ဆယ်ဖို့တစ်ဖို့အမေးအဖြေ(၁၂)ချက် အပိုင်း(၁)
၁။၁၀/၁ဆိုတာဘာလဲ?
ဆယ်ဖို့တစ်ဖို့ဆိုတဲ့အသုံးနူန်းဟာကမ္ဘာဦးကျမ်းထဲကအာဗြံဟံကနေစတင်လာတာပါ၊ဒါကြောင့်သမ္မာကျမ်းစာမှာအာဗြံဟံကနေဘုရားသခင်ကိုကျေးဇူးတင်သောအနေနဲ့သူရလာတဲ့ဥစ္စာထဲကနေအမှုတော်ဆောင်နဲ့အသင်းတော်ကိုပုံဆောင်တဲ့မေလခိဇေဒက်ကို၁၀ပုံ၁ပုံပေးခဲ့တာပါ။ဆိုတော့ကနဦး၁၀/၁ဆိုတာဘုရားသခင်ကတောင်းတာမဟုတ်ဘဲလူ့ဖက်ကနေဘုရားကိုကျေးဇူးတင်သောစိတ်နဲ့၀င်ငွေထဲက၁၀ပုံ၁ပုံကိုအမှုတော်ဆောင်ကိုပေးခြင်းပါ။မောရှေခေတ်ရောက်တော့ဘုရားသခင်ကသူ့လူတွေကိုကောင်းကြီးရစေချင်လို့ဘုရားကိုချစ်လားမချစ်ဘူးလားဆိုတဲ့စစ်ဆေးချက်အဖြစ်ပညတ်ခဲ့တာပါ။
၂။ဘာလို့၁၀/၁ထည့်နေရတာလဲ?
ဘုရားကလူကိုဆယ်ဘို့တဘို့ထည့်ခြင်းအားဖြင့်သူ့ကိုဘယ်လောက်ချစ်မချစ်စစ်ဆေးသလို၊တချိန်ထဲမှာဘဲလူတွေကလဲဒီဆယ်ဘို့တဘို့ထည့်ခြင်းအားဖြင့်ဘုရားသခင်ကအသက်ရှင်မရှင်၊ကောင်းကြီးပေးမပေး၊စမ်းသပ်ဖို့ဘုရားခွင့်ပြုထားပါတယ်။ကျမ်းစာတအုပ်လုံးမှာဘုရားကိုမစုံစမ်းရမစမ်းသပ်ရလို့ပညတ်ထားပေမဲ့၊၁၀/၁ထည့်တဲ့နေရာမှာတော့ဘုရားသခင်ကိုစမ်းသပ်ဖိုခွင့်ပြုထားပါတယ်( မာလခိ၃း၁၀)။ဒါကြောင့်ခရစ်ယာန်တယောက်ဘာလို့၁၀/၁ထည့်နေရတာလဲမေးရင်ဖြေရမှာကဘုရားကျေးဇူးကိုတုန့်ပြန်ချင်လို့၊ကောင်းကြီးရမယ့်လမ်းမို့၊ဘုရားသခင်ကိုယ်တိုင်မိန့်တော်မူထားလို့ဘဲဖြစ်ပါတယ်။
၃။၁၀/၁ ကဓမ္မဟောင်းသွန်သင်ချက်ပညတ်လား?
