ယုံကြည်သူတွေနှစ်မကူးခင်ဒီ(၃)ချက်လုပ်ပါ
ယုံကြည်သူတွေအတွက်နှစ်သစ်ကူးချိန်ကတစ်မူထူးခြားနေတာမျိုးတော့မရှိပါဘူး၊ဒါပေမဲ့နှစ်သစ်ကူးချိန်ကိုအမှီပြုပြီးဘုရားစကားနှလုံးသွင်းဖို့ကတော့အကောင်းဆုံးဖြစ်နေတာပါ။ဒါကြောင့်နှစ်သစ်မကူးချိန်လေးမှာယုံကြည်သူတွေဒီအချက်(၃)ချက်ကိုပြုလုပ်ဖို့တိုက်တွန်းပါတယ်။
၁။ဘုရားဆီအပြစ်ဝန်ချပါ၊လူကိုတောင်းပန်ပါ။
ပြီးခဲ့တဲ့တနှစ်တာလုံးမှာဘုရားစကားနားမထောင်ဘဲအားနည်းခဲ့တဲ့အရာတွေ၊ဘုရားကလုပ်ပါဆိုတာကိုမလုပ်ဘဲ၊မလုပ်နဲ့ဆိုတာကိုလုပ်ခဲ့တာတွေ၊သိသိကြီးနဲ့အပြစ်ပြုမိတာတွေ၊မသိဘဲအပြစ်ပြုမိတာတွေကိုဘုရားသခင်ရှေ့ဝန်ချတောင်းပန်ပါ။အားနည်းချက်အပြစ်တွေကိုနှစ်သစ်ထဲမသယ်သွားပါနဲ့၊နှစ်သစ်ရောက်ရင်ကိုယ်သစ်စိတ်သစ်လူသစ်နဲ့အစပြုလို့ရအောင်ပါ၊ကောင်းချီးအသစ်တွေရအောင်ပါ။တနှစ်သာလုံးမှာကိုယ်ပြစ်မှားမိခဲ့တဲ့လူတွေကိုတောင်းပန်ကျေအေးမှုရယူပါ။ကိုယ်ရဲ့ပြောမှား၊ဆိုမှား၊လုပ်မှားကိုင်မှားမိခဲ့တဲ့အမှားကြောင့်သူတပါးစိတ်နာနေတာကိုနှစ်သစ်ထဲထိမသယ်သွားခိုင်းစေပါနဲ့။နှစ်ဟောင်းမှာဘဲခွင့်လွတ်ခြင်းကိုရယူပါ။မိဘတွေကိုမှားခဲ့တာ၊မိသားစုထဲကလူကိုမှားမိခဲ့တာတွေ၊အသင်းတော်ထဲကလူတွေကိုမှားမိခဲ့တာတွေ၊ပတ်ဝန်းကျင်ကလူတွေသူငယ်ချင်းမိတ်ဆွေတွေကိုမှားမိခဲ့တာတွေအကုန်တောင်းပန်ကျေအေးမှုရယူပါ။သိသိကြီးနဲ့ကောမသိဘဲနဲ့ကောပြစ်မှားမိခဲ့တဲ့လူတွေကိုတောင်းပန်ပါ။
(၁ယော၁း၉တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။)
(သုတ္တံ၂၈း၁၃ မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။ )
၂။ကိုယ့်ကိုပြစ်မှားခဲ့တဲ့လူတွေကိုခွင့်လွတ်လိုက်ပါ။
လူတိုင်းလိုလိုထိပါးစော်ကားတာတွေခံရဖူးမှာပါ၊ဒီလူတွေကိုကျွန်တော်တို့ကမနှစ်သက်ကြပါဘူး၊စိတ်ထဲအလိုလိုချည်နှောင်မိတတ်ပါတယ်။ငါ့ကိုဒီလိုလုပ်ခဲ့တာဆိုပြီးအမုန်းတရားကအမာရွတ်အဖြစ်နှလုံးသားထဲစွဲမြဲနေတာပါ။အဲဒီအမုန်းတရားတွေကဘဲကျနော်တို့ကိုကျိန်ခြင်းအမင်္ဂလာဖြစ်စေတာပါ။ဒါကြောင့်နှစ်သစ်မကူးခင်ကတည်းကစိတ်ထဲချည်နှောင်ထားတဲ့အရာတွေကိုဖြည်ချလိုက်ပါ၊ယေရှုနာမအားဖြင့် ဆုတောင်းပြီးခွင့်လွတ်ဖို့ကြွေးကြော်ဝန်ခံလိုက်ပါ။ယုံကြည်သူတွေသတိထားရမှာကသူများအပြစ်ကိုခွင့်လွတ်မှဘုရားသခင်ကလည်းကျွန်တော်တို့အပြစ်ကို ခွင့်လွတ်မှာဖြစ်တယ်ဆိုတာပါဘဲ။
