• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဒါကိုယုံကြည်ခြင်းလို့ခေါ်တယ်

ဆရာရဲမင်း

11 月 20, 2024

ဒါကိုယုံကြည်ခြင်းလို့ခေါ်တယ်

၁။ယုံကြည်တာနဲ့ထာဝရအသက်ရပြီ။
ဒါပေမဲ့အိုခြင်းနာခြင်းသေခြင်းကရှိသေးတယ်၊
၁၀၀%ထာဝရကိုမဝင်စားရသေးဘူး၊
ဒါပေမဲ့ထာဝရအသက်ရပြီဆိုတာယုံကြည်တာ၊
အဲဒါကိုယုံကြည်ခြင်းလို့ခေါ်တယ်။အာမင်။

၂။ယုံကြည်တာနဲ့ကယ်တင်ခြင်းခံရပြီ။
ဒါပေမဲ့လက်ရှိအခက်ခဲပြဿနာကရှိသေးတယ်၊
၁၀၀%ကယ်တင်ခြင်းမဝင်စားရသေးဘူး၊
ဒါပေမဲ့ကယ်တင်ခြင်းရပြီဆိုတာယုံကြည်တာ၊
အဲဒါကိုယုံကြည်ခြင်းလို့ခေါ်တယ်။အာမင်။

၃။ယုံကြည်တာနဲ့အပြစ်ဆေးကြောခံရပြီ။
ဒါပေမဲ့လက်ရှိမှာအားနည်းပြီးအပြစ်ပြုမိနိုင်သေးတယ်၊
၁၀၀%အပြစ်နဲ့ကင်းစင်သွားခြင်းမရှိသေးဘူး၊
ဒါပေမဲ့အပြစ်ဆေးကြောခြင်းခံရပြီဆိုတာကိုယုံတာ၊
အဲဒါကိုယုံကြည်ခြင်းလို့ခေါ်တယ်။အာမင်။

၄။ယုံကြည်တာနဲ့ကျန်းမာခြင်းကတိ‌တော်ခံရပြီ။
ဒါပေမဲ့‌ခေတ္တဘဝမှာဖျားနာတတ်သေးတယ်၊
၁၀၀%ဖျားနာခြင်းနဲ့မကင်းလွတ်သေးဘူး၊
ဒါပေမဲ့ဘုရားသခင်ရဲ့ကုသပေးခြင်းကိုကြိုယုံတာ၊
အဲဒါကိုယုံကြည်ခြင်းလို့ခေါ်တယ်။အာမင်။

၅။ယုံကြည်တာနဲ့ထာဝရကောင်းကင်စည်းစိမ်ချမ်းသာရပြီ။
ဒါပေမဲ့လက်ရှိမှာဆင်းရဲခြင်းတွေရှိနေသေးတယ်၊
၁၀၀%ဆင်းရဲခြင်းနဲ့မကင်းလွတ်သေးဘူး၊
ဒါပေမဲ့ဘုရားပေးတဲ့ချမ်းသာခြင်းကိုကြိုယုံတာ၊
အဲဒါကိုယုံကြည်ခြင်းလို့ခေါ်တယ်။အာမင်။

ယုံကြည်ခြင်းဆိုတာဥပမာ-မန်း‌လေး-ရန်ကုန်ကားပေါ်တက်လိုက်တာနဲ့သတ်မှတ်ချိန်မှာရန်ကုန်ရောက်မယ်ဆိုတာ(မရောက်သေးခင်)ကြိုတင်သေချာတာမျိုး။ကားပေါ်တက်ပြီးရန်ကုန်ရောက်ကောရောက်ပါ့မလား?ဆိုပြီးတွေးပူတာမျိုးမရှိဘူး။တနည်းအားဖြင့်ဒါဟာယုံကြည်ခြင်းပါဘဲ။ဒါကကားနဲ့ကားဆရာကိုယုံကြည်တာမျိုးပေါ့။
သခင်ယေရှုဘုရားကိုယုံကြည်ခြင်းဆိုသည်မှာလည်းဒီအတိုင်းပါဘဲ။မဖြစ်သေးတာကိုဖြစ်ပြီလို့အတည်ပြုတာ၊မရောက်သေးတာကိုရောက်မယ်လို့သေချာတာ၊မရသေးတာကိုရမယ်လို့အကြွင်းမဲ့စိတ်ချတာ။မပြည့်စုံ‌ သေးတာကိုပြည့်စုံမယ်လို့အတိကျယုံကြည်တာ။ဒါယုံကြည်ခြင်းပါဘဲ။အာမင်။

ရမှယုံတာမမှားဘူး၊ဒါပေမဲ့မရခင်ရမယ်လို့ယုံကြည်တာကိုဘုရားပိုနှစ်သက်တယ်။
မြင်မှယုံတာမမှားဘူး၊ဒါ‌ပေမဲ့မမြင်ခင်ယုံကြည်တာကိုဘုရားပိုနှစ်သက်တယ်။
ရောက်မှယုံတာမမှားဘူး၊ဒါပေမဲ့မရောက်ခင်ရောက်မယ်လို့ယုံကြည်တာကိုဘုရားကိုနှစ်သက်တယ်။
ကျန်းမာမှယုံတာမမှားဘူး၊ဒါပေမဲ့မသက်သာခင်သက်သာမယ်လို့ယုံကြည်တာကိုဘုရားပိုနှစ်သက်တယ်။
ချမ်းသာကြွယ်ဝမှယုံတာမမှားဘူး၊ဒါပေမဲ့မချမ်းသာခင်ထာဝရကြွယ်ဝမယ်လို့ယုံကြည်နေတာကိုဘုရားပိုနှစ်သက်တယ်။
ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။

‭‭ဟေဗြဲ၁၁:၁ ယုံ​ကြည်​ခြင်း​သည် မျှော်​လ​င့်​သော​အ​ရာ​တို့​ကို မျက်​မှောက်​ပြု​ခြင်း​ဖြစ်၏။ မ​မြင်​သေး​သော အ​ရာ​တို့​ကို သိ​မှတ်​စွဲ​လမ်း​ခြင်း​အ​ကြောင်း ဖြစ်၏။
‭‭ရှင်ယောဟန် 20:29 ယေ​ရှု​က​လည်း၊ သင်​သည်​ငါ့​ကို​မြင်​သော​ကြောင့် ယုံ​ခြင်း​ရှိ၏။ ငါ့​ကို​မ​မြင်​ဘဲ​ယုံ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏​ဟု မိန့်​တော်​မူ၏။
‭‭ရှင်ယောဟန် 11:40 ယေ​ရှု​က​လည်း၊ သင်​သည်​ယုံ​လျှင် ဘု​ရား​သ​ခင်၏​ဘုန်း​အာ​နု​ဘော်​တော်​ကို မြင်​ရ​လိမ့်​မည်၊ ငါ​ပြော​ပြီ မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။