ခရစ်ယာန်အသက်တာအခြေခံခြေလှမ်း(၅)ချက်
နိဒါန်း
ကယ်တင်ခြင်းဟာယုံကြည်ရုံနဲ့ ကျေးဇူးတော်အားဖြင့်(အကျင့်မလိုဘဲ)အခမဲ့ရရှိခဲ့ပြီဆိုပေမဲ့၊ခရစ်ယာန်အသက်တာလျှောက်လှမ်းဖို့တော့လုပ်ဆောင်မှု(အကျင့်)လိုအပ်နေပါတယ်။ကယ်တင်ခြင်းရဖို့ကျင့်နေတာမဟုတ်ပေမဲ့၊အသက်တာသန့်ရှင်းအောင်၊အောင်မြင်အောင်ကျင့်ဆောင်ရတာပါ။ဒါကြောင့်ခရစ်ယာန်အသက်တာမှာမဖြစ်မနေလုပ်ရမဲ့အလုပ်၅ခုကိုဖော်ပြပါမယ်။
၁။ဆုတောင်းခြင်း
နေ့စဉ်ဆုတောင်းခြင်းဟာဘုရားသခင်နဲ့နေ့စဉ်စကားပြောနေခြင်းဘဲဖြစ်ပါတယ်။ဒါဟာဝိညာဉ်အသက်တာမှာမရှိမဖြစ်လိုအပ်နေတဲ့အသက်ရှူခြင်းလိုပါဘဲ၊ဆုတောင်းတဲ့အသက်တာမရှိရင်ခရစ်ယာန်အသက်တာမှာအသက်ရှူမဝဘဲအသက်အန္တာရာယ်ရှိလာနိုင်ပါတယ်။
(၁သက်၅:၁၇မခြားမလပ် ဆုတောင်းပတ္ထနာပြုကြလော့။)
၂။ကျမ်းစာဖတ်ရှုခြင်း
နေ့စဉ်ဆုတောင်းခြင်းဟာကိုယ်ပြောချင်တာကိုဘုရားဆီတင်ပြတာဖြစ်ပြီး၊နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းက တော့ဘုရားပြောမဲ့စကားကိုနားထောင်ခံယူခြင်းဘဲဖြစ်ပါတယ်။ဒါဟာဝိညာဉ်အသက်တာမှာကြီးထွားဖို့အစာအာဟာရစား သောက်ရသလိုအရေးကြီးပါတယ်။နေ့စဉ်သမ္မာကျမ်းစာကိုဖတ်ရှုခြင်းနဲ့နားစဥ်ခြင်းမရှိရင်ခရစ်ယာန်အသက်တာဟာပိန်ခြောက်ဖျားနာနေနိုင်ပါတယ်။
(ဆာလံ၁:၂ထာဝရဘုရား၏တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညမပြတ်ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။)
၃။ဧဝံဂေလိမှာပါဝင်ခြင်း
အသက်ရှူခြင်းနဲ့ထမင်းစားခြင်းကအရေးကြီးသလို၊လေ့ကျင့်ခန်းလုပ်ခြင်းကလဲကျန်းမာရေးအတွက်အင်မတန်အရေးကြီးပါတယ်။ခရစ်ယာန်တစ်ယောက်ရဲ့အသက်တာမှာဧဝံဂေလိလုပ်ခြင်းဟာဝိညာဉ်ရေးရာလေ့ကျင့်ခန်းလုပ်ခြင်းလိုပါဘဲ၊ပိုလုပ်လေလေအကျိုးကောင်းကြီးရလေလေပါ။ဒီထဲမှာပေးလှူခြင်းအပါအဝင်ပါ။မလုပ်ဘဲနေရင်တော့ရောဂါများလာတတ်ပြီးဖျားနာလာနိုင်ပါတယ်။
(၂တိ၄:၂ နှုတ်ကပတ်တရားတော်ကို ပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကို ဖော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။)
၄။အချင်းချင်းချစ်ခြင်း
ယုံကြည်သူချင်းမိသဟာရပြုခြင်းအပါအဝင်၊ကိုယ်နှင့်စပ်ဆိုင်သောသူတိုင်းကိုမေတ္တာထားခြင်းပါ။ဒါဟာလူတစ်ယောက်မှာမိသားစုအသိုက်အမြုံကအရေးကြီးသလို၊ဝိညာဉ်ရေးရာမှာလည်းအချင်းချင်းချစ်မေတ္တာထားခြင်းကမိသားစုပမာအရေးကြီးပါတယ်။ကိုယ်တစ်ယောက်ထဲယုံကြည်ပြီးတစ်ယောက်ထဲနေလို့မရပါဘူး၊အများနဲ့မိသဟာယဖွဲ့ဖို့ကဝိညာဥ်ရေးရာမိသားစုရှိခြင်းဘဲဖြစ်ပါတယ်။
(၁ယော၃:၂၃ဘုရားသခင်၏ ပညတ်တော်ဟူမူကား၊ သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။ သားတော် ပညတ်တော်မူသည်အတိုင်း၊ အချင်းချင်း ချစ်ရမည်ဟူသော ပညတ်တော်ပေတည်း။)
၅။ချီးမွမ်းကိုးကွယ်ခြင်း
အသင်းတော်ရဲ့ချီးမွမ်းကိုးကွယ်ခြင်းမှာပါဝင်ရမှာဖြစ်သလို၊အပြင်မှာရောက်နေရင်လဲအမြဲတမ်းချီးမွမ်းကိုးကွယ်မှုရှိနေရပါမယ်။ဒါဟာဘုရားသခင်ကိုယုံကြည်ကြောင်းသက်သေဖြစ်သလို၊ဘုရားသခင်ကိုမိမိရဲ့အရှင်သခင်အဖြစ်နေရာပေးဝန်ခံခြင်းပါ။
(ဆာလံ၉၅:၆-၇လာကြ။ ပျပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။ ထာဝရဘုရားသည် ငါတို့၏ဘုရားဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ အထံတော်၌ ကျက်စားသောသူ၊ လက်တော်အောက်၌ နေသောသိုးစုဖြစ်ကြ၏။)
နိဂုံး
ခရစ်ယာန်အသက်တာအခြေခံခြေလှမ်း(၅)ချက်
၁။ဆုတောင်းခြင်း-ဝိညာဉ်အသက်ရှူခြင်း။
၂။ကျမ်းစာဖတ်ခြင်း-ဝိညာဉ်အစာစားခြင်း။
၃။ဧဝံဂေလိပြု-ဝိညာဥ်ကျန်းမာရေးကောင်းချီး။
၄။အချင်းချင်းချစ်ခြင်း-ဝိညာဥ်မိသားစုအသက်တာ။
၅။ချီးမွမ်းကိုးကွယ်ခြင်း-ဝိညာဉ်ထာဝရဝင်စားဖို့အသင့်ရှိခြင်း။