ကျေးဇူးတော်ချီးမွမ်းသောအသက်တာ
(အခြေပြုကျမ်း-ဆာလံ၁၁၆:၈-၁၇၊ ဟေဗြဲ၁၂:၂၅-၂၈)
နိဒါန်း
ဘုရားသခင်ဟာလူသားတိုင်းကိုချစ်ပါတယ်၊ဒါကြောင့်လဲမဿဲ၅:၄၅မှာဘုရားသခင်ဟာ ကောင်းသောသူ မကောင်းသောသူတို့အပေါ်နေကို ထွက်စေပြီး၊ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့ အပေါ်မှာ မိုးကို ရွာစေတယ်လို့ဆိုပါတယ်။ဒါပေမယ့်များစွာသောအချိန်အခါတွေမှာလူတွေဟာဘုရားသခင်ကိုကျေးဇူးတင်ဖို့မေ့နေတတ်ကြပါတယ်၊တချို့ကတော့ငါရှာလို့ငါစားရတာဘဲဘာလို့ဘုရားကိုလိုက်ကျေးဇူးတင်နေရမှာလဲလို့ပြောတတ်ကြပါတယ်။ဒါပေမယ့်ဘုရားသာဘာမှမဖန်ဆင်းပေးခဲ့ရင်ကျွန်တော်တို့တောင်ရှိလာမှာမဟုတ်ပါဘူး။ဆိုတော့ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ပတ်သတ်ပြီးအချက်(၃ချက်နဲ့ခွန်အားပေးချင်ပါတယ်။
၁။ကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာဘာလဲ?
လူလူချင်းကျေးဇူးတုန့်ပြန်သောအနေနဲ့ပြုလုပ်တာကိုကျေးဇူးဆပ်ခြင်းလို့ခေါ်ပါတယ်၊ဘုရားပြုပေးခဲ့တာတွေကိုပြန်လည်ရေတွက်ပြီးချီးမွမ်းခြင်းယဇ်ပူဇော်တာဟာကျေးဇူးတော်ချီးမွမ်းခြင်းဘဲဖြစ်ပါတယ်။သမ္မာကျမ်းစာမှာကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ပတ်သက်ပြီးအများအပြားဖော်ပြထားတဲ့အထဲကနေအဓိကအချက်၅ချက်ကိုတင်ပြပါရစေ။
1.ကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ်။
အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှာ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။(၁သက် ၅:၁၈)။
2.ကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာဘုရားသခင်နှစ်သက်တဲ့ယဇ်ဖြစ်တယ်။
နွားသားကို ငါစားမည်လော။ ဆိတ်သွေးကို ငါသောက်မည်လော။ ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်လော့။ သစ္စာကတိထားသည်အတိုင်း၊ အမြင့်ဆုံးသောအရာ၌ သစ္စာဝတ်ကိုဖြေလော့။ အမှုရောက်သည်ကာလ၌ ငါ့ကိုပတ္ထနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူ၏(ဆာလံ ၅၀:၁၃-၁၅)။
3.ကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာကောင်းကြီးရတဲ့လမ်းဖြစ်တယ်။
အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။(ယောဘဝတ္တု ၁:၂၁)။
ယောဘသည် အဆွေခင်ပွန်းတို့အဖို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။(ယောဘဝတ္တု ၄၂:၁၀)။
4.ကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာလက်ရှိအခြေနေကိုရောင့်ရဲတင်းတိမ်ခြင်းဖြစ်တယ်။
ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှာ သင်မိပြီ။- ရှုတ်ချခြင်းကိုလည်းကောင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။(ဖိလိပ္ပိဩဝါဒစာ ၄:၁၁-၁၂)။
5.ကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာအောင်မြင်ခြင်းလမ်းစဉ်ပါ။
ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြသောအခါ၊ ယုဒပြည်ကိုတိုက်အံ့သောငှာ လာသော၊ စိရတောင်သားတို့ကို အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့ တစ်ဖက်၌ ထာဝရဘုရား ချောင်းမြောင်းစေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊ တစ်ဖန် စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ လှန်၍တိုက်သဖြင့်၊ အကုန်အစင်သတ်ပြီးမှ၊ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်၍၊ ပျက်စီးခြင်းသို့ရောက်ကြ၏။(ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၂၂-၂၃)။
၂။ဘာကြောင့်ကျေးဇူးတော်ချီးမွမ်းနေရပါသလဲ?