ယနေ့တချို့ယုံကြည်သူတွေမှာ၁၀/၁မထည့်ချင်ကြလို့ဓမ္မသစ်ယုံကြည်သူတွေ၁၀/၁ထည့်စရာမလိုတော့ဘူး၊၁၀/၁ကပညတ်တရားပါ၊ယနေ့ကျေးဇူးတော်ခေတ်မှာထည့်စရာမလိုတော့ဘူးလို့ဆင်ခြေပေးတတ်ကြပါတယ်။ဆိုတော့၁၀/၁ကတကယ်ဘဲဓမ္မဟောင်းသွန်သင်ချက်ပညတ်လား?မဟုတ်ပါဘူး၊တကယ်တမ်းတော့ကနဦး၁၀/၁ကတောင်ဘုရားဖက်ကပညတ်ပြီးတောင်းတာမဟုတ်ခဲ့ပါဘူး၊လူ့ဖက်(အာဗြံဟံ)ကနေဘုရားလူကိုဆန္ဒရှိစွာပေးလှူခြင်းပါ။မောရှေခေတ်မှဘုရားသခင်ကပညတ်ချက်ထဲထည့်သွင်းလုပ်ဆောင်ခိုင်းခဲ့တာပါ(ကမ္ဘာဦး၁၄:၂၀)။ဒါကြောင့်ပညတ်မရှိခင်၁၀/၁ပေးလှူမှုရှိပြီးဖြစ်တယ်၊ပညတ်ခေတ်မှပိုပြည့်စုံအောင်ချမှတ်ခဲ့တာလေးပါ။ဒါကြောင့်ဘုရားသခင်ကိုချစ်သောဓမ္မသစ်ယုံကြည်သူတိုင်း၁၀/၁ကိုထည့်ကြပါတယ်။
၄။ဓမ္မသစ်မှာ၁၀/၁ထည့်ဖို့သွန်သင်လား?
မသဲ၂၃:၂၃နဲ့လုကာ၁၁:၄၂မှာယေရှုခရစ်တော်ကိုယ်တိုင်၁၀/၁ကိုမလှပ်ထားရဘူးလို့သွန်သင်ထားသလို၊၁၀/၁သာထည့်ပြီးအရေးကြီးတဲ့တရားခြင်း၊သနားခြင်းနဲ့သစ္စာစောင့်ခြင်းကိုမေ့လျော့နေတဲ့ဖာရိရှဲတွေကိုပြစ်တင်ခဲ့တာပါ။ဒီကျမ်းချက်တွေကလွဲပြီး၁၀/၁ထည့်စရာမလိုတော့ဘူးဆိုတဲ့သွန်သင်မှုမျိုးကျမ်းစာတအုပ်လုံးထဲအစအနလေးတောင်ရှာမတွေ့ပါ။
၅။ဓမ္မသစ်ရဲ့ပေးလှူမှုအနှစ်သာရကဘာလဲ?
တချို့ဆရာတွေကမာလခိကျမ်းကိုအခြေပြုပြီးဒီလိုသွန်သင်တတ်ပါတယ်၊၁၀/၁ကဘုရားဥစ္စာဖြစ်တယ်၊ဒါကြောင့်ဘုရားဥစ္စာဘုရားကိုပြန်ပေးရမယ်၊ပြန်မပေးရင်ကျိန်ခြင်းခံရမယ်ဘာညာပေါ့။ဒါပေမယ့်စဉ်းစားရမှာကတကယ်ဘဲဘုရားပိုင်တာ၁၀/၁ဘဲလား?ကျမ်းချက်တချက်ကြည့်ရအောင် ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၂ ၁၉-၂၁အခွန်ငွေတပြားကိုပြပါဟု မိန့်တော်မူ၍၊ ဒေနာရိတပြားကို၏ယူခဲ့ကြ၏။ ဤပုံဤလိပ်စာကားအဘယ်သူ၏ ပုံအဘယ်သူ၏ လိပ်စာဖြစ်သနည်းဟုမေးတော်မူလျှင်၊ ကဲသာ ဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟုလျှောက်ကြသော်၊ ယေရှုကလည်း၊ ကဲသာဘုရင်၏ ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြ လော့။ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။ ဘုရားသခင်၏ဥစ္စာဆိုတာဘာလဲ?