• 周四. 4 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ခွင့်လွတ်ပြီးသားဆိုခွင့်လွတ်‌ပေးဖို့တောင်းပန်စရာလိုသေးလား?

ဆရာရဲမင်း

11 月 9, 2024

ခွင့်လွတ်ပြီးသားဆိုခွင့်လွတ်‌ပေးဖို့တောင်းပန်စရာလိုသေးလား?

မေးခွန်း-ကျွန်တော်တို့ခရစ်‌တော်ကိုယုံကြည်လက်ခံတဲ့အခါဘုရားသခင်ကကျွန်တော်တို့ရဲ့အပြစ်အားလုံးကိုခွင့်လွတ်လိုက်ပါပြီ။ဒါဆိုရင်အသက်တာမှာအားနည်းလို့အပြစ်ပြုမိတိုင်းဝန်ချတောင်းပန်နေရအုံးမှာလား?ခွင့်လွတ်ပြီးသားကိုခွင့်လွတ်ပါလို့ပြန်တောင်းနေတာအပိုအလုပ်တွေလား?
အဖြေ-ကယ်တင်ခြင်းနဲ့ခရစ်ယာန်အသက်တာကိုသေချာနားမလည်လို့ဒီမေးခွန်းပေါ်လာရတာပါ။အမှန်တော့သင်‌ယုံကြည်တဲ့ချိန်ကစကယ်တင်ခြင်းပိုင်းမှာလုံးဝသန့်ရှင်း‌ဖြောင့်မတ်သူ(အပြစ်ကင်းသူ)ဖြစ်ပါပြီ။ဒါပေမယ့်ခရစ်ယာန်အသက်တာမှာအားနည်းအပြစ်ပြုမိတတ်သေးပါတယ်၊ဒီအားနည်းချက်တွေကကယ်တင်ခြင်းကိုမထိခိုက်နိုင်ပေမယ့်ဘုရားသခင်နဲ့မိသဟာယဖွဲ့ခြင်း၊ဝိညာဉ်တော်ကိုစိတ်နာစေခြင်းဖြစ်စေနိုင်ပါတယ်။ဒီအားနည်းချက်တွေကိုလည်းဘုရားခွင့်မလွတ်သေးတာလည်းမဟုတ်ပါဘူး၊ခွင့်လွတ်မယ်လို့ကတိ‌ပေးပြီးသားပါ။ဒါပေမယ့်ယုံကြည်သူဖက်မှာဝန်ချတောင်းပန်ခြင်းနဲ့ခွင့်လွတ်ခြင်းကိုရယူဖို့ကျမ်းစာကသွန်သင်ထားပါတယ်(၁ယော၁:၉)။တနည်းအားဖြင့်ခွင့်လွတ်ပြီးသားကိုခွင့်လွတ်ပါလို့တောင်းပန်တာဟာခွင့်လွတ်ခြင်းမခံရသေးဘူးလို့ခံယူလို့မဟုတ်သလို၊ခွင့်မလွတ်မှာ‌စိုးရိမ်လို့မဟုတ်ပါဘူး၊ဘုရားသခင်နဲ့မိသဟာယကိုပြန်လည်တည်ဆောက်ဖို့၊မာန်နတ်ကိုအခွင့်မပေးဖို့၊အသက်တာပိုပြီးသန့်ရှင်းစေဖို့၊ဝိညာဉ်တော်ကိုစိတ်မနာစေဖို့ဖြစ်ပါတယ်။

တကယ်‌တော့ဒီ‌မေးခွန်းကဘာနဲ့တူလည်းဆိုတော့“‌ဘုရားသခင်အကုန်သိတယ်ဆိုရင်ဆု‌တောင်းစရာလိုသေးလား”နဲ့ဆင်ပါတယ်။ဘုရားသခင်ဟာကျွန်‌ တော်တို့ဆုမတောင်းခင်ဘာ‌‌တောင်းမလဲဆိုတာသိနှင့်နေပေမယ့်သူ့သားသမီးတွေဆုတောင်းမှာကိုလိုလားပါတယ်။ဒီလိုမဟုတ်ဘဲ“ငါဘာ‌တောင်းမလဲဆိုတာဘုရားသိပြီးသားမို့‌တောင်းစရာမလိုတော့ဘူးကျေးဇူးတော်ချီးမွမ်းရင်ရပြီ”ဆိုပြီးလုပ်မရပါ။ထို့အတူပါဘဲဘုရားသခင်ဟာကျ‌နော်တို့မတောင်းပန်ခင်ခွင့်လွတ်နိုင်‌ပေမယ့်အမှားကိုဝန်ချတောင်းပန်ဖို့သူနှစ်သက်တာပါ။ဒီခံယူချက်ကိုပိုပြီးခိုင်မာတိကျစေတာကကျမ်းစာမှာဒီလိုလုပ်ဖို့အများကြီးသွန်သင်ထားလို့ပါ၊ခွင့်လွတ်ပြီးသားမို့ခွင့်လွတ်ဖို့တောင်းခံစရာမလိုတော့ဘူးဆိုတာမျိုးတော့ကျမ်းစာမှာဘယ်နေရာမှရှာမတွေ့ပါ။

