• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ပင်တေကုတ္တေနေ့အကြောင်း

ဆရာရဲမင်း

11 月 19, 2024

ပင်တေကုတ္တေနေ့အကြောင်း

ပင်တေကုတ္တေနေ့ကိုသန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ရာနေ့၊အသင်းတော်မွေးနေ့စသဖြင့်ခေါ်တွင်ပါတယ်။
ပင်တေကုတ္တေနေ့ဟာသမ္မာဟောင်းကျမ်းရဲ့သီတင်းခုနှစ်သီတင်းပွဲကိုအခြေခံထားတာပါ။ဣသရေလလူမျိုးတွေဟာNisan(နီဆန်)လ၁၆ရက်နေ့(အဦးသီးပူဇော်ပွဲဥပုသ်အလွန်ယဇ်ပရောဟိတ်ကြီးကနေချီလွှဲရာပူဇော်သက္ကာကောက်လှိုင်းကို ပူဇော်တဲ့နေ့)ကနေခုနှစ်ပတ်ရေတွက်ရပါတယ်။49ရက်ဖြစ်တဲ့(၇)ခုသောဥပုသ်နေ့ပြည့်ပြီးအလွန်ပထမတစ်ရက်(ရက်၅၀ပြည့်)မှာခုနှစ်သီတင်းပွဲကိုပြုလုပ်ကြရပါတယ်။(၇)ရက်(၇)ပတ်ပြည့်တဲ့နေ့မို့ခုနှစ်သီတင်းပွဲလို့ခေါ်တွင်ပါတယ်။နောက်ပိုင်းဒီပွဲကိုဂရိလိုနဲ့ဓမ္မသစ်ကျမ်းရေးတဲ့သူတွေဟာဂရိစကားလုံးpentecostē′(ရက်၅၀ပြည့်)ပင်တေကုတ္တေဆိုပြီးခေါ်ဆိုရေးသားခဲ့ကြတာပါ။(ထွက်၃၄:၂၂၊တောလည်၂၈:၂၆-၃၁၊ဝတ်ပြု ၂၃:၁၅-၂၁) ။

ဒါကြောင့်ယနေ့ဓမ္မသစ်မှုအသုံးပြုနေတဲ့ပင်တေကုတ္တေ ဆိုတာ ဂရိစကားလုံးကpentecostē′(ပင်တယ်ကိုစ်တယ်)ကနေဆင်းသက်လာပြီးဒီဂရိစကားလုံးအဓိပ္ပာယ်ကတော့၅၀ရက်ဖြစ်ပါတယ်။မြန်မာလိုကတော့ဆရာယုဒသန်ကပင်တေကုတ္တေဆိုပြီးမူရင်းအသံထွက်ကိုဒဲ့ယူထားတာပါ။ဒါကြောင့်မြန်မာလိုရှင်းရှင်းလေးဘာသာပြန်ရရင်ရက်၅၀ပြည့်ပွဲလို့ခေါ်ရမှာပါ။ပသခါပွဲနေ့ကစရေတွက်ပြီးရက်၅၀ရောက်တဲ့နေ့ဖြစ်သလိုယနေ့ခရစ်ယာန်အသင်းတော်များရဲ့ရက်မြတ်အနေနဲ့တွက်မယ်ဆိုရင်သခင်ယေရှုရှင်ပြန်ထမြောက်တဲ့နောက် ရက်ပေါင်း၅၀ပြည့်တဲ့နေ့ဟာပင်တေကုတ္တေနေ့ဘဲဖြစ်ပါတယ်။

ဓမ္မဟောင်းကျမ်းမှာဒီခုနှစ်သတင်းပွဲ(ပင်တေကုတ္တေပွဲ)မှာဣသရေအမျိုးသားအားလုံးဗိမာန်တော်အရောက်လာပြီးဥပုသ်စောင့်ကြရပါတယ်။ထာဝရဘုရားရှေ့မှာချီလွဲသောပူဇော်သကာ၊မီရှို့ရာယဇ်၊မိဿဟာယယဇ်နဲ့အပြစ်ဖြေရာယဇ်အသီးသီပူဇော်ရပါတယ်။တချိန်ထဲမှာကောက်သစ်တွေအတွက်ကျေးဇူးတော်ချီးမွမ်းရသလိုမောရှေအားဖြင့်ပညတ်တော်ပေးခဲ့တဲ့နေ့မို့‌ အောက်မေ့အမှတ်တရကျေးဇူးတင်ကြတာပါ။

ဓမ္မသစ်ကိုရောက်လာတဲ့အခါအဲဒီပင်တေကုတ္တေနေ့မှာတမန်တော်တွေစုဝေးနေတဲ့ချိန်သန့်ရှင်းသောဝိညာဉ်တော်ဘုရားဟာမီးလျံနဲ့မီးလျှာလိုသူတို့ပေါ်အသီးသီးဆင်းသက်ပြီးဧဝံဂေလိကိုအကြီးကျယ်လုပ်ခဲ့ကြပါတယ်။အဲဒီနေ့မှာဘဲလူပေါင်း(၃၀၀၀)လောက်ဟာခရစ်တော်ကိုယုံကြည်လက်ခံပြီး”အသင်းတော်”ဆိုတဲ့အရာအစပြုပေါ်ပေါက်ခဲ့ပါတယ်။အဲဒီနေ့ကနေစပြီးပင်တေကုတ္တေနေ့ကိုသန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ရာနေ့လိုလဲခေါ်ပြီး၊အသင်းတော်အသီးသီးမှာသန့်ရှင်းသောဝိညာဉ်တော်တန်ခိုးဖြင့်ဧဝံဂေလိလုပ်ကြဖို့နိုးဆော်တဲ့အသင်းတော်ရက်မြတ်တခုအနေနဲ့အမှတ်ရကျင်းပလာကြတာယနေ့ထိတိုင်ပါဘဲ။