သမ္မာကျမ်းစာအရဆန့်ကျင်ပါ။
၁။အဓမ္မအာဏာရှင်ကိုဆန့်ကျင်ပါ။
ဒါပေမယ့်ဒေါသထွက်ပြီးညစ်ညူးတဲ့စကားတွေနဲ့မဆဲမိပါစေနဲ့၊ဆဲထားတဲ့စာတွေလည်းအားရပါးရလိုက်မရှဲမိပါစေနဲ့။သင်ဟာယုံကြည်သူဘုရားသားသမီးဖြစ်တယ်ဆိုတာမမေ့သင့်ပါ။အမှုတော်ဆောင်ဆိုပိုသတိထားပါ။
(ဧဖက်ဩဝါဒစာ4:29ညစ်ညူးသော စကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာ သုံးဆောင်ကြလော့။)
၂။အဓမ္မအာဏာရှင်ကိုဆန့်ကျင်ပါ။
ဒါပေမယ့်မဟုတ်မမှန်သတင်းတွေမတင်မိပါစေနဲ့၊မရှဲမိပါစေနဲ့။သင်ဟာသမ္မာတရား(မှန်ကန်သော)ဘက်တော်သားဆိုတာမမေ့သင့်ပါ။အမှုတော်ဆောင်ဆိုရင်နောက်နောင်သင်ဟောတဲ့တရားကိုဘယ်သူယုံအုံးမှာလဲ?ဆင်ခြင်ပါ။
(သုတ္တံကျမ်း14:15 ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာလမ်းကို စေ့စေ့ ကြည့်ရှုတတ်၏။)
၃။အဓမ္မအာဏာရှင်ကိုဆန့်ကျင်ပါ။
ဒါပေမယ့်ဒီဆန့်ကျင်တဲ့ပိုင်းမှာမပြိုင်ဆိုင်ပါနဲ့၊ငါဒီလောက်လုပ်နေတယ်၊မင်းတို့ကောဘယ်လောက်လုပ်နေပြီလဲဆိုတာမျိုးနဲ့နိုင်းယှဥ်ပြီးသူတပါးကိုမပုပ်ချပါနဲ့။ဆွဲထူအားပေးပါ။သင်ဟာအားပေးနှစ်သိမ့်သူဖြစ်ရမှာမမေ့သင့်ပါ။
(၂ကော1:4 ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အား သက်သာစေတော်မူ၏။)
၄။အဓမ္မအာဏာရှင်ကိုဆန့်ကျင်ပါ။
ဒါပေမယ့်CDMမလုပ်မရဆိုပြီးအခြားသူကိုရန်ပြုဖိအားမပေးပါနဲ့၊ငြိမ်းချမ်းစွာတောင်းဆိုပြီးခေါ်ဆောင်ပါ။သင်ဟာငြိမ်းချမ်းရေးကိုရှေ့ရှုတဲ့ဘာသာဝင်တယောက်ဆိုတာမမေ့သင့်ပါ။
(တိတုဩဝါဒစာ3:2 ဘယ်သူကိုမျှမကဲ့ရဲ့၊ ရန်တွေ့ခြင်းကိုမပြု၊ ဖြည်းညင်းသော သဘောရှိ၍၊ ခပ်သိမ်းသော သူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှာလည်းကောင်း သတိပေးလော့။)
၅။အဓမ္မအာဏာရှင်ကိုဆန့်ကျင်ပါ။
ဒါပေမယ့်ကျမ်းစာမဖတ်နိုင်၊ဆုမတောင်းနိုင်၊အမှုတော်မဆောင်နိုင်၊ဘုရားမရှိခိုးနိုင်တဲ့ထိမဖြစ်စေပါနဲ့။သင်ဟာခရစ်ယာန်တယောက်ဆိုတာမမေ့သင့်ပါ။
(ဟေဗြဲဩဝါဒစာ10:25 လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစားကြလော့။)
၆။အဓမ္မအာဏာရှင်ကိုဆန့်ကျင်ပါ။
ဒါပေမယ့်ဒီခေတ္တအရာကြောင့်ထာဝရအရာကိုဥပေက္ခာမပြုမိပါစေနဲ့။သင့်အတွက်အရေးကြီးဆုံးဟာဟာထာဝရဆိုတာမမေ့ပါနဲ့။နိုင်ငံသားတယောက်အနေနဲ့လုပ်သင့်တာလုပ်ရင်းထာဝရကိုဦးထိပ်ထားအသက်ရှင်ပါ။
(၂ကော 4:17 အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်ကြစဉ်အခါ၊ ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။)
၇။အဓမ္မအာဏာရှင်ကိုဆန့်ကျင်ပါ။
ဒါပေမယ့်ဘုရားမကြိုက်တဲ့နည်းလမ်းဖြစ်တဲ့လိမ်လည်ခြင်း၊ရန်ဖြစ်ခြင်း၊ဆဲဆိုခြင်း၊ရုန်းရင်းဆန်ခတ်ဖြစ်စေခြင်း၊သူတပါးကိုနာကျင်စေခြင်းအစရှိတဲ့မသမာနည်းနဲ့မလုပ်ကြပါနဲ့။သင်ဟာလောကရဲ့အလင်းနဲ့လောကရဲ့ဆားဖြစ်တာမမေ့သင့်ပါ။
(ရှင်မဿဲခရစ်ဝင်5:13-14 သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။)