ကယ်တင်ခြင်းနဲ့လုပ်ဆောင်မှုသက်သေ
၁။အကျင့်ကောင်းလို့ကယ်တင်ခြင်းရတာမဟုတ်ဘူး၊
ကယ်တင်ခြင်းရလို့အကျင့်ကောင်းလာရတာပါ။
ဒါကြောင့်-ကယ်တင်ခြင်းရပြီဆိုပြီးအကျင့်ဆိုးကနေမပြောင်းလဲဘဲဆက်အသက်ရှင်နေရင်သင်ရထားတဲ့ကယ်တင်ခြင်းဟာအတုဘဲဖြစ်ပါလိမ့်မယ်။
၂။ကောင်းမှုပြုလို့ကယ်တင်ခြင်းရတာမဟုတ်ဘူး၊
ကယ်တင်ခြင်းရလို့ကောင်းမှုပြုတတ်လာတာပါ။
ဒါကြောင့်-ကယ်တင်ခြင်းရပြီဆိုပြီးမ ကောင်းမှုတွေဘဲဆက်လုပ်နေပြီးကောင်းမှုတခုမှမပြုဘဲနေရင်သင်ရထားတဲ့ကယ်တင်ခြင်းဟာအတုဘဲဖြစ်ပါလိမ့်မယ်။
၃။နှစ်ခြင်းခံလို့ကယ်တင်ခြင်းရတာမဟုတ်ဘူး၊
ကယ်တင်ခြင်းရလို့နှစ်ခြင်းခံရတာဖြစ်တယ်။
ဒါကြောင့်-ကယ်တင်ခြင်းရပြီဆိုပြီးနှစ်ခြင်းခံလို့ရရက်သားနဲ့မခံရဲဘဲအမြဲပုန်းနေရင်သင်ရထားတဲ့ကယ်တင်ခြင်းဟာအတုဘဲဖြစ်ပါလိမ့်မယ်။
၄။ကျမ်းစာဖတ်၊ဆုတောင်း၊ဘုရားကျောင်းတက်နိုင်လို့ကယ်တင်ခြင်းရတာမဟုတ်ပါဘူး။ကယ်တင်ခြင်းရထားလို့ကိုကကျမ်းစာဖတ်ချင်လာတာ၊ဆုတောင်းချင်လာတာ၊ဘုရားကျောင်းသွားချင်လာတာပါ။
ဒါကြောင့်-ကယ်တင်ခြင်းရပြီဆိုပြီးကျမ်းစာမဖတ်ချင်၊ဆုမတောင်းချင်၊ဘုရားကျောင်းမသွားချင်ဘဲအမြဲဆက်ဖြစ်နေရင်သင်ရထားတဲ့ကယ်တင်ခြင်းဟာအတုဘဲဖြစ်ပါလိမ့်မယ်။
၅။မိဘကိုရိုသေမှကယ်တင်ခြင်းရတာမဟုတ်ဘူး၊
ကယ်တင်ခြင်းရသူမို့မိဘကိုရိုသေတတ်လာတာပါ။
ဒါကြောင့်-ကယ်တင်ခြင်းရပြီဆိုပြီးမိဘကိုမရိုမသေအမြဲပြုနေရင်သင်ရထားတဲ့ကယ်တင်ခြင်းဟာအတုဘဲဖြစ်ပါလိမ့်မယ်။
၆။အပြစ်မလုပ်ဘဲနေနိုင်လို့ကယ်တင်ခြင်းရတာမဟုတ်ပါဘူး၊ကယ်တင်ခြင်းရလို့အပြစ်မလုပ်တော့တာပါ။
ဒါကြောင့်-ကယ်တင်ခြင်းရပြီဆိုပြီးအပြစ်ကိုအားရပါးရနှစ်နှစ်ခြိုက်ခြိုက်ဆက်လုပ်နေရင်သင်ရထားတဲ့ကယ်တင်ခြင်းဟာအတုဘဲဖြစ်ပါလိမ့်မယ်။
၇။လူတိုင်းကိုသင်ချစ်နိုင်လို့၊ခွင့်လွတ်နိုင်လို့ကယ်တင်ခြင်းရထားတာမဟုတ်ဘူး၊ကယ်တင်ခြင်းရထားလို့လူတိုင်းကိုသင်ချစ်တတ်လာတာ၊ခွင့်လွတ်တတ်လာတာပါ။
ဒါကြောင့်-ကယ်တင်ခြင်းရပြီဆိုပြီးလူတွေကိုခွင့်မလွတ်နိုင်ဘဲဆက်မုန်းနေသေးရင်သင်ရထားတဲ့ကယ်တင်ခြင်းဟာအတုဘဲဖြစ်ပါလိမ့်မယ်။
၈။မူးယစ်ဆေးဝါးရှောင်နိုင်လို့သင်ကယ်တင်ခြင်းရထားတာမဟုတ်ပါဘူး၊ကယ်တင်ခြင်းရလို့မူးယစ်ကျေးကျွန်ကနေလွတ်မြောက်ခွင့်ရလာတာပါ။
ဒါကြောင့်-ကယ်တင်ခြင်းရပြီဆိုပြီးမူးယစ်ဆေးဝါးကိုအားရပါးရနှစ်နှစ်ခြိုက်ခြိုက်ဆက်သုံးနေသေးနေရင်သင်ရထားတဲ့ကယ်တင်ခြင်းဟာအတုဘဲဖြစ်ပါလိမ့်မယ်။
ကယ်တင်ခြင်းဆိုတာ
ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်ရုံနဲ့တင်ရတယ်ဆိုပေမဲ့၊ဒီယုံကြည်ခြင်းဟာစစ်မှန်ကြောင်းအသက်တာပြောင်းလဲမှုနဲ့သက်သေထူရတာဖြစ်ပါတယ်။ကယ်တင်ခြင်းရဖို့အကျင့်နဲ့မဆိုင်ပေမဲ့၊ကယ်တင်ခြင်းရပြီးရင်တော့အကျင့်နဲ့ဆိုင်နေရကြောင်းနားလည်ရပါမယ်။
ရွှေကျမ်းချက်
ဧဖက် ၂:၈-၁၀ ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏။ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာ ဖြစ်သတည်း။ကိုယ်ကုသိုလ်ကြောင့်ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှဝါကြွားစရာအခွင့်မရှိ။အဘယ်ကြောင့်နည်းဟူမူကား၊ငါတို့သည်ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ထိုကောင်းသောအကျင့်တို့၌ငါတို့သည်ကျင်လည်ရမည်အကြောင်း၊ဘုရားသခင်သည်ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။