ရှင်ပြန်ထမြောက်ခြင်းပေးသောအရာ(၇)မျိုး
နိဒါန်း
မင်္ဂလာရှိသောရှင်ပြန်ထမြောက်ရာနေ့ပါလို့နူတ်ခွန်းဆက်သလိုက်ပါရစေ။ဟုတ်ပါတယ်၊ဒီနေ့ဟာယေရှုခရစ်တော်သေခြင်းမှရှင်ပြန်ထမြောက်တဲ့နေ့ မြတ်ပါ။ရှင်ပြန်ထမြောက်ရာနေ့ဟာခရစ်စမတ်လို၁၂လ၂၅ရက်ဆိုပြီးရက်အတိကျသတ်မှတ်ထားလေ့မရှိပါဘူး၊နှစ်စဉ်နှစ်တိုင်းရဲ့“၃လပိုင်း၂၂ရက်ကနေ၄လပိုင်း၂၅ရက်ကြားက၊လပြည့်ပြီးနောက်တပတ်ရဲ့တနင်္ဂနွေနေ့”အဖြစ် ရွှေ့လျားနေတာပါ။(အကယ်၍အဲဒီလပြည့် နေ့ကတနင်္ဂနွေကျခဲ့ရင်လာမဲ့အပတ်တနင်္ဂနွေမှရှင်ပြန်ထမြောက်ရာနေ့ကျရောက်မှာဖြစ်ပါတယ်)။ ယေရှုရှင်ပြန်ထမြောက်ခြင်းဟာခရစ်ယာန်ယုံကြည်မှုရဲ့ဗဟိုဖြစ်သလို၊အင်မတန်အရေးပါတဲ့အရာဖြစ်ပါတယ်၊ယေရှုသာမထမြောက်ဘဲသေနေခဲ့ရင်ဒီနေ့ကမ္ဘာ ပေါ်မှာတနင်္ဂနွေဝတ်ပြုခြင်းရှိမှာမဟုတ်သလို၊ကျွန်တော်တို့ယုံကြည်နေတာဟာအလကားဖြစ်ပြီး၊တရားကိုဟောကြားနေသူဟာလဲလူလိမ်တွေဘဲဖြစ်နေမှာပါ(၁ကော၁၅;၁၄-၁၅)။ဒါပေမယ့်ယေရှုခရစ်တော်သေပြီးသုံးရက်မြောက်နေ့မှာထမြောက်ခဲ့ပါတယ်၊ဟာလေလုယာ။ဒါဟာဘယ်ကိုးကွယ်မှုမှာမှရှာလို့မ တွေ့နိုင်တံ့အြံ့သဖွယ်တန်ခိုးပါဘဲ။ဒီနေ့ထိအစ္စရေးမှာခရစ်တော်ရဲ့အခေါင်းတော်ဟာသက်သေထူနေပါတယ်။ဒါကိုအဲဒီခေတ်ကလူ တွေနဲ့ယနေ့ထိလူတချို့မယုံကြည်နိုင်သေးပါဘူး၊ဒါကြောင့်လဲမယုံကြည်တဲ့လူတွေယေရှုအလောင်းကိုတစ်ယောက်ယောက်ခိုးသွားတယ်လို့သတင်းတုလွင့်ခိုင်းခဲ့တာယနေ့ထိပါဘဲ(မဿဲ၂၈:၁၃)။ဒါပေမယ့်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်သွားခြင်းဟာသက်သေအထောက်အထားအများကြီးရှိနေပါတယ်၊ဒီထဲအချက်၇ချက်လောက်ပြောပြရရင်၁။သမ္မာဟောင်းကကြိုတင်ဟောထားခြင်း၊၂။ယေရှုကိုယ်တိုင်မသေခင်ကြိုဟောခြင်း၊၃။မာရိနဲ့အချို့အမျိုးသမီးတွေထမြောက်သွားတဲ့ယေရှုကိုမြင်ခဲ့ခြင်း၊၄။ကောင်းကင်တမန်သက်သေခံခြင်း၊၅။သင်္ချိုင်းစောင့်စစ်သားတွေ့ခဲ့ခြင်း၊၆။တပည့်တော်များအသက်ပေးသည့်အထိသက်သေပြခြင်း၊၇။လူပေါင်း၅၀၀လောက်မြင်ခဲ့ရခြင်းတို့ဖြစ်ပါတယ်။ဒါကြောင့်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းဟာအြံ့သဖွယ်နဲ့ယုံကြည်ထိုက်တဲ့သက်သေတွေတည်နေတာတွေ့ရမှာပါ။ဒီနေ့မှာမြောက်ခြင်းကလူသားတွေအတွက်ဘာထူးဆန်းပြောင်းလဲမှုဖြစ်သွားလဲဆိုတာကိုအချက်၇ချက်နဲ့ဝေငှသွားပါမယ်။
၁။ငိုကြွေးတဲ့စိတ်ကိုကုသပေးခြင်း
“ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မ ယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။- ယေရှုကလည်း၊ မာရိဟုခေါ်တော်မူလျှင်၊ မာရိသည်လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။”(ယော 20:15-16 )။
သင်ယနေ့ငိုကြွေးနေသလားချစ်သောမိတ်ဆွေ၊သင်ဘယ်အတွက်ကြောင့်ဘယ်အရာတွေကြောင့်ဘဲငိုကြွေးနေပါစေ၊ရှင်ပြန်ထမြောက် သောသခင်ဟာသင့်ကိုငိုကြွေးခြင်းမှဝမ်းမြောက်ခြင်းအခွင့်ပေးနိုင်တယ်ဆိုတာယုံကြည်ပါ၊အာမင်။
