• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယေရှုခရစ်‌ရဲ့မွေးရင်းညီနဲ့နှမများ

ဆရာရဲမင်း

11 月 19, 2024

ယေရှုခရစ်‌ရဲ့မွေးရင်းညီနဲ့နှမများ

မယ်တော်မာရိမှာယေရှုခရစ်ကလွဲလို့တခြားသားသမီးမရှိခဲ့ဘူးလား( ယေရှုမှာညီနဲ့နှမရှိမရှိ)ဆိုတာကိုမေးလာလို့ကျမ်းစာအရအနည်းငယ်ချပြပါ့မယ်။သတိထားရမှာကယေရှုခရစ်ကိုမမွေးခင်အထိမာရိဟာအပျိုစင်စစ်စစ်ပါ၊ယေရှုကိုမွေးပြီးနောက်တော့သာမန်အမျိုးသမီးတွေလိုအိမ်ထောင်သားသမီးရှိခဲ့ကြောင်းဖော်ပြပါမယ်။

၁။ယေရှုခရစ်ကိုမွေးပြီးနောက်မာရိဟာယောသပ်နဲ့အိမ်ထောင်ပြုပြီးသားသမီးဆက်မွေးခဲ့ကြောင်းကျမ်းစာအရနားလည်ရပါတယ်။
မဿဲ၁:၂၅ သို့​သော်​လည်း၊ သား​ဦး ကို မ​ဖွား​မီ​တိုင်​အောင် သံ​ဝါ​သ​မ​ပြု​ဘဲ​နေ၏။ ထို​သား​ကို​လည်း ယေ​ရှု​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။
လုကာ၂:၇သား​ဦး​ကို​ဖွား​မြင်၍ အ​ဝတ်​နှင့်​ပတ်​ရစ်​ပြီး​မှ၊ ဧည့်​သည်​တည်း​ရာ​ဇ​ရပ်၌ သူ​တို့​နေ​စ​ရာ​မ​ရှိ​သော​ကြောင့်၊ သူ​ငယ်​ကို နွား​စား​ခွက်၌ သိပ်​ထား​လေ၏။
(ရှင်မဿဲနဲ့လုကာရေးတဲ့“သားဦး”ဆိုတာသူ့နောက်မှာသားတွေဆက်ရှိကြောင်း‌ဖော်ပြတဲ့အ‌ရေးအသားပါ)။

၂။မဿဲ၁၂:၄၆၊မာကု၃:၃၁၊လုကာ၈:၁၉-၂၁မှာတူညီတဲ့ကိစ္စရပ်တခုမှတ်တမ်းတင်ထားပါတယ်။အဲတာကတော့ယေရှုကိုသူ့မိခင်နဲ့ညီတွေလာရှာခြင်းပါ။တနည်းအားဖြင့်ယေရှုခရစ်မှာမွေးရင်းညီတွေရှိကြောင်းသက်သေပါ။
(မဿဲ၁၂:၄၆ထို​သို့ ပ​ရိ​သတ်​တို့​အား ဟော​တော်​မူ​စဉ်​တွင်၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် နှုတ်​ဆက်​လို၍ ပြင်​မှာ ရပ်​နေ​ကြ၏။)
(မာကု၃:၃၁ထို​အ​ခါ မယ်​တော်​နှင့် ညီ​တော်​တို့​သည် လာ၍ ပြင်​မှာ​ရပ်​နေ​လျက်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​ကို ကိုယ်​တော်​ထံ​သို့ စေ​လွှတ်၍ ခေါ်​ကြ၏။)
(လုကာ၈:၁၉-၂၁ထို​အ​ခါ မယ်​တော်​နှင့် ညီ​တော်​တို့​သည် လာ၍ စည်း​ဝေး​သော​သူ​များ​သော​ကြောင့်၊ ကိုယ်​တော်​ရင်း​သို့ မ​ချဉ်း​ကပ်​နိုင်​ဘဲ နေ​ကြ၏။)