အသပြာပေါ်မှာကဲသာဘုရင်ပုံရှိလို့ကဲသာဘုရင်ကိုဆက်ပေးရမယ်ဆိုရင်ဘုရားရဲ့ပုံသဏန်ဘယ်မှာရှိပါသလဲ? သေချာလေ့လာကြည့်တဲ့အခါအဖြေကကမ္ဘာဦးကျမ်း အခန်းကြီး ၁း၂၆ မှာပါ”တဖန် ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့်တညီတသဏ္ဌာန်တည်းလူကိုဖန်ဆင်းကြစို့။”ဘုရားသခင်ရဲ့ပုံသဏ္ဌာန်ဟာလူပေါ်မှာရှိနေတယ်ဆိုရင်ယနေ့ကျွန်တော်တို့တကိုယ်လုံးကဘုရားသခင်ရဲ့ဥစ္စာပါဘဲ။ဆိုတော့၁၀/၁ဘဲဘုရားသခင်ဥစ္စာလား?၁၀/၁ဘဲမဟုတ်တော့ပါဘူး၊ရှိသမျှအားလုံးဘုရားသခင်ရဲ့ဥစ္စာပါဘဲ။ဒါကြောင့်-ရောမ၁၂:၁မှာမိမိကိုယ်ကိုယ်အသက်ရှင်သောယဇ်အပြစ်ပူဇော်ဆက်ကပ်ပါလို့သွန်သင်ထားပါတယ်။ဆိုတော့ဓမ္မဟောင်းပညတ်မှာဘုရားကလူကို၁၀/၁ဘဲတောင်းခံပြီး၊ဓမ္မသစ်ကျေးဇူးတော်ခေတ်မှာတော့၁၀/၁၀အကုန်ပေးဖို့တောင်းဆိုတဲ့သဘောပါ။တနည်းအားဖြင့်ကျေးဇူးတရားကပညတ်တရားထက်ပိုအဆင့်မြင့်သွားတဲ့သဘောပါ။
၆။ယနေ့ယုံကြည်သူတွေ၁၀/၁ပေးဖို့လိုသေးလား?
ဓမ္မသစ်သွန်သင်ချက်၁၀/၁၀အကုန်မပေးနိုင်တဲ့(အားနည်းတဲ့)လူတွေအားလုံးကတော့၁၀/၁ထည့်ရမှာပါ။ဘာကြောင့်လဲဆိုတော့၁၀/၁ဟာယုံကြည်သူတယောက်ရဲ့အနှိမ့်ဆုံး(အခြေခံရဲ့အခြေခံ)ပေးလှူမှုမို့လို့ပါ။ရှင်းရှင်းပြောရရင်ဓမ္မသစ်မှာယုံကြည်သူတွေပေးလှူမှုတိုင်းမှာ၁၀/၁ထက်မနည်းသင့်ကြောင်းပါ၊မဟုတ်ရင်ကျေးဇူးတရားထဲနေပြီးပညတ်တရားဟောင်းရဲ့အောက်အဆင့်ရောက်နေပါလိမ့်မယ်။ဒါကြောင့်ယနေ့ယုံကြည်သူတွေထဲမှာအကယ်၍၁၀/၁ပေးလှူစရာမလိုတော့ဘူးပြောတဲ့လူရှိရင်သူဟာ၁၀/၂သို့းမဟုတ်၁၀/၁ထက်ပိုပေးနိုင်တဲ့သူဖြစ်ရပါလိမ့်မယ်။အကုန်ကလဲမပေးနိုင်၊အနှိမ့်ဆုံးပေးလှုမှုဖြစ်တဲ့၁၀/၁လဲမပေးနိုင်ရင်တော့မိမိကိုယ်ကိုယ်ခရစ်ယာန်မှဟုတ်ရဲ့လားပြန်လည်ဆန်းစစ်သင့်ပါတယ်။
၇။ဘယ်အချိန်ဘယ်လို၁၀/၁ပေးရမှာလဲ။
