• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အောက်မေ့ဝတ်ပြုခြင်းဒေသနာ

ဆရာရဲမင်း

12 月 23, 2024

အောက်မေ့ဝတ်ပြုခြင်းဒေသနာ
(အခြေပြုကျမ်း-ဧဖက်၆:၃၊ဟေဗြဲ၁၃:၇၊ယော၃:၁၆)

နိဒါန်း
ယုံကြည်သူခရစ်ယာန်တွေမှာကွယ်လွန်သွားတဲ့မိသားစုဝင်တွေကိုသတိရတဲ့အနေနဲ့အိမ်မှာအမှုတော်ဆောင်တွေကိုပင့်ဖိတ်ပြီး”သေသူကိုအောက်မေ့ခြင်းဝတ်ပြုစည်းဝေး”လုပ်လေ့ရှိတတ်ကြပါတယ်။ဒါပေမယ့်ခရစ်ယာန်တွေလုပ်ကြတဲ့သေသူကိုအောက်မေ့သတိရခြင်းဝတ်ပြုစည်းဝေးဟာသေပြီးသွားသူအတွက်ကောင်းမှုလုပ်ပေးနေတာတော့မဟုတ်ပါ။သေပြီးသူတွေအတွက်ဘာမှလုပ်ပေးလို့လဲမရကြောင်းကျမ်းစာကဆိုထားပြီးသားဖြစ်ပါတယ်။ဒါဆိုရင်ခရစ်ယာန်တွေလုပ်နေကြတဲ့သေသူကိုအောက်မေ့ဝတ်ပြုခြင်းဆိုတာဘာလဲ?အချက်၅ချက်နဲ့ဝေငှချင်ပါတယ်။၁။အသက်ရှင်သောဘုရားကိုကိုးကွယ်ခြင်း၊၂။သေသူကိုသတိရခြင်း၊၃။မိသားစုဝင်တွေကိုခွန်ပေးခြင်း၊၄။ယုံကြည်သူအတွက်သတိပေးစကား၊၅။မယုံကြည်သူကိုသတင်းကောင်းကြားစေခြင်းဘဲဖြစ်ပါတယ်။

၁။ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ခြင်း
ခရစ်ယာန်ယုံကြည်သူတွေဘာအကြောင်းကြောင့်ဘာပွဲညာပွဲလုပ်လုပ်၊ရက်မြတ်တခုခုကိုအမှုပြုပြီးဘာရက်ညာရက်ဘဲလုပ်လုပ်၊အဓိကရဲ့အဓိကဟာဘုရားသခင်ကိုဗဟိုပြုရစမြဲပါဘဲ။ဒါကြောင့်သေသူကိုအောက်မေ့ဝတ်ပြုခြင်းလုပ်ကြတယ်ဆိုတဲ့နေရာမှာလဲအထူးသဖြင့်ဒီအကြောင်းအရာကိုအမှုပြုပြီးဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ချီးမွမ်းကြတာပါဘဲ။ဒါအရေးကြီးသိထားဖို့လိုပါတယ်။သမ္မာကျမ်းစာ၁ကော၆:၁၂-၂၀မှာဘာလုပ်လုပ်ဘုရားဘုန်းထင်ရှားဖို့ဘုရားကိုဗဟိုပြုပါလို့သွန်သင်ထားပါတယ်။ဒါကြောင့်ယုံကြည်သူတွေလုပ်တဲ့သေသူကိုအောက်မေ့ဝတ်ပြုခြင်းဟာအဦးဆုံးဘုရားကိုချီးမွမ်းကိုးကွယ်ခြင်းဖြစ်တယ်ဆိုတာမမေ့သင့်ပါ။

