စိတ်နူးညံ့သိမ်မွေ့သောသူ
(အခြေပြုကျမ်း-ရှင်မဿဲခရစ်ဝင် ၅:၅)
နိဒါန်း
သခင်ယေရှုရဲ့တောင်ပေါ်ဒေသနာမင်္ဂလာ၈ပါးကိုဝေငှနေခြင်းဖြစ်ပါတယ်၊ရှေ့မှာကျွန်တော်တို့မင်္ဂလာ၈ပါးထဲကစိတ်နှလုံးနှိမ့်ချသောသူနဲ့စိတ်မသာညည်းတွားသောသူမင်္ဂလာရှိကြောင်းဝေငှခဲ့ပါတယ်(မဖတ်ရသေးတဲ့သူများအောက်ဆုံးမှာလင့်ဖော်ပြထားပါတယ်)။ဒီနေ့မနက်မှာတော့မင်္ဂလာ၈ပါးထဲကတတိယမင်္ဂလာတပါးကိုအတူတကွဆင်ခြင်ပြီးခွန်အားယူဖို့ရန်ဖြစ်ပါတယ်။
၁။စိတ်နူးညံ့သိမ်မွေ့ခြင်းဆိုတာဘာလဲ?
ရှင်မဿဲခရစ်ဝင် ၅:၅ထဲမှာ စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကိုအမွေခံရကြလတံ့။လို့ဖော်ပြပါတယ်၊ဆိုတော့ဒီကျမ်းချက်မှာပြောထားတဲ့နူးညံ့သိမ်မွေ့ခြင်းဆိုတာဘာလဲ?မူရင်းကျမ်းမှာကောမြန်မာ့စံမှီဘာသာပြန်ကျမ်းနဲ့ယုသဒန်ဘာသာပြန်ကျမ်းမှာပါစကားလုံးအဓိပ္ပာယ်ကနူးညံ့သိမ်မွေ့ခြင်းဘဲဖြစ်ပါတယ်။နူးညံ့သိမ်မွေ့တယ်လို့ပြောလိုက်တဲ့အခါမှာကျွန်တော်တို့ဦးနှောက်ထဲအရင်စဉ်းစားမိတာကနူးနူးညံ့ညံ့လေး၊သိမ်သိမ်မွေ့မွေ့လေးအမူအရာလို့ထင်မြင်တတ်တယ်။ရှက်ကိုးရှက်ကန့်နဲ့စကားတိုးတိုးလေးပြောတတ်သူလို့ထင်တတ်ကြတယ်။ဒါပေမဲ့ဒီနေ့သမ္မာကျမ်းစာမှာဖော်ပြထားတဲ့နူးညံ့သိမ်မွေ့ခြင်းဆိုတာကျွန်တော်တို့ထင်နေသလိုမဟုတ်ပါဘူး၊သမ္မာကျမ်းစာပြောတဲ့နူးညံ့သိမ်မွေ့ခြင်းဆိုတာအားကြီးသောသူကနေနူးညံ့နိုင်ခြင်း၊အခက်ခဲဖိအားကြားကသိမ်မွေ့နိုင်ခြင်းဘဲဖြစ်ပါတယ်။ခိုင်မာတောင့်တင်းပြီးပြေးအားအလွန်ကောင်းတဲ့မြင်းတကောင်ဟာသူ့သခင်လက်ကိုနာခံနိုင်တဲ့အခြေအနေမျိုးပါ။ဒီနူးညံ့သိမ်မွေ့ခြင်းဆိုတာနှိမ့်ချခြင်းပါနေသလို၊နာခံခြင်းနဲ့မိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်းဆိုတဲ့အရာတွေပါ ပါတယ်။