၃။ကျမ်းစာအရယေရှုခရစ်မှာမွေးရင်းညီ၄ယောက်(နာမည်နှင့်တကွ)နဲ့နှမတွေရှိကြောင်းဖော်ပြပါတယ်။
မဿဲ၁၃:၅၅-၅၆သူ​သည် လက်​သ​မား​သား မ​ဟုတ်​လော။ သူ့​အ​မိ​ကား မာ​ရိ​အ​မည်​ရှိ​သည် မ​ဟုတ်​လော။ သူ့​ညီ​ကား၊ ယာ​ကုပ်၊ ယော​သေ၊ ရှိ​မုန်၊ ယု​ဒ​ဟု​ဆို​ကြ​သည် မ​ဟုတ်​လော။- သူ့​နှ​မ​များ​တို့​သည်​လည်း ငါ​တို့​နှင့် အ​နီး​အ​ပါး​နေ​ကြ​သည် မ​ဟုတ်​လော။

၄။ညီတော်တွေကအကိုဖြစ်တဲ့ယေရှုခရစ်ကိုနဂိုကမယုံကြည်ကြခဲ့ပါဘူး။နောက်ပိုင်းမှယုံလာကြတာပါ။
ယောဟန်၇:၁-၅ ထို​နောက်​မှ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်၌ လှည့်​လည်​တော်​မူ၏။ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ယု​ဒ​ပြည်၌ လှည့်​လည်​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။ ယု​ဒ​လူ​တို့၏ သ​ကေ​နေ​ပွဲ​ခံ​ခါ​နီး​တွင်၊- ညီ​တော်​တို့​က၊ သင်​ပြု​သော​အ​မှု​တို့​ကို တ​ပည့်​များ​တို့​သည် မြင်​စေ​ခြင်း​ငှာ ဤ​အ​ရပ်​မှ​ထွက်၍ ယု​ဒ​ပြည်​သို့​ကြွ​ပါ။- ကျော်​စော​ကိ​တ္တိ​ကို အ​လို​ရှိ​သော​သူ​မည်​သည်​ကား မ​ထင်​ရှား​သော​အား​ဖြင့် အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​တတ်။ ဤ​အ​မှု​တို့​ကို သင်​သည်​ပြု​လျှင်၊ ဤ​လော​က၌ ကိုယ်​ကို​ထင်​ရှား​စွာ ပြ​ပါ​ဟု၊- မ​ယုံ​ကြည်​သော​ကြောင့် ယေ​ရှု​အား​ဆို​ကြ၏။

၅။ယုဒရှကာယုတ်နေရာအစားထိုးတမန်တော်ခန့်ဖို့ဆု‌တောင်းစည်းဝေးတဲ့လူ(၁၂၀)မှာမယ်တော်နဲ့ညီတော်တို့လဲပါဝင်ခဲ့ ကြောင်း‌ကျမ်းစာကဖော်ပြပါတယ်။
တမန်၁:၁၄ထို​သူ​အ​ပေါင်း​တို့​သည် ယေ​ရှု၏​မယ်​တော်​မာ​ရိ​မှ​စ၍ မိန်း​မ​တို့​နှင့်​လည်း​ကောင်း၊ ညီ​တော်​တို့​နှင့်​လည်း​ကောင်း၊ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။

၆။ယာကုပ်ဟာယေရှုခရစ်ရဲ့ညီတော်ဖြစ်ကြောင်းရှင်ပေါလုကလည်းသက်သေခံပြောဆိုခဲ့ပါတယ်။
ဂလာ၁:၁၈-၁၉ ထို​နောက် သုံး​နှစ်​လွန်​ပြီး​မှ ပေ​တ​ရု​ကို အ​ကျွမ်း​ဝင်​လို​သော​ငှာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ သူ​နှင့်​အ​တူ တစ်​ဆယ်​ငါး​ရက်​နေ၏။သူ​နှင့် သ​ခင်​ဘု​ရား၏​ညီ​တော် ယာ​ကုပ်​မှ​တစ်​ပါး အ​ခြား​သော တ​မန်​တော်​တစ်​ယောက်​ကို​မျှ ငါ​မ​တွေ့​မ​မြင်။