လခစားဆိုရင်တလတကြိမ်လစာထုတ်တာနဲ့ထည့်ပါ။ကိုယ်ပိုင်စီးပွားရေးဆိုရင်၀င်ငွေအမြတ်ရတာနဲ့စုပြီးတနင်္ဂနွေကျရင်လာထည့်ပါ။ အကျန်ငွေနှင့်အပိုငွေကိုပေးခြင်းမဟုတ်ပါ။များစွာသောအသင်းတော်မှာတလရဲ့နောက်ဆုံးပတ်မှာသာဆယ်ဘို့တစ်ဘို့ကောက်တဲ့အတွက်၊ကျန်တဲ့အပတ်ထဲအကယ်လို့မိမ်ိဆယ်ဘို့တစ်ဘို့ထည့်ချင်ရင်၊ယုံကြည်လို့ရတဲ့သင်းအုပ်သို့မဟုတ်အသင်းတော်ဘဏ္ဍာထိန်းဆီပေးထားပြီးထည့်ခိုင်းနိုင်ပါတယ်။ကိုယ့်လက်ထဲကြာကြာမထားပါနဲ့အားနည်းပြီးယူသုံးမိတတ်ပါတယ်၊အဲလိုဆိုရင်ကောင်းကြီးမင်္ဂလာနဲ့လွဲပါပြီ။ဒါကြောင့်စာအုပ်မှတ်စုထဲမှာ သင့်ဆယ်ဘို့တစ်ဘို့ စာရင်းရေးမှတ်ပါ။ဒီကောင်းကြီးမင်္ဂလာလမ်းဖြစ်တဲ့ဆယ်ဘို့တစ်ဘို့အကြောင်းကိုသင့်မိသားစုထဲ လဲသင်ပေးပါ။ သုတ္တံ ၃း ၉-၁၀။
၈။၁၀/၁ကိုဘယ်သူ့ဆီပေးသင့်ပါသလဲ?
မာလခိ၃း၁၀မှာဘုရားသခင်ကသူ့အိမ်မှာစားစရာရှိဖို့အဲဒီကိုပေးပါလို့ပြောပါတယ်။ယနေ့ဘုရားသခင်၏့အိမ်ဆိုတာမိမိလက်ရှိပါဝင်နေတဲ့အသင်းတော်ဘဲဖြစ်ပါတယ်။ဒါကြောင့်သင်လက်ရှိဘယ်နေရာမှာ ဘုရားဝတ်ပြုနေသလဲ။ အဲဒီနေရာအဲဒီအသင်းတော်အဲဒီဘုရားကျောင်းဆီသစ္စာရှိရှိပေးပါ။ တွေ့တဲ့ဆရာ၊ ခင်မင်တဲ့ဆရာများနဲ့ကိုယ်ကြိုက်တဲ့ဆရာတွေကိုလိုက်စီမံခန့်ခွဲပြီးစာအိတ်ဝေပေးခြင်းမဟုတ်ပါ။ဆရာတွေကိုအလှူငွေစာအိတ်ပေးတာအင်မတန်မွန်မြတ်တဲ့လုပ်ရက်ပါ။ဒါပေမဲ့ဘုရားသခင်ကိုဆက်သရမယ်ဆိုပြီးစုထားတဲ့၁၀/၁ငွေအားဖြင့်တော့မလုပ်ပါနဲ့၊၁၀/၁ကိုဖယ်ပြီးကျန်၁၀/၉ထဲကယူပေးပါ။စုထားတဲ့၁၀/၁ကိုဘဲအမြဲမျက်စီမဆူးမိပါစေနှင့်မိမိမှာကျန်တဲ့၉ဘို့ကိုမြင်တတ်ပါစေ။တကယ်တော့မိမိရဲ့၁၀/၁ဟာမိမိဝိညာဉ်ရေးကိုအမြဲတည်ဆောက်ခွန်အားပေးထိန်းကျောင်းနေတဲ့ဆရာအတွက်ဘဲဖြစ်သင့်ပါတယ်။ယနေ့မြန်မာပြည်အမှုတော်ဆောင်တွေရဲ့လစာအင်မတန်နည်းနေတာအားလုံးသိပါလိမ့်မယ်၊ဒါဟာအသင်းသူအသင်းသားတိုင်း၁၀/၁အပြည့်မထည့်တာနဲ့သက်ဆိုင်သလိုအသင်းတော်လူကြီးတွေ၁၀/၁ကိုအမှုတော်ဆောင်လစာအပြင်အခြားနေရာမှာထည့်သုံးနေတာနဲ့လဲဆိုင်ပါတယ်၊အကယ်၍အသင်းသူအသင်းသားတိုင်း၁၀/၁သာမှန်မှန်ထည့်ပြီးအသင်းတော်လူကြီးတွေစီမံမှုမှန်ကန်ခဲ့ရင်အမှုတော်ဆောင်တွေအတွက်လုံလောက်စွာရှိပြီးဘုရားအမှုတော်မှာသာ၍အချိန်ပေးဆက်ကပ်နိုင်ကြပါလိမ့်မည်။
၉။အသင်းတော်သို့မသွားရောက်နိုင်ဘဲအဝေးတနေရာမှာအလုပ်နဲ့အချိန်ကုန်နေရတဲ့သူတွေ၁၀/၁ဘယ်လိုထည့်မလဲ?
