• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

နိစိန်ယုံကြည်ချက်(The Nicene Creed)

ဆရာရဲမင်း

11 月 19, 2024

နိစိန်ယုံကြည်ချက်(The Nicene Creed)

နိစိန်ယုံကြည်ချက်(တချို့ကနိုင်စင်းယုံကြည်ချက်လို့အသံထွက်ကြပါတယ်။)ဆိုတာ AD325 ခုနှစ်တုန်းကပထမဆုံးကနဦးအသင်းတော်အစည်းဝေးကြီးကနေပေါ်ပေါက်လာခဲ့တဲ့ယုံကြည်မှုဆိုင်ရာပြဒါန်းချက်တစ်ရပ်ဖြစ်ပါတယ်။နိစိန်ဆိုတဲ့‌မြို့မှာပြုလုပ်တဲ့အတွက်ကြောင့်ဒီယုံကြည်ကြေငြာချက်ကိုလည်းနိစိန်ယုံကြည်ချက်လို့အမည်သွင်လာတာဖြစ်ပါတယ်။

နိစိန်ယုံကြည်ချက်ပေါ်ပေါက်လာရတဲ့အဓိကအကြောင်းရင်းက၊အဲဒီခေတ်ကာလမှာ အားရီရပ်စ်(Arius, 256-336)ဆိုသူရဲ့ခံယူဟောပြောမှုတခုကြောင့်အသင်း‌တော်တွေကွဲပြားလာလို့ဖြစ်ပါတယ်။အဲဒါကတော့ခမည်းတော်ကသားတော်ယေရှုကိုဖန်ဆင်းပါတယ်ဆိုပြီး၊ယေရှုခရစ်တော်ဟာခမည်းတော်ထက်ငယ်တဲ့ဖန်ဆင်းခံဘုရားဖြစ်ကြောင်းဟောပြောလာလို့ပါ။ဒီခံယူချက်ကသွင်ကျယ်လာပြီးအသင်း‌တော်တွေကွဲပြားလာကြတာမို့ကနဦးအသင်းတော်ခေါင်းဆောင်(၃၁၈)ယောက်ဟာနိစိန်ဆိုတဲ့မြို့မှာချိန်းချက်ပြီးအစည်းအဝေးပြုလုပ်ခဲ့ရကြပါတယ်။အဲဒီအစည်းအဝေးမှာဘဲအာရီးရပ်စ်ရဲ့ခံယူချက်ကိုအယူလွဲလို့သတ်မှတ်ကြပါတယ်။

တဆက်ထဲမှာဘဲအဲဒီနိစိန်အစည်းအဝေးကြီးမှာဒီအယူလွဲနဲ့ပက်သက်ပြီးချေပချက်ကိုအတူတူ ဆွေးနွေးအဖြေရှာသဘောတူပြီးထုတ်ပြန်ပြဒါန်းခဲ့ကြပါတယ်။အဲဒီချေပပြဒါန်းချက်ကိုအစည်းအဝေးပြီးတာနဲ့အနယ်နယ်အရပ်ရပ်မှာရှိတဲ့အသင်းတော်တိုင်းကိုရေးသားပို့ဆောင်စေခဲ့ပါတယ်။အဲဒီချေပပြဒါန်းချက်ကတော့ယနေ့တိုင်အောင်ခရစ်ယာန်အသင်းတော်အများစုမှာအခြေခံယုံကြည်ချက်အဖြစ်ခံယူထားတဲ့နိစိန်ယုံကြည်ချက်ဘဲဖြစ်ပါတယ်။တချို့အသင်းတော်မှာဒီယုံကြည်ချက်ကိုတနင်္ဂနွေဝတ်ပြုတိုင်းအတူတကွဖတ်ရွတ်ကြပါတယ်။