၇။အရင်းနဲ့ဝမ်းကွဲမူရင်းစကားလုံး
တချို့ကဒီ“ညီတော်”တွေဟာဝမ်းကွဲတွေသာဖြစ်တယ်လို့ပြောတာရှိပါတယ်။အမှန်ကမူရင်းဂရိစကားလုံးကိုလေ့လာရင်ဒါဟာ ဝမ်းကွဲမဟုတ်ဘဲ၊မွေးရင်းညီတွေဖြစ်ကြောင်းသိရပါမယ်။ဘာလို့လဲဆို‌တော့ဂရိလိုမှာညီဝမ်းကွဲလို့သုံးရမဲ့စကားလုံးရှိနေပေမဲ့ကျမ်းစာမှာညီလို့သာသုံးထားလို့ဖြစ်ပါတယ်။
(ညီအရင်းကိုမူရင်းဂရိလို“adelphos”နဲ့သုံးပြီး၊သာမန်ညီဝမ်းကွဲကိုဂရိလို“anepsios”နဲ့သုံးပါတယ်။သက်‌သေအနေနဲ့၊ဂလာတိ၄:၁၀မှာမာကုဟာဗာနဗနဲ့ညီဝမ်းကွဲဖြစ်ကြောင်းဒီစကားလုံးကိုအသုံးပြုထားပါတယ်)။

၈။မိခင်နဲ့အမြဲနေခြင်းသက်သေ
နောက်တခုကညီတော်တွေကိုဖော်ပြတိုင်းမှာသူတို့တွေဟာမယ်တော်နဲ့အတူအမြဲရှိနေတာကလည်းသက်သေခိုင်လုံစေတဲ့အရာပါ။သမ္မာကျမ်းစာ(ယော၂:၁၂၊မဿဲ၁၂:၄၆-၄၇၊တမန်၁:၁၄)မှာမယ်တော်ကိုဖော်ပြတိုင်းညီတော်တွေနဲ့အမြဲအတူရှိနေတာတွေ့ရပါတယ်။အကယ်၍ညီဝမ်းကွဲတွေဆိုရင်ကိုယ့်အဒေါ်နဲ့အမြဲနေနေမှာမဟုတ်ပါဘူး။အမြဲနေနေခြင်းကမိသားစုဝင်မှန်းသက်သေထင်ရှားလှပါတယ်။

၉။ယေရှုထက်အသက်ငယ်နေခြင်းသက်သေ
နောက်တချို့ကယောသပ်အသက်ကြီးသူဖြစ်လို့မာရိမတိုင်ခင်နဂိုအိမ်ထောင်သားသမီးတွေရှိခဲ့တာလို့ဆိုကြပြန်ပါတယ်၊ဒါဆိုရင်စဉ်းစားရမှာကဒီရှေ့အိမ်ထောင်ကကလေးတွေဟာယေရှုထက်ကြီးနေတာမို့ယေရှုရဲ့ညီတော်လို့ကျမ်းစာကပြောစရာမရှိပါ၊မိသားစုလိုက်အီဂျစ်ကိုထွက်ပြေးရတုန်းကအပါအဝင်တခြားဘယ်နေရာမှာမှယောသပ်ရှေ့အိမ်‌ထောင်သားသမီးရှိကြောင်းမဖော်ပြပါ။ဒါကြောင့်ယောသပ်ကိုအရင်အိမ်ထောင်ရှိခဲ့ကြောင်းအဆိုကဘယ်လိုမှမဖြစ်နိုင်ပေ။

ငြင်းခုန်ဖို့မဟုတ်ပါ၊နားလည်စေဖို့သာတင်ပြခြင်းဖြစ်ပါတယ်။ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။