ဒီလိုလူတွေအနေနဲ့မိမိတချိန်ကပါ၀င်ခဲ့ဖူးတဲ့မိခင်အသင်းတော်မှာပေးပို့ပါဝင်လို့ရသလို၊အွန်လိုင်းကနေတရားဒေသနာအမြဲနားထောင်ခွန်အားယူနေတယ်ဆိုရင်၊အဲဒီအွန်လိုင်းတရားဟောတဲ့ဆရာနဲ့အဖွဲ့စည်းကိုဆက်သွယ်ပြီးပေးလဲရပါတယ်။ဒါဟာအသင်းတော်မှာမပါ၀င်နိုင်တဲ့အဝေးရောက်ယုံကြည်သူတွေအတွက်သီးသန့်ပြောပေးတာပါ။
၁၀။အမှုတော်ဆောင်တွေ၁၀/၁ထည့်ရသေးလား?
တချို့အမှုတော်ဆောင်တွေကအသင်းတော်ရဲ့၁၀/၁ကိုတော့ယူသုံးကြပြီးကိုယ်တိုင်က၁၀/၁ထည့်စရာမလိုဘူးလို့ခံယူကြပါတယ်။အမှန်ကသမ္မာကျမ်းစာနေဟမိမှတ်စာ ၁၀:၃၈မှာလေဝိသားတို့သည် ဆယ်ဖို့တစ်ဖို့ကို ခံယူသောအခါ၊ အာရုန်အမျိုး ယဇ်ပုရောဟိတ်ရှိရမည်။ လေဝိသား တို့သည်လည်း ဆယ်ဖို့တစ်ဖို့ထဲက ဆယ်ဖို့တစ်ဖို့ကို နှုတ်ယူ၍ ဗိမာန်တော်အခန်း ဘဏ္ဍာတိုက်ထဲသို့ သွင်းရကြမည်။လို့အတိအကျဖော်ပြထားပါတယ်။ဒါကြောင့်ယနေ့အမှုတော်ဆောင်အားလုံး၁၀/၁ထည့်ရပါမယ်။
၁၁။အသင်းတော်က၁၀/၁ကိုဘယ်နေရာမှာသုံးပါသလဲ?
