သမ္မာကျမ်းစာမှသေခြင်း(၅)မျိုး
၁။ဘုရားသခင်နှင့်ဝေးကွာရသောသေခြင်း
(ကမ္ဘာဦး၂:၁၇ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။)
စားတဲ့နေ့မှာသေရမယ်လို့ဘုရားတားမြစ်ထားတဲ့အသီးကိုအာဒံဧဝကစားမိခဲ့ပေမဲ့၊အဲဒီစားတဲ့နေမှာခန္ဓာချက်ချင်းမသေခဲ့ပါ။အမှန်တော့ဒီမှာဆိုလိုချင်တဲ့သေခြင်းကဘုရားသခင်နဲ့ဝေးကွာရခြင်းကိုအဓိကရည်ညွန်းတာဖြစ်ပါတယ်။တနည်းအားဖြင့်ဝိညာဉ်ရေးရာသေခြင်းဖြစ်ပါတယ်။
၂။ကိုယ်ခန္ဓာသေခြင်း
(ရောမ ၅:၁၂ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရား ဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။)
ဘုရားသခင်က ကနဦးမှာလူကိုဖန်ဆင်းတဲ့အခါလူတွေသေဖို့၊သေတတ်အောင်ဖန်ဆင်းခဲ့တာမဟုတ်ပါ။ဧဒင်ဥယျဉ်မှာထာဝရပျော်ရွှင်စွာနေဖို့ဖန်ဆင်းထားတာပါ။ဒါပေမဲ့လူတွေကဘုရားစကားနားမထောင်ဘဲအပြစ်ပြုလို့အာဒံကစပြီးလူသားတိုင်းခန္ဓာသေတတ်လာတာဖြစ်ပါတယ်။အာဒံခေတ်ကတော့အသက်(၉၀၀)ကျော်မှသာသေကြပြီး၊အခုခေတ်ကတော့အသက်(၈၀-၁၀၀)မှာသေကြရပါတယ်။ဒါတောင်အကြောင်းအမျိုးမျိုးကြောင့်စောစောသေတာရှိပါသေးတယ်။
၃။ခရစ်တော်၌လူဟောင်းဇာတိသေခြင်း
(ရောမ၆:၆ထိုမှတစ်ပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှ အပြစ်တရား၏အစေကို မခံစေခြင်းငှာ၊ အပြစ်တရား၏ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း။)
ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်ပြောင်းလဲလာတဲ့အခါ၊အရင်ကဆဲဆိုရိုင်းစိုင်းခြင်း၊အရင်ကလိမ်လည်ခြင်း၊သောက်စားမူးယစ်ခြင်း၊အပြစ်ဘဲလုပ်နေတတ်ခြင်း၊စသဖြင့်ပြုတဲ့ငမိုက်သားကခရစ်တော်နဲ့အတူကားတိုင်မှာသေပြီး၊ခရစ်တော်၌လူသစ်စိတ်သစ်ကိုယ်သစ်အဖြစ်ပြောင်းလဲလာတာဖြစ်ပါတယ်။ဒါကလူဟောင်းဇာတိသေခြင်းပါဘဲ(ရောမ၆:၁၀)။
၄။မယုံကြည်သောကြောင့်ရှင်လျက်နှင့်သေခြင်း
(ရှင်လုကာ ၉:၆၀ယေရှုက၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ။ သင်မူကားသွား၍ ဘုရားသခင့်နိုင်ငံတော်၏ အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ၏။)
လူတစ်ယောက်ကသူ့အဖေကိုသင်္ဂြိုလ်ပြီးမှနောက်တော်လိုက်မယ်လာပြောတာမို့၊ယေရှုကလူသေတွေကဘဲလူသေကိုမြုပ်ပါစေလို့မိန့်ခဲ့ပါတယ်။ဒီမှာပြောတဲ့လူသေတွေကလူသေကိုမြုပ်ပါစေဆိုတာကဘုရားကိုမသိမယုံကြည်တဲ့သူတွေကဘဲသေသွားတဲ့သူကိုမြုပ်ပါစေဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်။တနည်းအားဖြင့်ဘုရားကိုမသိမယုံကြည်တဲ့သူတိုင်းဟာအသက်ရှင်နေပေမဲ့ဘုရားအမြင်မှာသေနေတဲ့သူတွေပါဘဲ။
၅။ငရဲမီးအိုင်၌ထာဝရသေခြင်း
(ဗျာဒိတ်၂၀:၁၄-၁၅ ထိုအခါ မရဏနှင့် မရဏနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ်သတည်း။အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။)
ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်မယုံကြည်လက်မခံတဲ့သူတိုင်း၊ကိုယ်ပြုခဲ့တဲ့မကောင်းမှုတွေကြောင့်ငရဲမီးအိုင်ထဲမှာပစ်ချခံရမှာဖြစ်ပြီး၊ထာဝရသေရမှာဖြစ်ပါတယ်။ဒါဟာနောက်ဆုံးသောသေခြင်းပါ။