သမ္မာကျမ်းစာထဲကလူတချို့ကိုဥပမာပေးပြီးဒီနူးညံ့သိမ်မွေ့ခြင်းဆိုတဲ့အရာကိုရှင်းပြချင်ပါတယ်။သမ္မာဟောင်းကျမ်းထဲကယောသပ်ဟာနူးညံ့သိမ်မွေ့သောသူဖြစ်ပါတယ်၊အစမှာယောသပ်ဟာသူ့အကိုတွေရဲ့မကောင်းကြံမှုကိုခံခဲ့ရပြီးအီဂျစ်ပြည်ကိုရောင်းစားခံခဲ့ရပါတယ်၊အီဂျစ်မှာကျွန်ခံနေတုန်းသခင်မရဲ့မကောင်းကြံမှုခံလို့ထောင်ထဲရောက်ပြန်ပါတယ်၊ဒါပေမဲ့ဘုရားသခင်ဟာသူ့ကိုအောက်ဆုံးကနေထိပ်ဆုံးသို့ချီးမြောက်တဲ့အတွက်အီဂျစ်တပြည်လုံးကိုအုပ်ချုပ်ခွင့်ရခဲ့ပါတယ်၊ဒီချိန်မှာငတ်ပြတ်တဲ့ဘေးကတနိုင်ငံလုံးအတိုင်းအတာနဲ့ကြုံတွေ့ရလို့သူ့ကိုရောင်းစာခဲ့တဲ့အကိုတွေသူ့ဆီစားစရာလာဝယ်ခဲ့ရပါတယ်၊တကယ်တမ်းယောသပ်ဟာဒီလိုအချိန်မှာသူ့အကိုတွေကိုပြန်လည်ကလဲ့စားချေဖို့လွယ်လွယ်လေးပါ၊နောက်ပြီးသူ့ကိုတချိန်ကမကောင်းကြံခဲ့တဲ့သူ့သခင်မကိုလဲပြန်ဖမ်းဆီးထောင်ချဖို့လွယ်လွယ်လေးဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့သမ္မာကျမ်းစာကိုဖတ်တဲ့အခါမှာယောသပ်ဟာဒီရန်ကိုရန်နဲ့မတုန့်ပြန်ခဲ့ပါဘူး၊ချစ်ခြင်းမေတ္တာနဲ့သာခွင့်လွတ်ပြီးသင့်မြတ်ခြင်းရယူခဲ့ပါတယ်။
ချစ်သောညီကိုမောင်နှမတို့ယောသပ်ရဲ့ဒီလုပ်ရပ်လေးဟာနူးညံ့သိမ်မွေ့ခြင်းပါဘဲ။
နောက်တခုကရှင်မဿဲခရစ်ဝင်၁၁:၂၉ထဲမှာယေရှုခရစ်တော်ကိုယ်တိုင်”ငါ့ထမ်းဘိုးကိုတင်၍ထမ်းကြလော့။ငါ့ထံ၌နည်းခံကြလော့။ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိ၏။သင်တို့စိတ်နှလုံးသည်သက်သာခြင်းကိုရလိမ့်မည်”တဲ့။ဆိုလိုတာကသခင်ယေရှုဟာလဲအလွန်နူးညံ့သိမ်မွေ့သောသူဖြစ်ပါတယ်၊လက်ဝါးကပ်တိုင်ပေါ်နေတုန်း၊လူတွေသူ့ကိုပျက်ရယ်တဲ့အခါ၊ယေရှုကတန်ခိုးရှိလျက်နဲ့ငြိမ်ခံခဲ့တယ်၊သူကားတိုင်မတက်ချင်လဲသူချက်ချင်းဆင်းလာပြီးရန်သူကိုစကားတခွန်းနဲ့ရှင်းလိုက်လို့ရပေမဲ့သူဒီလိုမလုပ်ခဲ့ဘူး၊ရန်ကိုရန်နဲ့မတုန့်ပြန်ဘဲသူတို့အတွက်အဖခမည်းတော်ဆီဘွေမယူဖို့ဆုတောင်းမေတ္တာပို့လိုက်ပါသေးတယ်။ချစ်သောညီကိုမောင်နှမတို့၊ဒါဟာဒီနေ့ကျမ်းစာမှာပြောတဲ့နူးညံ့သိမ်မွေ့ခြင်းပါဘဲ။