ဓမ္မဟောင်းကိုကြည့်ရင်ဣသရေလလူမျိုးတွေ၁၀/၁သုံးမျိုးရှိပါတယ်။
ပထမတမျိုးကလေဝိလူမျိုးကိုသီးသန့်ထောက်ပန့်ခြင်းဖြစ်ပြီး(ဝတ်ပြုရာ၂၇:၃၀၊တောလည်ရာ၁၈:၂၁)။
ဒုတိယတမျိုးကလေဝိသားနဲ့အတူဗိမာန်တော်မှာအားလုံးစားသုံးဖို့ထည့်တာပါ(တရားဟောရာ၁၄:၂၂-၂၇)။
တတိယတမျိုးက၃နှစ်တခါထည့်ရတဲ့၁၀/၁ဖြစ်ပြီးမရှိဆင်းရဲသားကိုပေးဖို့ပါ(တရားဟောရာ၁၄:၂၈-၂၉,၂၆:၁၂-၁၃)။
ဆိုတော့ယနေ့အသင်းတော်မှာ၁၀/၁ကိုသုံးမျိုးခွဲထားခြင်းမရှိဘဲတမျိုးဘဲထည့်ကြတဲ့အတွက်ငွေကိုအထူးသဖြင့်အမှုတော်ဆောင်လခသီးသန့်လုပ်ပါတယ်၊ဒါကြောင့်မိမိအသင်းတော်ရဲ့အမှုတော်ဆောင်တွေဝလင်စွာစားရဖို့သစ္စာရှိရှိမိမိပါဝင်နေတဲ့အသင်းတော်မှာ၁၀/၁ကိုထည့်ပါ၊အခြားအမှုတော်ဆောင်ကိုစာအိတ်ပေးချင်တယ်၊ဆင်းရဲသားနဲ့အခြားအသင်းတော်ကိုလှူချင်တယ်ဆိုရင်တော့မိမိမှာကျန်နေတဲ့၁၀/၉ဘို့ထဲကနေပေးလှူပါ။စုထားတဲ့၁၀/၁ကိုဘဲအမြဲစိတ်ခုမနေသင့်ပါ၊မိမိမှာကျန်နေတဲ့၉ဘို့ကိုမြင်တတ်ပါစေ။ဘုရားသခင်သင့်ကိုသာ၍ကောင်းကြီးပေးပါလိမ့်မည်။
၁၂။၁၀/၁မပေးရင်ဘာဖြစ်မလဲ?ပေးရင်ကောဘာရမလဲ?
ဓမ္မဟောင်းမှာ၁၀/၁မပေးရင်ကျိန်ခြင်းခံရပါတယ်။ဓမ္မသစ်ယုံကြည်သူတွေမှာတော့ယေရှုခရစ်အားဖြင့်ကျိန်ခြင်းအမင်္ဂလာမရှိတော့ပါ။ဒါကြောင့်၁၀/၁မထည့်ရင်ကျိန်ခြင်းခံရမယ်ဆိုပြီးကြောက်စိတ်နဲ့တော့လှူဒါန်းတာမျိုးမဖြစ်စေချင်ပါ။၁၀/၁ကိုသစ္စာရှိရှိပေးလှူနေတဲ့သူတွေအတွက်ဘုရားသခင်ကမာလခိ၃း၁၀မှာကောင်းကင်ဖွင့်ပြီးကောင်းကြီးမင်္ဂလာကိုအကုန်အစင်သွန်းလောင်းမယ်လို့ကတိတော်ပေးထားပါတယ်။မထည့်ရင်တော့ခရစ်ယာန်လို့တောင်ပြောဖို့ခက်ပါတယ်၊ဘာကြောင့်လဲဆိုတော့ဆယ်ဘို့တစ်ဘို့ဟာခရစ်ယာန်တစ်ယောက်လုပ်ရမယ့်တကယ့်အခြေခံရဲ့အခြေခံပေးလှူမှုမို့ပါ။ဆိုတော့၁၀/၁ပေးလှူတဲ့အခါ ၂ကော၉း၇ထဲကအလှူဆိုင်ရာသွန်သင်မှုအရ
၁။လူတိုင်း ကိုယ်အလိုအလျောက်လှူပါ။အတင်းအဓမ္မထည့်ခိုင်းလို့ထည့်တာမျိုးမဖြစ်စေပါနှင့်။
၂။နှမြောသောစိတ်နှင့်မလှူပါနှင့်။
၃။မလှူဘဲ မနေရဟု စိတ်ထင်နှင့်မလှူပါနှင့်။ဘုရားကိုကျေးဇူးတင်ချင်တဲ့စိတ်ထားနဲ့လှူပါ။
၄။စေတနာစိတ်နှင့်လှူပါ။စေတနာစိတ်ဆိုတာမူရင်းအဓိပ္ပာယ်ကဖြူစင်သောစိတ်ဆန္ဒဖြစ်ပါတယ်၊ပေးလှူတဲ့အခါဆန္ဒရှိရှိနဲ့ဖြူစင်သောစိတ်ထားနဲ့ပေးရကြောင်းဖော်ပြခြင်းဖြစ်ပါတယ်။