၂။သေပြီးသူကိုသတိရခြင်း
ခရစ်ယာန်ယုံကြည်မှုတရားမှာမိဘကိုရိုသေဖို့အတန်တန်မှာကြားထားပါတယ်၊ဒါဟာအင်မတန်အရေးကြီးကြောင်းလဲထပ်ခါထပ်ခါဖော်ပြထားပြန်ပါတယ်၊ဥပမာဧဖက်၆:၃မှာ”မိဘကို ရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ကောင်းစား၍အသက်တာရှည်မည်အကြောင်းဟူ၍ဂတိတော်နှင့််ဆိုင်သောပဌမပညတ်ဖြစ်၏။”လို့ဆိုထားပါတယ်။ဒါကြောင့်မိဘကိုရိုသေခြင်းဆိုတာခရစ်ယာန်တယောက်အနေနဲ့အင်မတန်အလေးထားရမယ့်အရာတခုပါ။
ဒါပေမယ့်မိဘကိုရိုသေတယ်ဆိုတာမိဘတွေအသက်ရှင်တုန်းရိုသေဖို့ပါ၊သေပြီးသွားတဲ့မိဘတွေအတွက်တော့ကျမ်းစာကသူတို့အတွက်လုပ်ပေးဖို့ဘာတခုမှမသွန်သင်ထားပါဘူး၊ဒါဆိုခရစ်ယာန်ယုံကြည်သူတွေသေသူအတွက်ဘာလုပ်ပေးနိုင်လဲ?အဖြေကတော့ဘာမှမလုပ်ပေးနိုင်ပါဘူး။ဒါပေမယ့်သေသူ့အတွက်မဟုတ်ဘဲအသက်ရှင်နေသူအတွက်လုပ်လို့ရပါတယ်၊ခုလိုအောက်မေ့ခြင်းဆိုတာအသက်ရှင်နေသူတွေအတွက်မိဘကိုသတိရနေကြောင်းအောက်မေ့ခြင်းတခုပါ။သေသူကိုသတိရတယ်လို့ဆိုတဲ့အခါမှာကျမ်းစာ ဟေဗြဲ၁၃:၇မှာ”ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုသင်တို့အားဟောပြော၍၊သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မှီအောင်လိုက်ကြလော့။”ဆိုပြီးသူတို့ရဲ့အသက်ရှင်တုန်းနေထိုင်မှုကိုဆင်ခြင်နှလုံးသွင်းစေဖို့တိုက်သွန်းထားပါတယ်။သူတို့ရဲ့ကောင်းခြင်းကိုနောင်လာနောက်သားတွေသင်ယူတည်ဆောက်ဖို့နဲ့သူတို့ရဲ့အားနည်းခဲ့တာတွေကိုသတိထားရှောင်ရှားဖို့အရေးကြီးပါတယ်။ဒါတွေကိုသားမြေးမြစ်အဆက်ဆက်ပြောပြပြီးနာခံဖို့နဲ့ဆင်ခြင်ဖို့ပါ။ဒါကြောင့်ခရစ်ယာန်တွေလုပ်တဲ့အောက်မေ့ဝတ်ပြုခြင်းသည်သေသူကိုသတိရခြင်းဖြစ်ပြီး၊သူအသက်ရှင်တုန်းမှာသွန်သင်ခဲ့တဲ့အရာတွေသူ့အပြုအမှုတွေကိုသတိရပြီးနာခံလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ဆိုတော့ယနေ့မိသားစုဝင်နဲ့ပရိတ်သတ်များအနေနဲ့ဖခင်ဦး—အသက်ရှင်နေတုန်းဆုံးမဩဝါဒနဲ့လုပ်ကိုင်ခဲ့တဲ့အရာကိုအမြဲအောက်မေ့ဖို့လိုပါတယ်၊ကောင်းတာဆောင်ပြီးမကောင်းတာရှောင်ဖို့လိုပါတယ်။