၂။ယုံကြည်အားနည်းခြင်းကိုမစခြင်း
“နံနက်စာကို စားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအား မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။”(ယော21:15)
လူတိုင်းအားနည်းတတ်ကြပါတယ်၊ယုံကြည်သူအပါအဝင်အသက်တာမှာယုံကြည်ခြင်းအားနည်းပြီးမလုပ်သင့်မပြောသင့်မသွားသင့်မကြည့်သင့်မစဉ်းစားသင့်တာတွေလုပ်မိတတ်ပါတယ်၊ဒါပေမယ့်မိတ်ဆွေသင်နောင်တနဲ့ပြန်လာတဲ့အခါရှင်ပြန်ထမြောက်တဲ့ဘုရားကသင့်ကိုပြန်ခွန်အားပေးမစပါလိမ့်မည်။ဟာလေလုယာ။
၃။စိုးရိမ်ခြင်းကိုဖြေပေးခြင်း
“ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊ ခရစ်တော်သည် ဤသို့ပင် အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လောဟု မိန့်တော်မူ၏။”(လုကာ24:25-26)။
ဧမောက်မြို့ကိုသွားတဲ့တပည့်တော်နှစ်ယောက်ဟာသခင်ထမြောက်ကြောင်းကြားသိပေမယ့်စိုးရိမ်နေကြတုန်းပါ၊ယေရှုကသူတို့ရဲ့စိုးရိမ်ခြင်းတွေကိုကင်းအောင်ကိုယ်တိုင်အတူပါရှိပေးခဲ့ပါတယ်။ချစ် သောမိတ်ဆွေယနေ့သင်ဘာကိုစိုးရိမ်နေသလဲ?ကိုရိုနာရောဂါလား?စားဝတ်နေရေးလား?ရှင်ပြန်ထမြောက်တဲ့ဘုရားဟာသင်နဲ့အတူပါရှိတယ်ဆိုတာမမေ့ပါနဲ့၊ဘုရားအတူပါရှိရင်အရာရာအဆင် ပြေသွားပါလိမ့်မည်။အာမင်။
၄။မယုံသင်ကာသူကိုခိုင်ခံ့စေခြင်း
“ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့နံဘေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။- သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။- ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။”(ယော20:27-29 )
ယုံကြည်ခြင်းအားနည်းတာထက်မယုံသင်္ကာဖြစ်တာကပိုဆိုးပါတယ်။တပည့်တော်သောမလိုခရစ်တော်နောက်၃နှစ်ကျော်လိုက်ခဲ့ပြီး၊အံ့သြဖွယ်မြင်ခဲ့ရ၊ကြားခဲ့ရပေမယ့်တခါတလေမှာမယုံသင်္ကာဖြစ်နေတတ်ပါတယ်။ကျွန်တော်တို့အသက်တာမှာလဲခရစ်ယာန်ဖြစ်တာနှစ်ချီပြီဆိုပေမယ့်လဲတချို့ကိစ္စကမဖြစ်နိုင်ပါဘူးလို့ဘဲထင်နေတတ်ကြပါတယ်။အသက်တာမှာဒီလိုမယုံသင်္ကာဖြစ်တဲ့အခါမှာလဲရှင်ပြန်ထမြောက်တဲ့သခင်နဲ့တွေ့ရင်သင်အကြွင်းမဲ့ယုံကြည်လာပါလိမ့်မည်။အာမင်။
၅။ငြိမ်သက်ချမ်းသာပေးခဲ့ခြင်း
“ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်း ဟုမိန့်တော်မူ၏။”(လုကာ 24:36 )။
“ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။”(မဿဲ11:28 )။
“ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။”(ယော14:27 )။