ယုံကြည်သူတွေအသက်တာထဲမှာအပြစ်ကလွဲလို့အရာရာတိုင်းမှာကျေးဇူးတော်ချီးမွမ်းကြဖို့၁သက်၅:၁၈မှာရှင်းလင်းစွာသွန်သင်ထားပါတယ်။အပြစ်လုပ်မိရင်တော့ကျေးဇူးတော်ချီးမွမ်းဖို့မဟုတ်ဘဲဝန်ချတောင်းပန်ဖို့လိုပါတယ်။ဆိုတော့ကျေးဇူးတော်ချီးမွမ်းဖို့ရေတွက်မယ်ဆိုရင်ရေတွက်လို့မကုန်နိုင်ပါဘူး၊ဒီမြောက်များစွာသောကျေးဇူးတော်တွေထဲမှာအကြီးမားဆုံးသောကျေးဇူးတော်တွေကိုပြောပါဆိုရင်…
1.အပြစ်ရဲ့ကျေးကျွန်မှလွတ်မြောက်ခွင့်ရခဲ့လို့(ရောမ၆:၁၇-၁၈)ဒါဟာဖြောင့်မတ်ခြင်း။
2.ခရစ်တော်အားဖြင့်ဇာတိသဘောကိုအောင်နိုင်ခဲ့ခြင်း(ရောမ၇:၂၅)ဒါဟာသန့်ရှင်းခြင်း။
3.ခရစ်တော်အားဖြင့်သေခြင်းကိုအောင်မြင်ရခြင်း(၁ကော၁၅:၅၇)ဒါဟာအောင်မြင်ခြင်း။
4.အသက်တာမှာလက်တွေ့သက်သေရခြင်း(၂ကော၂:၁၄)ဒါကသက်သေခံခြင်း။
5.မလှုပ်နိုင်သောနိုင်ငံတော်ကိုရခြင်း(ဟေဗြဲ၁၂:၂၈)ဒါကစိတ်ချခြင်း။
၃။ဘယ်လိုကျေးဇူးတော်ချီးမွမ်းရမှာလဲ?
ကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာဘာလဲနဲ့ဘာကြောင့်ကျေးဇူးတော်ချီးမွမ်းရတာလဲဆိုတာနားလည်သွားပြီဆိုရင်လက်တွေ့လုပ်ဆောင်ဖို့ဘယ်လိုကျေးဇူးတော်ချီးမွမ်းရမလဲဆိုတာအရေးကြီးသိဖို့လိုလာပါပြီ။ကျေးဇူးတော်ကိုလက်တွေ့လုပ်ဆောင်ချီးမွမ်းဖို့ဆာလံကျမ်း၁၁၆:၁၂-၁၄, ၁၇မှာအဖြေပေးထားပါတယ်”ငါ၌ ထာဝရဘုရားပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို အဘယ်သို့ဆပ်ရမည်နည်း။ကယ်တင်ခြင်းခွက်ဖလားကိုကိုင်ယူ၍၊ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုမည်။ ထာဝရဘုရားအား သစ္စာကတိထားသည် အတိုင်း၊ ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်။ ကျေးဇူးတော်ချီးမွမ်းရာယဇ်ကို ရှေ့တော်၌ ပူဇော်၍၊ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုမည်။”လို့ဖော်ပြထားပါတယ်။ဒီထဲမှာဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းဖို့လုပ်ဆောင်ချင်၃ရပ်ကိုအလင်းပေးထားပါတယ်…
1.ကယ်တင်ခြင်းခွက်ဖလားကိုကိုင်ယူ၍…