၃။မိသားစုတွက်နှစ်သိမ့်ခြင်း
တရုတ်စကားပုံတခုရှိပါတယ်”လူ့ဘဝမှာမပြီးတဲ့ပွဲဆိုတာမရှိဘူး”တဲ့။ဆိုလိုချင်တာကလူတိုင်းမှာရှင်ကွဲခွဲခဲ့ရသူရှိသလိုသေကွဲခွဲကြရသူတွေလဲရှိစမြဲဖြစ်ပါတယ်။ဒါကြောင့်ယနေ့အသက်ရှင်နေသေးသူတွေအတွက်ဒီအရာကိုလက်ခံပြီးနားလည်ဖို့လိုပါတယ်။အသက်ရှင်နေတဲ့အချိန်မှာစိတ်ဆင်းရဲခြင်းနဲ့ကျော်ဖြတ်ခြင်းထက်ရိုးသားကြိုးစားပျော်ရွှင်စွာရှေ့လျှောက်ဖို့လိုအပ်ပါတယ်။သေသူကတော့သေခဲ့ပါပြီ၊ဒီနေ့ဘုရားသခင်စိတ်ဝင်စားတာကအသက်ရှင်နေတဲ့သင့်ကိုပါ၊ယနေ့ယုံကြည်သူမိသားစုဝင်တွေအနေနဲ့သေပြီးသူအတွက်လွမ်းစွတ်လို့ရပေမယ့်
လွမ်းလွန်ပြီးစိတ်ဆင်းရဲနေဖို့မဟုတ်ပါ၊ဘဝကိုအကောင်းမွန်ဆုံးနေထိုင်အသက်ရှင်ဖို့သာဖြစ်ပါတယ်။

၄။ယုံကြည်သူအတွက်သတိပေးစကား
၁ပေ၄:၁၇မှာ”ဘုရားသခင်၏အိမ်တော်သားတို့ကိုရှေဦးစွာစစ်ကြောစီရင်ရသောအချိန်ရှိပြီ။”လို့ဖော်ပြထားပါတယ်။ယနေ့ယုံကြည်သူအားလုံးအတွက်ကျမ်းစာကသတိပေးစကားပြောထားပါပြီ၊ယနေ့ကျွန်တော်တို့အသက်ရှင်နေထိုင်တဲ့အခါမှာတမလွန်အတွက်အဆင်သင့်ဖြစ်နေပြီလား?တနေ့ကျရင်ခုလိုအောက်မေ့ခံသူဟာသင်နဲ့ကျွန်ုပ်အလှည့်ရောက်လာပါလိမ့်မယ်။ဒါကြောင့်အသက်ရှင်တုန်းအမြဲဆင်ခြင်နှလုံးသွင်းပါ။မိမိယုံကြည်ထားတဲ့သမ္မာတရားတိုင်းအသက်ရှင်နေပြီလားဆိုတာအချိန်ပြည့်ဆန်းစစ်ဖို့လိုပါတယ်။