နိစိန်ယုံကြည်ချက်(The Nicene Creed)
၁။အရာခပ်သိမ်းကိုဖန်ဆင်းတော်မူသော၊တစ်ဆူတည်းသောအနန္တတန်ခိုးရှင်ခမည်းတော်ဘုရားသခင်ကိုအကျွန်ုပ်ယုံကြည်ပါ၏။
၂။ဖန်ဆင်းခြင်းမှမဟုတ်ဘဲ၊အစအဦး၌ပင်ခမည်းတော်ဖြစ်ပွားစေတော်မူသော၊ဘုရားမှဘုရား၊အလင်းမှအလင်း၊မုချဘုရားဖြစ်တော်မူသော၊ခမည်းတော်နှင့်တလုံးတဝတန်းတူဖြစ်တော်မူသော၊အရာခပ်သိမ်းကိုသူ့အားဖြင့်ဖန်းဆင်းတော်မူသော၊ယေရှုခရစ်တော်ဘုရားကိုအကျွန်ုပ်ယုံကြည်ပါ၏။
၃။ယေရှုခရစ်တော်သည်လူသားအားလုံးကိုကယ်တင်ဖို့ရန်၊ကောင်းကင်ဘုံမှဆင်းသက်တော်မူပြီး၊သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကညာမာရိဝမ်း၌သန္ဓေတည်တော်မူလျက်၊လူ့ဇာတိယူဆောင်တော်မူသည်ကိုအကျွန်ုပ်ယုံကြည်ပါ၏။
၄။ယေရှုခရစ်တော်သည်ကျွန်ုပ်တို့အဖို့ပုန္တိပိလတ်မင်းလက်ထက်၌ဒုက္ခဝေဒနာခံယူပြီး၊ကားတိုင်တော်မှာကွက်မျက်အသေခံတော်မူလျက်၊သင်္ဂြိုလ်ခံတော်မူကြောင်းကိုအကျွန်ုပ်ယုံကြည်ပါ၏။
၅။ယေရှုခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းသုံးရက်မြောက်သောနေ့တွင်သေရာမှရှင်ပြန်ထမြောက်‌ပြီး၊ကောင်းကင်ပေါ်သို့တက်ကြွလျက်၊ခမည်းတော်၏လက်ယာတော်ဖက်မှာစံမြန်းနေတော်မူ‌ကြောင်းကိုအကျွန်ုပ်ယုံကြည်ပါ၏။
၆။ယေရှုခရစ်တော်သည်သေသူ၊ရှင်သူတို့ကိုတရားစီရင်ခြင်းငှါ၊ ဘုန်းအာနုဘော်တော်နှင့်တစ်ဖန် ကြွလာတော်မူမည်ဖြစ်ကြောင်း၊အဆုံးမဲ့ထာဝရနိုင်ငံ တော်ကိုပိုင်သတော်မူကြောင်းကိုအကျွန်ုပ်ယုံကြည်ပါ၏။
၇။ခမည်းတော်၊သားတော်တို့ထံမှထွက်ကြွတော်မူသော၊ခမည်းတော်သားတော်တို့ နှင့်အတူချီးမွမ်းကိုးကွယ်ခြင်းကိုခံထိုက်တော်မူသော၊အသက်ပေးပိုင်တော်မူသော၊ပရောဖက်တို့အားဖြင့်ဗျာဒိတ်ပေးတော်မူထသော၊ သန့်ရှင်းသောဝိညာဉ်ဘုရားကိုလည်းအကျွန်ုပ်ယုံကြည်ပါ၏။
၈။တမန်တော်တို့မှဆက်နွယ်ဆင်းသက်၍တစ်ပါးတည်းသော၊သန့်ရှင်းသော၊ကမ္ဘာလုံးဆိုင်ရာအသင်းတော်ကိုလည်းအကျွန်ုပ်ယုံကြည်ပါ၏။
၉။အပြစ်ဖြေလွှတ်ခွင့်ရှိသော၊တစ်ပါးတည်းသော ဗတ္တိဇံမင်္ဂလာဝတ်ကိုလည်း အကျွန်ုပ်ဝန်ခံပါ၏။
၁၀။သေသူတို့၏ ရှင်ပြန်ထမြောက်ခြင်းနှင့်၊တမလွန်ဘဝ၌အသက်ရှင်ခြင်းကိုအကျွန်ုပ်မျှော်လင့်ပါ၏။
အာမင်။

ဝန်ခံချက်
မူရင်းနိစိန်ယုံကြည်ချက်မှာအချက်များခွဲ၍မထားပါ။စာဖတ်သူများမှတ်မိလွယ်အောင်၊ဖတ်ကောင်းအောင်ကျွန်တော်ကနေအချက်၁၀ချက်ခွဲထားခြင်းဖြစ်ပါသည်။ကိုယ်တိုင်ဘာသာပြန်ထားတာမို့အမှားပါရင်ကျွန်တော်(ဆရာရဲမင်း)ရဲ့အားနည်းချက်ဖြစ်ကြောင်းဝန်ခံပါတယ်။