ယေရှုအသေခံပြီးနောက်တပည့်တော်တွေဟာရောမစစ်သားတွေကိုကြောက်ကြလို့တိတ်တိတ်လေးဝတ်ပြုကြပါတယ်၊ဒါကိုယေရှုကလာပြီးသူတို့ကြောက်စိတ်တွေ ငြိမ်သက်ခြင်းရအောင်သူတို့အလယ်မှာဘွားကနဲပေါ်လာပြီး“သင်တို့ပေါ်ငြိမ်သက်ခြင်းရှိပါစေသော်”လို့အဦးဆုံးပြောခဲ့ပါတယ်။မိတ်ဆွေဒီနေ့အသက်ရှင်နေတဲ့အခါလူသားတိုင်းလိုအပ်နေတာချမ်းသာကြွယ်ဝမှုမဟုတ်ပါဘူး၊ငြိမ်သက်ခြင်းနဲ့စိတ်ချမ်းသာခြင်းပါ။ဒါဟာရှင်ပြန်ထမြောက်တဲ့ဘုရားဆီမှာဘဲရှိနေပါတယ်၊သူဆီလာပါလို့ခေါ်နေပါတယ်၊သင်ငြိမ်သက်ချမ်းသာရပါလိမ့်မည်။ဟာလေလုယာ။
၆။သေခြင်းတရား(အပြစ်)ကိုအောင်မြင်စေခြင်း
“ခရစ်တော်သည် အသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကို အစိုးရသောသူတည်းဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှာလည်းကောင်း၊- သေဘေးကိုကြောက်၍ တစ်သက်လုံး ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှာလည်းကောင်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။”(ဟေဗြဲ2:14-15 ။
လောကလူသားတိုင်းကြောက်နေရတဲ့အရာဟာအပြစ်နဲ့ဆင်းရဲဒုက္ခပြီးရင်၊သေခင်းတရားပါဘဲမိတ်ဆွေ၊ဒီအရာတွေကိုသခင်ယေရှုခရစ်ကကားတိုင်ပေါ်မှာလူသားအားလုံးအတွက်အောင်မြင်ခြင်းပေးခဲ့ပါပြီ၊ချစ်သောမိတ်ဆွေ၊ဒီနေ့ရှင်ပြန်ထေမြာက်တဲ့ယေရှုကိုယုံကြည်လက်ခံသူတိုင်းအပြစ်လွတ်ခြင်း၊ဆင်းရဲဒုက္ခနဲ့သေခြင်းတရားကိုအောင်မြင်မှာဖြစ်ပါတယ်၊ဟာလေလုယာ။
၇။ထာဝရအသက်ကိုရစေခြင်း
“ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။”(ယော 11:25 )။
“ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီး ဖြစ်တော်မူပြီ။”(၁ကော15:20 )။
ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအားဖြင့်လူတွေအားလုံးအတွက်မဟာမျှော်လင်ချက်တခုပေးခဲ့ပါပြီ၊အဲတာကတော့ယုံကြည်သူတိုင်းအတွက်ထာဝရအသက်ရမှာဖြစ်ပါတယ်မိတ်ဆွေ၊သင့်တမန်လွန်မှာထာဝရကောင်းကင်နိုင်ငံဝင်စားဖို့အတွက်လမ်းခင်းပေးခဲ့ခြင်းဖြစ်ပါတယ်။ယခုဘဲရှင်ပြန်ထ မြောက်တဲ့ယေရှုကိုယုံကြည်လက်ခံလိုက်ပါ။အာမင်။
နိဂုံး
ဒီနေ့ဟောသွားတဲ့“ရှင်ပြန်ထမြောက်ခြင်းမှပေးသောပြောင်း
လဲခြင်း(၇)မျိုး”ဟာသင့်အသက်တာထဲမှာခံစားနေရပြီလားမိတ်
ဆွေ?
၁။ငိုကြွေးနေတဲ့အခါမျိုးမှာသင်ဝမ်းမြောက်မှုကိုမရသေးရင်၊
၂။ယုံကြည်ခြင်းအားနည်းတဲ့အခါသင်မစခြင်းတွေမခံစားရသေးရင်
၃။၇ောဂါအခြေနေကြောင့်စိုးရိမ်နေ သေးရင်၊
၄။မယုံသင်ကာဖြစ်နေသေးရင်၊
၅။ငြိမ်သက်ခြင်းစိတ်ချမ်းသာခြင်းမရရှိသေးရင်၊
၆။သေခြင်းတရား(အပြစ်)ကိုကြောက်နေသေးရင်၊
၇။ထာဝရအသက်မ သေချာသေးရင်…
မိတ်ဆွေ၊ယနေ့ ယေရှုခရစ်တော်ဘုရားရဲ့ရှင်ပြန်ထမြောက်ခြင်းတန်ခိုးကိုအကြွင်းမဲ့ယံုကြည်လက်ခံလိုက်ပါ။အခုဘဲဒူး ထောက်ဆုတောင်းအသနားခံလိုက်ပါ။သင့်အသက်တာမှာဒီအံ့သြဖွယ်ပြောင်းလဲမှု၇မျိုးဟာယခုဘဲသက်ရောက်လာပါလိမ့်မည်။ဖတ်ရှုသူအားလုံးပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။