၅။မယုံကြည်သူများအတွက်သတင်းစကား
ရှင်ယောဟန်ခရစ်ဝင်၃:၁၆မှာ”ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်း သို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ “လို့ကျမ်းစကားရှိပါတယ်။
ယနေ့ချစ်သောမိသားစုဝင်နဲ့ဓမ္မမိတ်ဆွေများအတွက်ပါးချင်တဲ့သတင်းစကားလေးကတော့ဘုရားတွေရဲ့သခင်ဖြစ်ပြီးထာဝရမပြောင်းမလဲတည်ရှိနေတဲ့ထာဝရဘုရားသခင်တည်ရှိကြောင်းဖြစ်ပါတယ်။ဒီဘုရားသခင်ဟာအရာခပ်သိမ်းကိုဖန်ဆင်းသလိုလူကိုလဲဖန်ဆင်းခဲ့သူပါ။ဒါပေမယ့်လူတွေဟာဘုရားစကားနားမထောင်ဘဲအပြစ်လုပ်ခဲ့လို့သေခြင်းထဲကျဆုံးသွားခဲ့ရပါတယ်။ဒီနေရာမှာဘုရားသခင်ကလူတွေကိုသူ့စကားနားထောင်အောင်ဖန်ဆင်းလို့မရဘူးလားဆိုတော့ဖန်ဆင်းလို့ရပါတယ်၊ဒါပေမယ့်ဘုရားသခင်ကလူကိုကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်မရှိတဲ့စက်ရုပ်တရုပ်လိုမဖြစ်စေချင်ခဲ့ပါဘူး။သူ့စကားယတိပျက်နားထောင်မယ့်အရာဘုရားအများကြီးဖန်ဆင်းခဲ့ပါပြီ၊ဥပမာသစ်ပင်တွေ၊ဂဲလုံးတွေ…စသဖြင့်၊ကိုယ်ပိုင်ရွှေးချယ်ခွင့်မရတဲ့သက်ရှိသက်မဲ့အများကြီးပါဘဲ၊ဒါတွေဟာဘုရားစီရင်ထားတဲ့အတိုင်းပြောင်းလဲနေရကြတာပါဘဲ။ဒါပေမယ့်လူကိုဖန်ဆင်းတဲ့အခါအခြားဖန်ဆင်းခံနဲ့မတူတဲ့အရာတခုထည့်ပေးခဲ့ပါတယ်၊အဲဒါကတော့လွတ်လပ်ခြင်းပါ။ဒါကြောင့်လူတွေဟာကိုယ်ပိုင်ရွှေးချယ်မှုရှိခဲ့တဲ့အတွက်ကြောင့်အပြစ်လုပ်မိခဲ့ကြတာပါ။ကျမ်းစာရောမဩဝါဒစာမှာအပြစ်ရဲ့အခဟာသေခြင်းလို့ဆိုထားတာကြောင့်လူတွေဟာသေခြင်းသုံးမျိုးဖြစ်တဲ့ဘုရားနဲ့ဝေးကွာရခြင်း၊ခန္ဓာသေခြင်းနဲ့ထာဝရငရဲမှာဒုတိယသေခြင်းဆိုပြီးရင်ဆိုင်လာခဲ့ကြတာပါ။ယနေ့သင်နဲ့ကျွန်တော်လဲသေတတ်လာတာပါဘဲမိတ်ဆွေ၊ဒါပေမယ့်ဘုရားသခင်ဟာလူတိုင်းကိုချစ်တဲ့အတွက်ကြောင့်သားတော်ယေရှုခရစ်ကိုအပြစ်သားအတွက်စေလွတ်ခဲ့ပါတယ်။ယေရှုခရစ်တော်ဟာလူသားတွေကိုအပြစ်သေခြင်းကနေကယ်တင်ဖို့လူ့ဇာတိခံခဲ့ပါတယ်၊လူလိုနေထိုင်ကြီးပြင်းခဲ့ပြီးအသက်၃၀မှာစတင်တရားဟောပါတယ်၊သုံးနှစ်ကြာတဲ့အခါမှာလူသားတိုင်းအတွက်လက်ဝါးကားတိုင်ထက်မှာအသေခံခဲ့ပါတယ်၊ဒီလိုဘဲသေသွားပြီလားဆိုတော့မဟုတ်သေးပါဘူး၊သေပြီးသုံးရက်မြောက်နေ့မှာရှင်ပြန်ထမြောက်ခဲ့ပါတယ်။ရှင်ပြန်ထမြောက်သွားတဲ့သခင်ယေရှုကဒီလိုစကားပြောခဲ့ပါတယ်၊”ငါဟာလမ်းခရီးဖြစ်တယ်၊သမ္မာတရားဖြစ်တယ်၊အသက်လဲဖြစ်တယ်၊ငါ့ကိုယုံကြည်သောသူမှန်သမျှသေရင်လဲငါ့လိုအသက်ရှင်လာလိမ့်မယ်”လို့ကတိပေးခဲ့ပါတယ်။ခုနဖတ်သွားတဲ့ကျမ်းချက်အရယနေ့အပြစ်သားဖြစ်တဲ့လူသားတိုင်းမိမိအပြစ်အတွက်နောင်တရပြီးယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံလိုက်တာနဲ့ထာဝရအသက်ဖြစ်တဲ့ကယ်တင်ခြင်းကိုပေးနေပါပြီမိတ်ဆွေ။တကယ်တမ်းတော့လောကမှာရှိတဲ့ဘာသာတိုင်းဟာကောင်းပါတယ်၊ကောင်းတာလုပ်ဖို့သွန်သင်တာချည်းမို့ပါ။ဒါပေမယ့်မကောင်းနိုင်ဘဲဖြစ်နေတဲ့တရားခံဟာသင်နဲ့”လူ”ဖြစ်ပါတယ်၊ဘာသာတရားကဘယ်လောက်ကောင်းအောင်သွန်သင်ပေမယ့်သင်နဲ့ကျွန်တော်ကကောင်းအောင်မကျင့်နိုင်ကြဘဲဖြစ်နေတတ်ပါတယ်၊ကုသိုလ်တပဲငရဲတပိဿာဖြစ်နေတတ်ပါတယ်။ကောင်းတာလုပ်လို့ကောင်းတာရောက်မယ်ဆိုရင်တောင်ကျွန်တော်တို့ကောင်းရာရောက်နိုင်မှာမဟုတ်ပါ။ဒါကိုဘုရားသခင်သိလို့မိတ်ဆွေအတွက်သားတော်ယေရှုကိုစေလွတ်ခဲ့တာပါမိတ်ဆွေ၊လုပ်ချင်ပေမယ့်မလုပ်နိုင်မကျင့်နိုင်ဖြစ်နေတဲ့လူသားတိုင်းအတွက်ဘုရားသခင်ရဲ့ကယ်တင်ခြင်းဟာအခမဲ့ဖြစ်ပါတယ်၊သင်နောင်တရပြောင်းလဲပြီးယေရှုကိုယုံကြည်လက်ခံလိုက်တာနဲ့သင့်အကုသိုလ်တွေအပြစ်ဝဠ်ကြွေးတွေအကုန်စင်အောင်ဘုရားသခင်ကဆေးကြောပေးပါလိမ့်မည်။ဒါဟာယနေ့ယေရှုကိုမယုံကြည်သေးသူအတွက်အထူးပြောပေးချင်တဲ့သတင်းကောင်းဘဲဖြစ်ပါတယ်။