ခွက်ဖလားပေါ်မှာကယ်တင်ခြင်းလို့စာထိုးပြီးကိုင်ထားခိုင်းတာတော့မဟုတ်ပါဘူး၊ဒီနေရာမှာပြောတဲ့အဓိပ္ပာယ်ဟာကျွန်တော်တို့ရထားတဲ့ကယ်တင်ခြင်းကိုလူတွေမြင်အောင်လက်တွေ့အသက်ရှင်ခြင်းနဲ့အမြဲသက်သေပြရမှာဖြစ်ကြောင်းပါ။ဒါမှလဲဘုရားကိုပတ္တနာပြုရာရောက် မှာပပါ၊ဒါဟာတနည်းအားဖြင့်ကျေးဇူးတော်ချီးမွမ်းခြင်းပါဘဲ။
2.ဘုရားပေါ်သစ္စာကတိဖြေမည်
သမ္မာဟောင်းကျမ်းထဲမှာဆိုရင်ဘုရားသခင်ကိုလူတွေကအမြဲတမ်းအပေးအယူတောင်းဆိုထားမှုတွေရှိတတ်ကြပါတယ်၊ဥပမာငါ့ကိုဒီလိုပို့ဆောင်ရင်ငါလဲဘုရားကိုဒါဆက်ကပ်မယ်တို့ပေါ့ဗျာ၊ဒါပေမယ့်သစ္စာကတိမတည်ခဲ့ရင်လူတွေဖက်ကကျိန်ခြင်းများရနိုင်လို့သမ္မာသစ်မှာရောက်လာတဲ့အခါအဲလိုဘုရားပေါ်တိုင်တည်သစ္စာကတိဝတ်ကိုအားမပေးထားတော့ပါ။အကယ်၍ကျွန်တော်ကျွန်မတို့လဲဘုရားပေါ်ပေးထားတဲ့သစ္စာကတိရှိခဲ့ရင်အမြန်ဖြေဖို့လိုအပ်ပါတယ်၊ဒါဟာလဲကျေးဇူးတော်ချီးမွမ်းခြင်းထဲကတခုပါဘဲ။
3.ရှေ့တော်မှာယဇ်ပူဇော်ပါ
သမ္မာသစ်ရောက်လာတဲ့အခါ၊သမ္မာဟောင်းထဲကလိုသိုးတွေသတ်ပြီးယဇ်ပူဇော်ခိုင်းနေတာမဟုတ်တော့ပါဘူး။ဒါပေမယ့်ကိုယ်ကဘုရားကိုကျေးဇူးတင်ပါတယ်ဆိုတဲ့စိတ်ကိုသက်သေဖြစ်စေဖို့ရှေ့တော်မှာလက်တွေ့ပေးလှူပူဇော်မှုပြုရပါတယ်။ဒါကြောင့်လဲတစ်နှစ်တခါကျေးဇူးတော်ချီးမွမ်းပွဲ(ကောက်သစ်စားပွဲ၊အဦးသီးပူဇော်ပွဲ)မှာယုံကြည်သူတိုင်းအကောင်းဆုံးထဲကအကောင်းဆုံးသီးနှံအစားအစာလူသုံးကုန်တွေကိုဘုရားကျောင်းမှာလာပူဇော်ထားကြတာပါ။ဒါဟာကျေးဇူးတော်ချီးမွမ်းခြင်းရဲ့လက်တွေ့လုပ်ဆောင်ချက်ပါဘဲ။
နိဂုံး
ချစ်သောညီကိုမောင်နှမတို့ ကျေးဇူးတော်ချီးမွမ်းရမယ့်အရာတွေကျွန်တော်တို့အသက်တာမှာမရှိတာမဟုတ်ပါဘူး၊ကျွန်တော်တို့ကိုယ်၌ကသွားမရေတွက်တာပါ။ဘုရားရဲ့ကျေးဇူးတော်ဟာလူသားတိုင်းအပေါ်မှာအမြဲရှိနေတာကြောင့်ကျေးဇူးတော်ရေတွက်ချီးမွမ်းတတ်သူတစ်ယောက်အတွက်တော့ပြသနာပေါင်းသောင်းခြောက်ထောင်လောက်ရှိနေရင်လဲသူဟာအမြဲချီးမွမ်းနေမှာပါဘဲ။ကျေးဇူးတော်မရေတွက်မချီးမွမ်းတတ်တဲ့သူအတွက်တော့ဘုရားကောင်းကြီးပေါင်းသောင်းခြောက်ထောင်လောက်ရှိနေရင်လဲသူ့မှာအမြဲငြီးငြူနေမှာပါဘဲ။သင့်ဘဝအသက်တာကောဘယ်လိုလဲ?ဖတ်ရှုသူအယောက်ဆီတိုင်းကျေးဇူးတော်ချီးမွမ်းတတ်သောအသက်တာများဖြစ်ကြပါစေ။
Ye Ming(ပတ္တမြားမြေ)