသင်းတော်ကအမိန့်ထုတ်ထားလို့ထည့်လိုက်ရတာမျိုး၊အသင်းသားတစ်အိမ်ခွဲတန်းအလှူငွေဒီလောက်ကျလို့စိတ်ထဲမထည့်ချင်ဘဲထည့်လိုက်ရတာမျိုး၊မထင်မှတ်ဘဲအလူအတင်းလာခံလို့ထည့်လိုက်ရတာမျိုး…စသဖြင့်။ဒါမျိုးမထည့်ချင်ဘဲထည့်လိုက်တဲ့အခါနှမျောနေတတ်ပါတယ်။ဒီလိုဆိုရင်ဘုရားအသိအမှတ်ပြုမှာမဟုတ်လို့ကောင်းချီးလည်းရမှာမဟုတ်ပါ။(၂ကော၉:၇)

မူရင်း-ဆရာရဲမင်း