နိဂုံး
ချစ်သောညီကိုမောင်နှမမိတ်ဆွေတို့၊ယနေ့အောက်မေ့ခြင်းဝတ်ပြုစည်းဝေးအစီအစဉ်ဟာမိသားစုဝင်တွေအတွက်ဖခင်ကိုသတိရအောက်မေ့လွမ်းဆွတ်ကြသလိုဖခင်ရဲ့ဆုံးမဩဝါဒကိုပြန်လည်အောက်မေ့နာခံခြင်းဖြစ်ပါတယ်၊ဒီလမ်းကိုလူတိုင်းတရက်ကျရင်သွားရမှာဖြစ်ကြောင်းနှလုံးသွင်းမိစေဖို့နဲ့ယနေ့ယုံကြည်သူတွေအမြဲတမ်းရယ်ဒီဖြစ်နေဖို့လိုကြောင်းသတိပေးနေတာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့မယုံကြည်သေးတဲ့မိသားစုဝင်နဲ့ဓမ္မမိတ်ဆွေတွေအတွက်သတင်းကောင်းပါးခဲ့တာပါ၊-ဘုရားသခင်သင့်ကိုချစ်တယ်၊သင့်ကိုကယ်တင်ချင်တယ်၊ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံလိုက်တာနဲ့သင်လွတ်မြောက်ခြင်းကိုခံစားရမှာဖြစ်ကြောင်းပြောကြားရင်းနိဂုံးချုပ်လိုက်ရပါတယ်။နားဆင်သူအယောက်စီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။