တချို့ကဟေဗြဲ၁၀:၁၀-၁၈ကိုယူပြီးအပြစ်ဝန်ချစရာမလိုတော့ဘူးလို့မှားယွင်းစွာခံယူနေတတ်ကြပါတယ်၊ဒါဟာအရိုက်အရာ(ကယ်တင်ခြင်း)ဆိုင်ရာစင်ကြယ်ခြင်းနဲ့ခရစ်ယာန်အသက်တာ(နေ့စဉ်အားနည်းမှု)ဆိုင်ရာသန့်ရှင်းစင်ကြယ်ခြင်းကိုမကွဲပြားသေးလို့ဖြစ်ပါတယ်၊အမှန်ကဟေဗြဲတကျမ်းလုံးထဲမှာအခန်းကြီး၁၂:၁၄ကလွဲလို့ကျန်တဲ့သန့်ရှင်းစင်ကြယ်ခြင်းဟာကယ်တင်ခြင်းပိုင်းဆိုင်ရာ(အရိုက်အရာ)ကိုဆိုလိုထားတာဖြစ်ပါတယ်။တနည်းအားဖြင့်ကယ်တင်ခြင်း(အရိုက်အရာ)အတွက်ဘာမှလုပ်စရာမလိုဘဲဘုရားသခင်ကစင်ကြယ်‌ပေးခဲ့တာဖြစ်ပြီး၊ဒီအတွက်‌ နောက်ထပ်ဘာမှထပ်လုပ်ဖို့မလိုတာပါ။အသက်တာပိုင်းမှာ‌တော့အားမနည်းအောင်ကိုယ်တိုင်နာခံလိုက်လျှောက်ရတာပါ။ဒါကိုကွဲပြားအောင်ယေရှုဖော်ပြပေးထားတဲ့ကျမ်းချက်လေးတချက်နဲ့ရှင်းပြပါရစေ…
ယော၁၃:၁၀မှာယေ​ရှု​ကတပည့် တော်တွေကို“ရေချိုးပြီးသူဟာတစ်ကိုယ်လုံးသန့်ရှင်းပြီမို့၊ခြေဆေးဖို့သာလိုတယ်”လို့သွန်သင်ထားတဲ့အချက်ပါ။ကျမ်းချက်အဓိပ္ပာယ်ကရေချိုးပြီးသန့်စင်ပြီဆိုတာကယ်တင်ခြင်းပိုင်းကိုဆိုလိုပါတယ်။ကယ်တင်ခြင်းအတွက်တခါထဲ‌နောင်တရယုံကြည်လိုက်တာ‌နဲ့ထာဝရသန့်ရှင်းဖြောင့်မတ်ပါပြီ။ခြေထောက်ဆေးရမယ်ဆိုတာကတော့ခရစ်ယာန်အသက်တာမှာနေ့စဉ်အပြစ်နဲ့နပန်းလုံးနေရသေးလို့အားနည်းတတ်တယ်၊အပြစ်ပြုမိတတ်တယ်၊ဒါကြောင့်အမြဲသန့်စင်နေရမယ်လို့ဆိုလိုတာပါ။တနည်းအားဖြင့်ခရစ်ယာန်ကယ်တင်ခြင်းပိုင်းမှာထပ်မံအပြစ်ဝန်ချပြီးနောင်တရ‌ပြောင်းလဲစရာမလိုတော့ပေမယ့်၊ခရစ်ယာန်အသက်တာပိုင်းမှာတော့အားနည်းမိတိုင်းမှာအမြဲဝန်ချတောင်းပန်နေရမှာပါ။လမ်းမှားသွားရင်အမြဲနောင်တရနေရမှာပါ။ဘာလို့လဲဆိုတော့အပြစ်နဲ့ပြည့်နက်နေတဲ့လောကထဲမှာလျှောက်လှမ်းနေရသေးလို့ပါ။

(ယေ​ရှု​က​လည်း၊ ရေ​ချိုး​ပြီး​သော​သူ​မည်​သည်​ကား၊ ခြေ​ဆေး​ခြင်း​မှ​တစ်​ပါး ဆေး​ရ​သော​အ​ကြောင်း​မ​ရှိ၊ တစ်​ကိုယ်​လုံး​စင်​ကြယ်၏။ သင်​တို့​သည် စင်​ကြယ်​သော်​လည်း အ​ချို့​မ​စင်​ကြယ်​ဟု မိန့်​တော်​မူ၏။ရှင်ယောဟန်ခရစ်ဝင်13:10)