နူးညံ့သိမ်မွေ့ခြင်းဆိုတာအပြင်ပန်းနူးညံ့ပြီးစကားပြောသိမ်မွေ့တာမဟုတ်ပါဘူးနူးညံ့သိမ်မွေ့တယ်ဆိုတာမိမိစိတ်ကိုထိန်းနိုင်ခြင်းပါ၊သူများအမှားကိုခွင့်လွတ်တတ်ပြီး၊သူများတကာရန်တွေ့ခြင်းကိုငြိမ်းစေတတ်တဲ့သူဖြစ်ပါတယ်။အပြစ်ဒုစရိုက်နဲ့ကြုံလာတဲ့အခါသမ္မာတရားဖက်မားမားရပ်တည်ပြီး၊အမုန်းတရားကြားမှာဘုရားမေတ္တာကိုလက်ဆင့်ကမ်းသူဖြစ်ပါတယ်။အသက်တာမှာဘာဘဲကြုံကြုံဘုရားသခင်နဲ့အတူသွားလာတတ်တဲ့သူဖြစ်ပါတယ်။ဒီလိုလူဟာစိတ်နူးညံ့သိမ်မွေ့သောသူဘဲဖြစ်ပါတယ်။
၂။စိတ်နူးညံ့သိမ့်မွေ့သူရသောမင်္ဂလာ
သမ္မာကျမ်းစာမှာဒီလိုနူးညံ့သိမ်မွေ့သောသူဟာမင်္ဂလာရှိတဲ့သူလို့ဖော်ပြထားပါတယ်၊ဘယ်လိုမင်္ဂလာရှိတာလဲဆိုတော့ဒီလိုလူဟာပြည်တော်ကိုအမွေခံရမယ်လို့ဆိုပါတယ်။ဒီနေရာမှာပြည်တော်ဆိုတာဘာလဲဆိုတော့ပြည်တော်ဆိုတာဘုရားသခင်ဒီဘဝမှာတင်ပေးတဲ့ကောင်းကြီးမင်္ဂလာဘဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သမ္မာဟောင်းကျမ်းမှာဘုရားသခင်ကလူတွေကိုကောင်းကြီးပေးတဲ့အခါများသောအားဖြင့်ပြည်တော်ကိုချမ်းသာပေးတဲ့အတွက်ကြောင့်ပါ။ဒါကြောင့်နူးညံ့သိမ်မွေ့သောသူရမဲ့ပြည်တော်ဆိုတာတိုင်းပြည်အသစ်တခုရမှာကိုပြောနေတာမဟုတ်ပါဘူး၊ဘဝမှာအသက်တာမှာလက်ရှိအသက်ရှင်နေတုန်းမှာဘုရားသခင်ကကောင်းကြီးအမျိုးမျိုးချပေးမှာဖြစ်ကြောင်းဆိုလိုတာဖြစ်ပါတယ်။
၃။ဘယ်လိုလုပ်ပြီးနူးညံ့သိမ်မွေ့သူဖြစ်မလဲ?
ဟုတ်ပြီ၊ဒီနေ့သမ္မာကျမ်းစာဖော်ပြချက်အရနူးညံ့သိမ်မွေ့ခြင်းဆိုတာဘာလဲသိခွင့်ရခဲ့ပါပြီ၊ဒီမင်္ဂလာရှိသောသူရမဲ့ပြည်တော်ဆိုတာလဲမျက်မှောက်အသက်တာရဲ့ကောင်းကြီးဖြစ်ကြောင်းသိခဲ့ရပါပြီ။ဒါဆိုရင်ယနေ့သင်နဲ့ကျွန်ပ်နူးညံ့သိမ်မွေ့သောသူဟုတ်မဟုတ်ဆင်ခြင်ကြပါစို့လေ၊လက်ရှိသင်ဟာနူးညံ့သိမ်မွေ့သောသူဖြစ်နေရင်တော့ဘုရားသခင်ကျေးဇူးတော်ဘဲပေါ့၊ဒါပေမဲ့များသောအားဖြင့်လူတိုင်းလိုလိုနူးညံ့သိမ်မွေ့တဲ့သူမဟုတ်ကြပါဘူး၊ဒီလိုဆိုရင်ဘယ်လိုလုပ်မှနူးညံ့သိမ်မွေ့သောသူဖြစ်မလဲ?