(မာကု၁၁း၂၆သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူဟု မိန့်တော်မူ၏။)
ဒီအကြောင်းအရာကိုသခင်ယေရှုခရစ်ကိုယ်တိုင်ရှင်မဿဲ၁၈း၂၁-၃၁ ထဲမှာသာဓကတခုပေးခဲ့ပါတယ်။ ခွင့်မလွတ်သောအစေခံကျွန် အကြောင်းပါ။အစေခံကျွန်တစ်ယောက်ဟာသူလိုနေတဲ့အကြွေးတစ်သိန်းကိုမင်းကြီးဆီကခွင့်လွတ်ခြင်းခံရပေမဲ့၊သူ့ကိုသူများလိုနေတဲ့အကြွေးတစ်ရာလေးကိုတော့ခွင့်မလွတ်ပေးခဲ့ဘူး။ဒါကြောင့်ပိုကြီးတဲ့ဒဏ်ခံခဲ့ရတယ်။ယနေ့ကျွန်တော်တို့လည်းအလားတူပါဘဲ၊ကျွန်တော်တို့ရဲ့ကြီးလေးတဲ့အပြစ်ကိုဘုရားသခင်ကခွင့်လွတ်ပေးခဲ့ပြီးပြီ၊ဒါပေမဲ့ကျွန်တော်တို့ကသူများလာပြစ်မှားတဲ့(မပြောပလောက်တဲ့)အပြစ်ကိုခွင့်မလွတ်နိုင်ဘူးဆိုရင်ကြီးမားတဲ့စီရင်ခြင်းခံရပါလိမ့်မယ်။ဒါကြောင့် တစ်နှစ်လုံးမှာကိုယ်ကိုလာပြစ်မှားခဲ့သူ အကုန် နှစ်သစ်မကူးခင်လေးအမြန်ခွင့်လွတ်လိုက်ပါ။ဒါမှနှစ်သစ်ဝင်စားတဲ့အခါငြိမ်သက်ခြင်း၊ကျန်းမာခြင်း၊အဆင်ပြေခြင်း၊ချမ်းသာခြင်းကောင်းချီးတွေရမှာဖြစ်ပါတယ်။အာမင်။
၃။အသက်တစ်နှစ်တိုးပြီမို့ ထာဝရကိုသာ၍မြော့်လင့်ပါ။
နှစ်သစ်ရောက်တိုင်းမှာတခြားဘာတွေပြောင်းလဲတာလဲဆိုတာအတိအကျမပြောနိုင်ပေမဲ့ ၊ လူတိုင်းပြောင်းလဲသွားတာကတော့အသက်တစ်နှစ်တိုးလာတာပါဘဲ။ အသက်ကြီးလာခြင်းအားဖြင့်ယနေ့ကျွန်တော်တို့ဆင်ခြင်မိရမှာက လောကအိမ်ဟာငါ့ရဲ့ထာဝရအိမ်မဟုတ်ဘူးဆိုတာပါ။ဟုတ်ပါတယ်၊သမ္မာကျမ်းစာ (၂ကော၅း၁ ငါတို့မြေအိမ်သည် ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတို့ သိကြ၏။) လို့ဖော်ပြပါတယ်။ ဒါကြောင့်နှစ်သစ်ရောက်လို့အသက်တစ်နှစ်ကြီးတိုင်းမှာ ယုံကြည်သူတွေအတွက်ထာဝရကောင်းကင်စံအိမ်သို့သွားဖို့ပိုနီးလာကြောင်းအထူးဆင်ခြင်ပြီးအသက်ရှင်ရမှာဖြစ်ပါတယ်။
(ဆာလံ၉၀း၁၀အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။)
(ဆာလံ၉၀:၁၂ အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ။ )
နိဂုံး
ယုံကြည်သူတွေနှစ်မကုန်ခင်လုပ်ရမည့်အရာ(၃)မျိုးကတော့
၁။ဘုရားဆီအပြစ်ဝန်ချပါ၊လူကိုတောင်းပန်ပါ။
၂။ကိုယ့်ကိုပြစ်မှားခဲ့တဲ့လူတွေကိုခွင့်လွတ်လိုက်ပါ။
၃။အသက်တာကိုရေတွက်ပြီးထာဝရကိုမြော့်လင့်ပါ။
သင့်အတွက်ကောင်းချီးများနဲ့ပြည့်နက်နေတဲ့နှစ်ဖြစ်ပါစေ ။အာမင်။