နူးညံ့သိမ်မွေ့သောသူဖြစ်ဖို့မိမိအကျင့်အားဖြင့်မရနိုင်ပါ၊ဒါကြောင့်ဘုရားသခင်ဆီဆုတောင်းပါ၊မိမိဟာနူးညံ့သောသူမဟုတ်ကြောင်း၊သိမ်မွေ့သောသူမဟုတ်ကြောင်းဝန်ခံပြီးနူးညံ့သိမ်မွေ့တဲ့သူဖြစ်ဖို့တောင်းခံပါ။တကယ်စိတ်ပါပါဆုတောင်းခဲ့ရင်အသက်တာမှာဝိညာဉ်တော်လမ်းပြတို့ထိပါလိမ့်မည်။ဥပမာတခါတလေအချိန်မှာကိုယ်ကဒေါသအရမ်းထွက်ပြီးထိန်းမရတဲ့အခြေနေမှာတွေ့ရာကောက်ကိုင်ပြီးဖြေရှင်းတတ်ပါတယ်၊ဒီလိုချိန်မှာအတွင်းထဲကဝိညာဉ်တော်ဟာသင့်ကိုတို့ထိစကားပြောပါလိမ့်မည်၊ဝိညာဉ်တော်စကားပြောတယ်ဆိုတဲ့အခါမှာ၊ညာဉ်တော်ကသင့်အနားမှာဝုန်းကနဲ့ပေါ်လာပြီးလာဖော်ပြတာမဟုတ်ပါ၊သင်ဖတ်ရှုထားတဲ့ကျမ်းစာအားဖြင့်၊သင်နားထောင်ခဲ့တဲ့ဓမ္မတရားတွေအားဖြင့်သင့်ကိုစကားပြောတာပါ။ဖတ်ခဲ့တဲ့ကျမ်းချက်တွေနားထောင်ခဲ့တဲ့ဓမ္မစကားတွေပြန်လည်သတိယစေမှာပါ။အကယ်၍ကျမ်းစာရှိရက်သားနဲ့မဖတ်ဘဲဝိညာဉ်တော်စကားကိုတော့ကြားချင်တယ်ဆိုရင်လုံးဝမဖြစ်နိုင်ပါ။ယနေ့သင့်ကျမ်းစာအုပ်ပိတ်ထားပြီးဘုရားသခင်ကဘာလို့ငါ့ကိုစကားမပြောတာလဲလို့မပြောသင့်ပါ။ဒါကြောင့်အတွင်းနှလုံးသားကနေဝိညာဉ်တော်ဘုရားရဲ့တို့ထိမှုနဲ့အသက်ရှင်နေသူတိုင်းဟာနူးညံ့သိမ်မွေတဲ့သူများဖြစ်ပါတယ်။ဒီလိုဝိညာဉ်ပကတိအတိုင်းသာရှေ့ဆက်အသက်ရှင်သွားခဲ့ရင်ဘုရားသခင်ကလဲကျွန်တော်တို့ကိုကောင်းကြီးမင်္ဂပေးမှာဖြစ်ကြောင်းဒီနေ့ဖတ်သွားတဲ့ကျမ်းချက်မှာဖော်ပြပါတယ်။
နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ယနေ့သမ္မာကျမ်းစာမှာ စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား၊ထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြလတံ့။လို့ပြောတာကိုဝေငှသွားချင်းဖြစ်ပါတယ်။စိတ်နူးညံ့သိမ်မွေ့ခြင်းဆိုတာကိုယ့်အသက်တာကိုဘုရားသခင်မှလာအုပ်ချုပ်ကွပ်ကဲစေခြင်းပါ။ဒီလိုလူဟာဒီဘဝမှာကောင်းကြီးရမှာဖြစ်ပြီး၊နောင်တချိန်ထာဝရကာလမှာလဲဘုရားပေးတဲ့ဆုလာဒ်တွေရရှိမှာပါ။ဒါကြောင်ယနေ့မနက်ရဲ့ဝေငှခြင်းအားဖြင့်၊နားဆင်သူအယောက်ဆီတိုင်းစိတ်နူးညံ့သိမ်မွေ့သောသူများဖြစ်ကြပါစေလို့၊ဤမျှလောက်နဲ့ဘဲနိဂုံးချုပ်လိုက်ပါတယ်။အားလုံးအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။